မညီမျှခြင်း၏ရလဒ်

မညီမျှခြင်း၏ရလဒ်
Published 18 April 2015
ကိုသိန်း (ကျောက်ကြီး)

“ နိုင်င်ငံ့ဝန်ထမ်းဆိုတာ တစ်ပြေးညီ ထားရမှာလေ။ လူတန်းစားကွာဟချက် များလာတာပေါ့။ ကွာဟချက်တွေ ပိုများလာမယ်။ တပ်မတော်နဲ့ အရပ်ဘက် ကွာဟချက်တစ်ခု ဖြစ်လာမယ်။ နောက်တစ်ခုက အရပ်ဘက်ဝန်ထမ်းနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တို့နဲ့ ကွာဟချက် ဖြစ်လာမယ်။ အနည်းဆုံး သုံးခုဖြစ်လာမယ်။ လူတန်းစားကွာဟတဲ့ဥစ္စာ အဆိုးဆုံးပဲ။ လူတန်းစား ကွာဟလာရင် ဒါအကုန်လုံး ပြည်သူတွေပဲလေ။ ပြည်သူတွေ အလွှာသုံးလွှာဖြစ်သွားမယ်။ တစ်လွှာနဲ့တစ်လွှာ လစာမတူတဲ့အတွက်ကြောင့် လစာနဲ့ လူကို အတန်းအစား ခွဲပစ်လိုက်တယ်။ အဲ့ဒီ အခြေခံပေါ်မူတည်ပြီး မတူဘူး၊ မတန်ဘူးဆိုတာဖြစ်လာရင် ဒါ လူတန်းစားကွာဟမှုကနေ တစ်ဆင့် သွေးခွဲမှုတွေ၊ သွေးကျဲလာမှာပေါ့” လို့ သတင်းဂျာနယ်တစ်စောင်မှာ နိုင်ငံ့ဝန်ထမ်းတွေ လစာတိုးပေးခြင်းနဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုး က သုံးသပ်ပြောဆိုသွားတာကို ဖတ်လိုက်ရပါတယ်။
 
စာရေးသူတို့နိုင်ငံမှာ လူတန်းစားကွာဟချက် ကြီးမားနေတာကြာပါပြီ။ အရင်က လူတန်းစား သုံးမျိုးသုံးစား ရှိခဲ့ပေမယ့် ယနေ့အချိန်အခါမှာတော့ စားစရာနေစရာမရှိတဲ့ အခြေခံအောက် ခြေလူတန်းစားနဲ့ ထားစရာနေရာမရှိအောင် ချမ်းသာကြွယ်ဝနေကြတဲ့ အထက်တန်းလွှာ လူတန်းစားနှစ်ရပ်ပဲ ရှိပါတော့တယ်။ ဒီနေ့ ဒီအချိန်အခါမှာ အခြေခံလူတန်းစားတစ်ရပ်ရဲ့ ဘဝတွေဟာ တစ်နေ့တခြား ရပ်တည်ဖို့ ခက်ခဲနေပါတယ်။ နိုင်ငံအတွင်းမှာ ရာခိုင်နှုန်း ၇၀ သော ပြည်သူတွေဟာ စားဝတ်နေရေးသုံးပါးဒဏ်ကို အလူးအလဲခံနေရချိန်မှာ အစိုးရက ဝန်ထမ်းတွေကို လူနေမှုမြင့်မားလာရေးအတွက် သက်သာချောင်ချိရေးတွေ ပြုလုပ်ပေးရမယ့်အစား ယခုလို လစာတိုးပေးလိုက်ခြင်းဟာ အခြေခံအောက်ခြေလူတန်းစား ပြည်သူအများစုအတွက်တော့ ရိုက်ခက်လာမယ့် အခြေခံစား သောက်ကုန်ဈေးနှုန်းဒဏ်၊ အခြားမမျှော်လင့်ထားတဲ့ လူမှုဒုက္ခအမျိုးမျိုးရဲ့ဒဏ်တွေကို မလွဲမသွေ ခံစားကြရတော့မှာ ဖြစ်ပါတယ်။ ပမာအားဖြင့် ရွှေပြည်သာစက်မှုဇုန် အပိုင်း ၁၊ ၂၊ ၃ အတွင်းမှာ နေ့စဉ် ဖြေရှင်းနေရတဲ့မိသားစု စားဝတ်နေရေးအခက်အခဲကြောင့် အခြေခံလစာတိုးမြှင့်ပေးဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတဲ့ စက်ရုံအလုပ်သမားတွေကို တာဝန်ရှိသူအဆင့်ဆင့်က ပြေလည်အောင် ဖြေရှင်းပေးရမယ့်အစား ရဲတပ်ဖွဲ့ဝင်တွေ၊ အရပ်ဝတ် ဝတ်ဆင်ထားတဲ့ (ရဲတပ်ဖွဲ့ အမာခံတွေ) သူတွေရဲ့ ရိုက်နှက်ဖမ်းဆီးဖြိုခွင်းခြင်း ခံခဲ့ရတဲ့အပြင် အချို့အလုပ်သမားတွေကို ပုဒ်မ-၅၀၅ (ခ)နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ လုပ်ရပ်တွေဟာ အလုပ်သမားလှုပ်ရှားမှုတွေကို တွန်းအားပေးသလို ဖြစ်လာနိုင်ပါတယ်။ အစိုးရအနေနဲ့ ပုဂ္ဂလိက လုပ်ငန်းအသီးသီးမှာ အခြေခံလုပ်ခလစာ တိုးမြှင့်ရေးအတွက် တောင်းဆိုမှုတွေကို အလုံးစုံဖြေရှင်းမှု မပြုနိုင်သေးချိန်မှာ နိုင်ငံ့ဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးခဲ့ခြင်းဟာ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာအရပ်ရပ်ကို  ချင့်ချိန်သုံးသပ်ခြင်းမရှိဘဲ တရားမျှတမှုအခွင့်အရေး ညီမျှမှုမရှိတဲ့ အနေအထားတွေကို ဖန်တီးဖော်ဆောင်လိုက်ခြင်းပဲ ဖြစ်တယ်လို့ ပြည်သူအများစုက ထင်မြင်ယူဆနေကြပါတယ်။
 
တရားမျှတမှုမရှိတဲ့ လုပ်ရပ်တွေ၊ ညီမျှမှုမရှိတဲ့ အနေအထားတွေကြောင့် နယ်ပယ်အသီးသီးမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စည်းလုံးမှုတွေ၊ ယုံကြည်မှုတွေ၊ လေးစားမှုတွေ ပျက်ပြားနေသလို အထက်အရာရှိနဲ့ လက်အောက်ဝန်ထမ်းတွေဟာလည်း ကွာဟချက် များပြားလာတဲ့ ရပိုင်ခွင့်နဲ့ပိုင်ဆိုင်မှု အနေအထားတွေကြောင့် အထက်နဲ့အောက် အပြန်အလှန် ယုံကြည်ကိုးစားမှုတွေ၊ လေးစားမှုတွေ လျော့ပါးခြင်းပဲ ဖြစ်ပါတယ်။ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ကြောင့် ရှေ့တင်ပြောဆိုဖို့ ဝန်လေးနေကြပေမယ့် ရပိုင်ခွင့်နဲ့ ခံစားခွင့်တွေ၊ ကိုယ်ကျိုးစီးပွားတွေကို ရှေ့တန်းတင်နေကြတဲ့ ခေါင်းဆောင်တွေအပေါ် လက်အောက်ဝန်ထမ်းတွေရဲ့ ရှုတ်ချဝေဖန်မှုတွေနဲ့အတူ လေးစားမှုတွေ၊ ယုံကြည်မှုတွေ လျော့ပါးနေတာတွေဟာလည်း အရှိတရားများပဲ ဖြစ်ပါတယ်။ ထို့အတူပါပဲ ပညာရေးဥပဒေ ပြောင်းလဲလာရေးအတွက် တိုက်ပွဲဝင် တောင်းဆိုနေကြတဲ့ တောင်းဆိုခဲ့တဲ့ ကျောင်းသားတွေ၊ ဝန်းရံသူတွေကို ဧည့်စာရင်းအပါအဝင် အခြားသော အကြောင်းပြချက်တွေနဲ့ ရှာဖွေဖမ်းဆီး စစ်ဆေးဖော်ထုတ်ကာ ညပိုင်းပါ မရှောင်ရုံးတင်ကာ ရေကြီးခွင့်ကျယ်လုပ်ပြီး ဖမ်းဆီးထောင်ချမှုတွေ လုပ်ဆောင်နေကြပေမဲ့ တရုတ်နိုင်ငံသားများ တရားမဝင်ဆေးကုသမှုနဲ့ တရားစွဲဆိုခံထားရတဲ့ တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင် ဦးတင်မောင်၊ ဇနီးဒေါ်လှစိန်နဲ့ တရုတ်နိုင်ငံသားခြောက်ဦး ထွက်ပြေးတိမ်းရှောင်နေမှု၊ (၁၉-၁-၂၀၁၅) ရက် ညပိုင်းက ကချင်ခရစ်ယာန်အဖွဲ့ချုပ် KBC မှ ခရစ်ယာန်သာသနာပြု လုပ်အားပေးဆရာမလေးနှစ်ဦး ကောင်းခါးကျေးရွာမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့အမှုဟာ နှစ်လကျော်ကြာတဲ့တိုင် ကျူးလွန်တဲ့သူတွေကို မဖော်ထုတ်နိုင်သေးမှု၊ (၂၂-၁၂-၂၀၁၄) ရက်က ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်း ဒေသခံတောင်သူတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပွားပြီးနောက် မိုးကြိုးပြင်အလယ်ရွာက ဒေါ်ခင်ဝင်း သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့မှုတွေအပြင် ကရင်ပြည်နယ်အတွင်း သေနတ်နဲ့ အချက်ပေါင်းများစွာ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် အသတ်ခံခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးလို ဖြစ်စဉ်မျိုးတွေ၊ အင်းလျားလမ်း ငါးလောင်းပြိုင်လူသတ်မှုဖြစ်စဉ် နဲ့ ပြည်တံတားအနီး ပစ္စည်းယူ၊ လူသတ်ခဲ့တဲ့ဖြစ်စဉ်တွေကို ယခုအချိန်အထိ မဖော်ထုတ် မဖမ်းဆီးနိုင်ခြင်းတွေဟာလည်း တရားမျှတမှု မရှိတဲ့၊ ညီမျှခြင်းမရှိတဲ့လုပ်ရပ်တွေအဖြစ် ပြည်သူတွေက ရှုမြင်နေကြပါတယ်။
 
အမှန်တကယ်တော့ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ပြည်သူပြည်သားအချင်းချင်း ဝန်ထမ်း၊ အရပ်သား၊ စစ်သား၊ ကျောင်းသားမခွဲခြားဘဲ “တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း” ဆိုတဲ့ လောကပါလတရားတွေနဲ့အညီ ကျင့်ကြံဆောင်ရွက်ပေးသွားဖို့ လိုအပ်လှပါတယ်။ ကိုယ့်လူတစ်စုကောင်းစားရေး၊ ကိုယ့်ပတ်ဝန်းကျင်ကောင်းစာရေး ကိုယ့်မိသားစုကောင်းစားရေး ဆိုတာမျိုးတွေလောက်သာ ဦးမတည်ဘဲ ပြည်သူတစ်ရပ်လုံး ကောင်းစားရေးမူကို ရှေ့တန်းတင်နိုင်မှသာ ငြိမ်းချမ်းရေးအပါအဝင် အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။ ဥပဒေတွေကို တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် အသုံးပြုရမယ့်အစား တိုင်းရင်းသားပြည်သူတွေအပေါ် အနိုင်အထက်ပြုကျင့်ဖို့ မလိုသလို ကျင့်သုံးနေကြဦးမယ်ဆိုရင်တော့ ပြည်သူအများစုဟာ ညီမျှမှုမရှိတဲ့လုပ်ရပ်တွေ၊ တရားမျှတမှုမရှိတဲ့ဖြစ်စဉ်တွေ ကြုံတွေ့နေရဦးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နယ်မြေပိုင်ဆိုင်မှုတွေ၊ သယံဇာတခွဲဝေမှုတွေ၊ သြဇာအာဏာတွေနဲ့ ပတ်သက်ပြီး အလျှော့အတင်း မလုပ်နိုင်သေးသမျှ ကိုယ်ဖြစ်ချင်တာတွေကိုပဲ ဦးတည်နေသမျှ အပြန်အလှန်ယုံကြည်မှုတွေနဲ့ အလှမ်းဝေးနေကြဦးမှာပဲဖြစ်သလို ညီမျှမှုမရှိတဲ့ ရလဒ်တွေ ထွက်ပေါ်နေဦးမှာပဲဖြစ်ပါတယ်။
 
မည်သို့ပင်ဆိုစေကာမူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ တန်းတူညီမျှမှုကို အကာအကွယ်ပေးနိုင်ခြင်း မရှိတဲ့၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးနဲ့ နိုင်ငံနဲ့လူမျိုးအကျိုးစီးပွားအတွက် အဟန့်အတားဖြစ်နေတဲ့ လက်ရှိပြဋ္ဌာန်းထားတဲ့အခြေခံဥပဒေပါ အဓိကကျတဲ့ ပြဋ္ဌာန်းချက်တွေကို မပြင်နိုင်သေးသမျှ ပြည်သူတွေဟာ စားဝတ်နေရေးဒုက္ခ၊ မြေမဲ့ယာမဲ့ဒုက္ခ၊ စစ်ဘေးဒုက္ခ၊ အိမ်မဲ့ယာမဲ့ဒုက္ခ၊ အလုပ်လက်မဲ့ဒုက္ခ၊ ပြည်တွင်းပြည်ပ အလုပ်သမားဒုက္ခတွေအပြင် နယ်ပယ်အသီးသီးမှာ ပဋိပက္ခဒုက္ခမျိုးစုံကို ကြုံတွေ့ခံစားနေကြရဦးမှာ ဖြစ်ပါတယ်။ သို့ဖြစ်၍လည်း တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို အမြန်ဆုံးခေါ်ယူပြီး အဖြေရှာသွားနိုင်မှသာ ရှေ့ဆက်ရမည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ နယ်ပယ်အသီးသီးမှာ အားကောင်းမောင်းသန်ဖြစ်လာပြီး တရားမျှတတဲ့ ညီမျှတဲ့အနေအထားတွေကို အချိန်အခါနဲ့အညီ ဖန်တီးဖော်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။ သို့သော်လည်း တွေ့ဆုံဆွေးနွေးအဖြေရှာရေးကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ် ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေမရှိဘူးဆိုရင်တော့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် မဖြစ်လာနိုင်သလို နိုင်ငံအနှံ့နဲ့ နယ်ပယ်အသီးသီးမှာလည်း ညီမျှခြင်းမရှိတဲ့ အနေအထားတွေ၊ တရားမျှတမှုမရှိတဲ့ ဖြစ်စဉ်တွေဟာ ချုပ်ငြိမ်းသွားမှာ မဟုတ်ဘဲ မညီမျှခြင်းရဲ့ရလဒ်ဖြစ်တဲ့ ပဋိပက္ခအသွင်ဆောင်နေမှုတွေကို ထပ်မံကြုံတွေ့ကြရဦးမှာ ဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။
 

Most Read

Most Recent