ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား ထူးကုမ္ပဏီသို့ ငှားရမ်းထားသည့်နှုန်းမှာ နည်းပါးသည်ဟု ဝေဖန်ခြင်းကြောင့် ယခင် တစ်နှစ် ကျပ်သိန်း ၇၀၀ မှ ယခု ကျပ်သိန်း ၇၇၀ သို့ တိုးမြှင့်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား ထူးကုမ္ပဏီသို့ ငှားရမ်းထားသည့်နှုန်းမှာ နည်းပါးသည်ဟု ဝေဖန်ခြင်းကြောင့် ယခင် တစ်နှစ် ကျပ်သိန်း ၇၀၀ မှ ယခု ကျပ်သိန်း ၇၇၀ သို့ တိုးမြှင့်
Published 19 April 2015
ကျော်ထင်

ထူးကုမ္ပဏီသို့ ငှားရမ်းထားသည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခအား ယခင်တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ မှ ယခုဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၇၇၀ သို့ တိုးမြှင့်လိုက်ကြောင်း သိရသည်။ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ငှားရမ်းပြီး ဝန်ဆောင်မှုပေးရန် ရည်ရွယ်ချက်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက ထူးထရိတ်ဒင်းကုမ္ပဏီသို့ ၂၀၁၁ ခုနှစ် မတ် ၂၈ ရက်တွင် နေပြည်တော်၌ ငှားရမ်းခြင်းစာချုပ် ချုပ်ဆိုငှားရမ်းခဲ့ပြီး ငှားရမ်းသည့်ကာလမှာ ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်အထိ ၁၀ နှစ်ဖြစ်ကာ နှစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆိုကြောင်း သိရသည်။                ဧကများစွာ ကျယ်ဝန်းသော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ ဖြင့် ငှားရမ်းခဲ့ရာ ယင်းပမာဏမှာ နည်းပါးကြောင်း၊ ကန်တော်ကြီးအတွင်းရှိ ရေချိုငါးဥယျာဉ်ကဲ့သို့ နေရာကျဉ်းကျဉ်းကိုပင် ငှားရမ်းခ ကျပ်သိန်း ၁၂၀၀ ရရှိနေကြောင်း ၂၀၁၄ ခုနှစ် ဧပြီ ၂၉ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဗဟန်းမြို့နယ်မဲ ဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဝေဖန်ခဲ့ပြီး နှုန်းထားအား တိုးမြှင့်၍ စာချုပ်သစ်ပြင်ဆင် ချုပ်ဆိုရန် တောင်းဆိုခဲ့သည်။သို့သော် ထိုစဉ်က တိရစ္ဆာန်ဥယျာဉ်အား ငှားရမ်းထားသည့် စာချုပ်မှာ နှစ်နှစ်စာချုပ် ချုပ်ဆိုထားပြီးဖြစ်၍ ပြန်လည်ပြင်ဆင်၍ မရနိုင်ဘဲ ၂၀၁၅ ခုနှစ် ဧပြီတွင် အသစ်ချုပ်ဆိုမည့် စာချုပ်သစ်မှသာ တိုးမြှင့်နိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့ပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍ လက်ရှိငှားရမ်းခ၏ ၁၀ ရာခိုင်နှုန်းထက် မပိုသော နှုန်းထားသာ တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လွှတ်တော်တွင် ပြောကြားခဲ့သည်။သို့ဖြစ်၍ ယခုဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၇၀၀ ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော ကျပ်သိန်း ၇၀ တိုးမြှင့်ကာ ကျပ်သိန်း ၇၇၀ ဖြစ်သွားခြင်းဖြစ်သည်။သို့သော် တစ်နှစ် ကျပ်သိန်း ၇၀ တိုးမြှင့်ခြင်းမှာ လစဉ်အနေဖြင့် တွက်ချက်ပါက တစ်လလျှင် ကျပ် ၆၀၀၀၀၀ ခန့်သာတိုးပြီး ယင်းပမာဏမှာ နည်းပါးနေသေးကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆိုသည်။၎င်းက “ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၁၀ ရာခိုင်နှုန်းပဲ တိုးလို့ရတယ်ဆိုပြီး ပြောတာဟာ ဘယ်စည်းမျဉ်းတွေနဲ့ တိုင်းတာပြီး ပြောလဲဆိုတာတော့ မသိဘူး။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က အကျယ်ကြီးပဲ။ အခုတိုးတဲ့ နှုန်းထားကလည်း နည်းတယ်လို့ ပြောရဦးမှာပါ။ ဒီထက်အများကြီး ပိုရသင့်တယ်။ အစိုးရအနေနဲ့ ရငွေတွေ အပိုင်းတွေကို စနစ်တကျ မလုပ်ခဲ့လို့ ဘတ်ဂျက်မှာလိုငွေတွေ အများကြီး ပြနေပါတယ်” ဟု ပြောကြားသည်။ထူးကုမ္ပဏီအနေဖြင့် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အပြင် ရန်ကုန်မြို့ရှိ လှော်ကားဥယျာဉ်၊ နေပြည်တော် တိရစ္ဆာန်ဥယျာဉ်တို့ကိုလည်း ငှားရမ်းခွင့် ရရှိထားကြောင်း သိရသည်။ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိလာပြီဖြစ်သည်။    

Most Read

Most Recent