နိုင်ငံခြားဖြစ်ဝိုင်များ တင်သွင်းခွင့်ပြုရာတွင် တင်သွင်းမည့်ဝိုင်၏ အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်းမှာ ခုနစ်မှ ၂၀ အတွင်း ရှိရမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းနှင့် လေကြောင်းမှသာ တင်သွင်းခွင့် ပြုမည်

နိုင်ငံခြားဖြစ်ဝိုင်များ တင်သွင်းခွင့်ပြုရာတွင် တင်သွင်းမည့်ဝိုင်၏ အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်းမှာ ခုနစ်မှ ၂၀ အတွင်း ရှိရမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းနှင့် လေကြောင်းမှသာ တင်သွင်းခွင့် ပြုမည်
Published 19 April 2015
ချမ်းမြေ့သူ

နိုင်ငံခြားဖြစ်ဝိုင်များအား တင်သွင်းခွင့်ပြုရာတွင် တင်သွင်းမည့်ဝိုင်၏ အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်းမှာ ၇ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း ရှိရမည်ဖြစ်ပြီး ပင် လယ်ရေကြောင်းနှင့် လေကြောင်းမှသာ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် လက်ရှိပြောင်းလဲ တိုးတက်လာသည့် အခြေအနေအရ နိုင်ငံခြားသားဝင်ရောက်မှု များပြားလာခြင်း၊ ပြည်တွင်း ဈေးကွက်လိုအပ်ချက် ရှိလာခြင်းတို့ကြောင့် နိုင်ငံခြားဖြစ် ဝိုင်အမျိုးမျိုးကို ပြည်ပမှ တရားဝင်တင်သွင်းခွင့် ပြုလိုက်ကြောင်း သိရသည်။
တရားဝင် တင်သွင်းခွင့်ကို ၂၀၁၅  ခုနှစ် မတ် ၁၇ ရက်မှစ၍  အမိန့်ကြေညာစာအမှတ် ၁၈/၂၀၁၅ ဖြင့် ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ပြီး ပြည်ပမှတင်သွင်းခွင့်မပြုသည့် ကျန်ပစ္စည်းများကိုလည်း ပြည်တွင်းဈေးကွက် လိုအပ်ချက် အခြေအနေများအပေါ် မူတည်ပြီး အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲ သင့်သည်များကို ပြင်ဆင်ဆောင်ရွက်ခွင့်ပြုမည် ဆိုသည့်အချက်လည်း ပါဝင်ကြောင်း သိရသည်။
ဝိုင်ကို တရားတင်သွင်းခွင့် လျှောက်ထားလိုသူများသည် သတ်မှတ်စည်းကမ်းချက် ကိုးချက်ကို လိုက်နာရမည်ဖြစ်ပြီး အဆိုပါအချက်များထဲတွင် ဝိုင်ပုလင်းတိုင်းတွင် ပြည်တွင်းအခွန်၏ Tax Paid အမှတ် တံဆိပ်ကပ်ပြီးမှသာ ဖြန့်ချိရမည်ဖြစ်ကြောင်း၊ ပင်လယ်ရေကြောင်းနှင့် လေကြောင်းမှသာ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း၊ တင်သွင်းလာသည့်ဝိုင်များ၏ Country of Origin ကို တစ်ပါတည်း ထည့်သွင်းဖော်ပြရမည် ဖြစ်ကြောင်းနှင့် တင်သွင်းဝိုင်၏ အယ်လ်ကိုဟော ပါဝင်မှုရာခိုင်နှုန်း ခုနစ်ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း ရှိရမည်ဖြစ်ကြောင်း စသည့်အချက်များ ပါဝင်သည်။
ဝိုင်တင်သွင်းခွင့် ရရှိပြီးနောက် ပြည်တွင်း ဖြန့်ဖြူးရောင်းချခြင်း၊ ဆိုင်ဖွင့်လှစ်ခြင်းတို့အတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စည်ပင်သာယာရေး ကော်မတီများ၏ ဥပဒေစည်းမျဉ်း လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက် ရမည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းများကို လိုက်နာခြင်း ရှိ မရှိ အခါအားလျော်စွာ စစ်ဆေးခြင်းကို ခံယူရမည် ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ ရှိရပါက တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။                          

Most Read

Most Recent