မြန်မာအစိုးရသည် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ရှိ Podesta Group ဆိုသည့်အဖွဲ့ကို ၎င်းတို့ကိုယ်စား အမေရိကန်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို စည်းရုံးပြောကြားပေးရန် အမေရိကန်ဒေါ်လာ ၈၄၀,၀၀၀ ဖြင့် တစ်နှစ်အတွက် ငှားရမ်းစာချုပ် ချုပ်ဆိုခဲ့သည်ဟု The Hill သတင်းဝက်ဘ်ဆိုက်က ဧပြီ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲများ ကျင်းပသွားရန်ရှိပြီး ထိုသို့ရွေးကောက်ပွဲများ မကျင်းပမီ မြန်မာအစိုးရက Podesta Group အဖွဲ့ကို ငှားရမ်းစာချုပ် ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်သည် အလွန်ကျယ်ပြန့်နက်ရှိုင်းသည့်အတွက် နိုင်ငံနှင့် လူ့အဖွဲ့အစည်းအတွက် မမျှော်လင့်သည့်အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် Podesta Group အဖွဲ့ကို ၎င်းတို့ကိုယ်စား အမေရိကန်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို စည်းရုံးပြောကြားပေးရန် ငှားရမ်းလိုက်ခြင်းဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံဟောင်း မစ္စပရစ်စီလာကလက်က ပြောကြားသည်။
ဝါရှင်တန်ရှိ အမေရိကန်နိုင်ငံရေး မူဝါဒအသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့အား ပိုမိုနားလည်စေရန်အတွက် Podesta Group အဖွဲ့ကို မြန်မာအစိုးရက ငှားရမ်းလိုက်ခြင်း ဖြစ်နိုင်ကြောင်း မစ္စပရစ်စီလာကလက်က ဆက်လက်ပြောကြားသည်။
Podesta Group အဖွဲ့နှင့် မြန်မာအစိုးရကြား စာချုပ်ကို သံရုံးတွင် နှစ်ဖက်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် မြန်မာအစိုးရအနေဖြင့် အဖွဲ့ကို သုံးလတစ်ကြိမ် အမေရိကန်ဒေါ်လာ ၂၁၀,၀၀၀ ပေးရမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စစ်အစိုးရလက်ထက်ကလည်း အလားတူ စည်းရုံးပြောကြားပေးမည့်အဖွဲ့ကို ငှားရမ်းခဲ့ဖူးသည်။
၁၉၄၇ ခုနှစ်က စတင်ခဲ့သည့် မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံမှုသည် ၁၉၉၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအခြေအနေများနှင့် ရွေးကောက်ပွဲအနိုင်ရသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီအား စစ်အစိုးရက အသိအမှတ်ပြု အာဏာလွှဲပြောင်းရန် ငြင်းဆန်သောကြောင့် သံတမန်ဆက်ဆံရေး လျှော့ချခဲ့သည်မှ တစ်ဆင့် နောက်ပိုင်းတွင် အကူအညီပေးမှုများ ရပ်ဆိုင်းခဲ့သလို စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများလည်း ပြုလုပ်ခဲ့သည်။
သို့သော် ၂၀၀၉ ခုနှစ်၌ သမ္မတ ဘားရက်အိုဘားမား အာဏာရလာသည့်နောက် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဆက်ဆံရေးမူဝါဒများ ပြောင်းလဲလာခဲ့ကာ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပိုမိုထိတွေ့သော သံတမန်ဆက်ဆံရေးတစ်ရပ် ထူထောင်လာခဲ့သည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် လာရောက်ခဲ့သည်။
အမေရိကန်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများအား စည်းရုံးပြောကြားပေးမည့်အဖွဲ့ မြန်မာအစိုးရ ငှားရမ်း















