အစိုးရဝန်ထမ်းများ လစာတိုးခြင်းနှင့် သင်္ကြန်အပြီး ကုန်ကြမ်းအဝင်နည်းနေခြင်းကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ တက်လာ

အစိုးရဝန်ထမ်းများ လစာတိုးခြင်းနှင့် သင်္ကြန်အပြီး ကုန်ကြမ်းအဝင်နည်းနေခြင်းကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ တက်လာ
Published 19 April 2015
အေးမြတ်မွန်၊ ရန်မျိုးအောင်

၂၀၁၅ ခုနှစ် အစိုးရဝန်ထမ်းများ လစာတိုးခြင်းနှင့် သင်္ကြန်ပြီး ကုန်ကြမ်းအဝင် နည်းခြင်းကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ ဈေးတက်လာကြောင်း အခြေခံစားသောက်ကုန် ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။အခြေခံလစာများကို ယခုနှစ် ဧပြီလကုန်မှ စတင်ကာ တိုးမြှင့်မည်ဟု နိုင်ငံတော်မှ ထုတ်ပြန်ကြေညာပြီးသည့် နောက်ပိုင်းတွင် ယခုကဲ့သို့ ကုန်ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်။“အခုက လစာက မတိုးရသေးဘူး။ ဈေးက ဧပြီလဆန်းပိုင်းကတည်းကနေ စတက်နေပြီး ဟင်းသီးဟင်းရွက်တွေကအစ အရင်ထက် ၁၀၀၊ ၂၀၀ လောက် တက်လာတယ်။ လစာတက်မယ် အသံကြားတာနဲ့ ကုန်ဈေးနှုန်းက တက်လာတာ။ အခုတော့ သင်္ကြန်ပိတ်ရက်ကလည်း ရှိနေတော့ ကုန်ကြမ်းရှားနေတဲ့ အချိန်ကော တိုက်ဆိုင်နေတာရော ဈေးကတက်နေတုန်းပဲ” ဟု ရန်ကုန်မြို့တွင်းနေ အစိုးရဝန်ထမ်း အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်စိုးစိုးက ဆိုသည်။လက်ရှိတွင် အခြေခံစားသောက်ကုန်စည် ဈေးနှုန်းများမှာ လက်လီဈေးနှုန်း ဆီတစ်ပိဿာလျှင် ပဲဆီ ၃၅၀၀ ကျပ်၊ ယခင် ၃၂၀၀ ကျပ်၊ ဆန်တစ်ပြည်လျှင် ယခင်ဈေးနှုန်းထက် ၂၀၀ ကျပ်စီ ထပ်မံတိုးမြင့်သွားခြင်းဖြစ်သည်။“အခုက ကုန်ကြမ်းရှားပါးနေတဲ့ ကာလလည်း ဖြစ်တယ်။ ငါးကုန်ကြမ်းတွေမဝင်လို့ ငါးရှားနေတယ်။ ကြက်သားကတော့ အဝင်ရှိပြီး အဝယ်များနေတော့ ကြက်သားဈေးက တက်တယ်။ အသားတိုးကြက်က အရင်က တစ်ပိဿာကို ၃၆၀၀ ကနေ အခု ၄၀၀၀ ဈေးလောက်ရှိတယ်။ နောက်ရက်ပိုင်းတွေဆိုရင် ကြက်ဈေးက ပြန်ကျနိုင်တယ်” ဟု မြန်မာနိုင်ငံ အသားတိုးကြက် မွေးမြူထုတ်လုပ်သူများ အသင်းမှ ဥက္ကဋ္ဌ ဒေါ်လှလှသိန်းက ပြောကြားသည်။ယခု လက်ရှိမြင့်တက်လျက်ရှိသည့် အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ ဆန်၊ ငါး၊ ကြက်သား၊ ဝက်သားနှင့် အခြေခံစားသောက်ကုန်များဖြစ်ပြီး စီပီကြက်သား လက်လီဈေးနှုန်းများမှာ ယခင်က တစ်ပိသာလျှင် ၆၀၀၀ မှ ယခု ကျပ် ၈၀၀၀၊ မြန်မာကြက် တစ်ပိဿာလျှင် ၈၀၀၀ မှ ယခု ကျပ် ၉၀၀၀၊ ဆန်တစ်ပြည်လျှင် ယခင်ဈေးနှုန်းထက် ၂၀၀ ကျပ်စီ မြင့်တက်လာပြီး ငါးမြစ်ခြင်း တစ်ပိဿာ လျှင် ကျပ် ၃၀၀၀ မှ ယခု ကျပ် ၅၀၀၀၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ယခု ကျပ် ၆၀၀၀၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် ကျပ် ၉၀၀၀ မှ ယခု ကျပ် ၁၂၀၀၀ ထိ မြင့်တက်လာကြောင်း လက်လီဈေးကွက်အတွင်းမှ သိရသည်။“အခု ငါးကုန်ကြမ်းတွေက သိပ်မဝင်သေးဘူး။ စဖွင့်ရုံပဲရှိသေးတော့ ဈေးတွေက ပုံမှန်မဖြစ်သေးဘူး။ ငါးဈေးတွေက ကုန်ကြမ်းပြန်လာမယ် ဆိုရင်တော့ ဈေးပုံမှန် ပြန်ဖြစ်ပါမယ်” ဟု ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးမှ ငါးအဝယ်ဒိုင်တစ်ဦးဖြစ်သူ ကိုမင်းနိုင်က ပြောပြသည်။ငါး၊ ပုစွန်ဈေးနှုန်းများမှာ ကုန်ကြမ်းရရှိမှုအပေါ် မူတည်ကာ အပြောင်းအလဲရှိကာ ငါးပိ၊ ငါးခြောက်များနှင့် သဘာဝမှရရှိသည့် ရေငံငါးပုစွန်အချို့မှာ သင်္ကြန်ကာလအလွန်တွင် ကုန်ကြမ်းရရှိမှု အဝင်နည်းပါးသဖြင့် ဈေးနှုန်းများ မြင့်မားနိုင်ကြောင်း သိရသည်။အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ ၂၀၁၃ ခုနှစ် လစာတိုးပြီးသည့် နောက်ပိုင်းတွင် တစ်ကြိမ်မြင့်တက်ခဲ့ပြီး ယခု ၂၀၁၅ ခုနှစ် လစာတိုးရာတွင် ကုန်ဈေးနှုန်းများ မြင့််တက်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent