၂၀၁၅ ခုနှစ် အာဆီယံ လူထုဖိုရမ် (ASEAN People's Forum) ကို ယခုလ ၂၂ ရက်မှ ၂၄ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပြုလုပ်မည်ဖြစ်ရာ မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည်များ အပါအဝင် ပြည်တွင်းပြည်ပမှ မြန်မာကိုယ်စားလှယ် တစ်ရာကျော် တက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အာဆီယံဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အလုပ်အဖွဲ့မှ သိရသည်။မြန်မာနိုင်ငံ အာဆီယံဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အလုပ်အဖွဲ့က ကမကထပြုမှုဖြင့် အာဆီယံ လူထုဖိုရမ်သို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၆၀ ပါဝင်တက်ရောက်ရန် မှတ်ပုံတင်ထားပြီး မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာတိုင်းရင်းသား ဒုက္ခသည် ၅၀ လည်း ပါဝင်တက်ရောက်ရန် မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း အဆိုပါ အလုပ်အဖွဲ့မှ ဦးဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။မြန်မာနိုင်ငံတွင်းမှ တက်ရောက်မည့် ကိုယ်စားလှယ်များတွင် မြန်မာနိုင်ငံ အာဆီယံဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အလုပ်အဖွဲ့ဝင် ၁၀ ဦးနှင့် တိုင်းရင်းသား ပြည်နယ်ကိုယ်စားပြု ကိုယ်စားလှယ်များ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများနှင့် HIV ဝေဒနာရှင်များ၊ မသန်စွမ်း လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ် အစရှိသဖြင့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။တိုင်းရင်းသားကိုယ်စားပြုအဖြစ် တက်ရောက်နိုင်မည့် ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရန် အတွက်လည်း အလုပ်အဖွဲ့ အနေဖြင့် ၂၀၁၅ မတ်လလယ်တွင် မြစ်ကြီးနား၊ ဟားခါး၊ စစ်တွေ၊ မော်လမြိုင်၊ ရန်ကုန်နှင့် မန္တလေး စသည့်မြို့နယ်များ၌ အာဆီယံနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ ၂၀၁၅ အာဆီယံ လူထုဖိုရမ်တွင် ၂၀၁၄ ဒီဇင်ဘာက ပြုလုပ်ခဲ့သော ဒုတိယအကြိမ် မြန်မာလူထုဖိုရမ်မှ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တင်ပြချက်အချို့ကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ အနေဖြင့် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ၂၀၁၄ ခုနှစ်က ပထမအကြိမ် အာဆီယံ လူထုဖိုရမ် ပြုလုပ်ခဲ့ပြီး ထိုစဉ်က အာဆီယံနိုင်ငံ အသီးသီးမှ ကိုယ်စားလှယ် ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ဧပြီ ၂၂ ရက်မှ ၂၄ ရက်အထိ မလေးရှားနိုင်ငံ၌ ပြုလုပ်မည့် ၂၀၁၅ အာဆီယံ လူထုဖိုရမ်သို့ ပြည်တွင်း၊ ပြည်ပမှ မြန်မာကိုယ်စားလှယ် တစ်ရာကျော် တက်ရောက်မည်















