လက်ပံတန်းတွင် ပင်မကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရခြင်း တစ်လပြည့်သည့် ဧပြီ ၁၀ ရက်တွင် မန္တလေးအပါအဝင် ပဲခူး၊ ရွှေဘို၊ တောင်ငူမြို့များတွင် ဆန္ဒပြခြင်း၊ ဝတ်ပြုဆုတောင်းခြင်းနှင့် ကမ်ပိန်းလုပ်ဆောင်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ ကျောင်းသားသပိတ်အကြမ်းဖက်ခံရခြင်း တစ်လပြည့် မန္တလေးမြို့တွင်ဆန္ဒပြ လက်ပံတန်းမြို့တွင် မတ် ၁၀ ရက်က ပင်မကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရခြင်း တစ်လပြည့်အထိမ်းအမှတ်အဖြစ် မန္တလေးမြို့တွင် ကျောင်းသားများမှ ဖမ်းဆီးခံထားရသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် မဟာမုနိဘုရားကြီး အရှေ့မုခ်ရှေ့၌ ဧပြီ ၁၀ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ကျော်ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။မန္တလေးမြို့တွင် ကျောင်းသားများမှ ဆန္ဒထုတ်ဖော်ရာတွင် ပင်မကျောင်းသားသပိတ်စစ်ကြောင်းအတွင်း၌ ပါဝင်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရပြီးနောက် သာယာဝတီအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသားများလည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွင်းခံရမှု တစ်လပြည့်အထိမ်းအမှတ် မန္တလေးမြို့ ၌ ဆန္ဒထုတ်ဖော်နေစဉ် ဆန္ဒထုတ်ဖော်ရာတွင် "မတရားဖမ်းဆီးခံကျောင်းသားများနှင့် ပြည်သူများကိုချက်ချင်းလွှတ်၊ အကြမ်းဖက်မှုတာဝန်ရှိသူများ ချက်ချင်းနုတ်ထွက်" အစရှိသည့် စာရွက်များအားဖြန့်ဝေခဲ့ကြပြီး ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သည့် ကျောင်းသားများ၏နာမည်များအား စာရွက်ပေါ်တွင်ရေးသား၍ အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ "ကျွန်တော်တို့ဗကသများအဖွဲ့ချုပ်ကနေ ဦးဆောင်ပြီးတော့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့တာကို အစိုးရကနေ အကြမ်းဖက်အနုကြမ်းစီးခံလိုက်ရတာ ဒီနေ့ဆိုရင် တစ်လပြည့်ခဲ့ပါပြီ။ အဲဒီအတွက်အထဲမှာ ကျန်ရှိနေခဲ့တဲ့ ကျွန်တော်တို့ရဲ့ရဲဘော်တွေ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့အတွက် အခုလိုဆုတောင်းပွဲပြုလုပ်ရတာပါ" ဟု ဆန္ဒထုတ်ဖော်မှုပြုလုပ်ရာတွင်ပါဝင်သည့် ကျောင်းသားတစ်ဦးက ပြောကြားသည်။ ပင်မကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံခဲ့ရမှု တစ်လပြည့်အဖြစ် မန္တလေးမြို့၌ ကျောင်းသားများ၏ဆန္ဒထုတ်ဖော်မှုကို ဧပြီ ၁၀ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ကျော်ခန့်ကပြုလုပ်ခဲ့ကာ ကျောင်းသားများနှင့် ဝန်းရံပြည်သူများ အမြန်ဆုံးပြန် လည်လွှတ်ပေးရေးအတွက် ဟောပြောတောင်းဆိုမှုများပြုလုပ်ခဲ့ကြပြီး ကမ္ဘာမကြေဘူးသီချင်းသီဆို၍ ဆန္ဒထုတ်ဖော်မှုကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။ အဆိုပါဆန္ဒထုတ်ဖော်မှုမှာ အချိန် ၁၅ မိနစ်ကျော်ခန့်သာကြာမြင့်ခဲ့သည်။
ပဲခူးမြို့၌ ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ်ကျောင်းသားသပိတ် အကြမ်းဖက်ခံရခြင်း တစ်လပြည့် ပဲခူးမြို့တွင်ဆန္ဒပြ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးခံရမှု တစ်လပြည့်တွင် အဖမ်းဆီးခံ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံပြည်သူများလွတ်မြောက်ရေး လမ်းလျှောက်ဆန္ဒပြတောင်းဆိုမှုကို ပဲခူးတက္ကသိုလ်မှ ဗကသကျောင်းသားများဦးဆောင်ပြီး ဧပြီ ၁၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ပဲခူးမြို့တွင်ပြလုပ်ခဲ့ကြသည်။ အဆိုပါဆန္ဒပြမှုတွင် ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကျောင်းသားများအပြင် တောင်ငူမြို့နယ်မှ ဗကသအဖွဲ့ဝင်များ၊ သံဃာတော်များနှင့် အဖမ်းဆီးခံကျောင်းသား၊ ကျောင်းသူများ၏မိဘအချို့ပါဝင်ခဲ့ပြီး အကြမ်းဖက်မှုအားဆန့်ကျင်ကြောင်း ကြွေးကြော်သံများဖြင့် ဝမ်းနည်းမှုအထိမ်းအမှတ် လက်ပတ်အနက်များ လက်မောင်းတွင်ချည်နှောင်ကာ ဆန္ဒပြခဲ့ကြသည်။
ဧပြီ ၁၀ ရက်က တောင်ငူမြို့၌ ဓာတ်ပုံကမ်ပိန်းလုပ်ဆောင်နေကြစဉ် "လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ ပင်မသပိတ်စစ်ကြောင်း ဒီကနေ့ဆိုရင် တစ်လပြည့်ခဲ့ပါပြီ။ အပြစ်မဲ့ကျောင်းသားတွေကို အဖမ်းဆီးခံထားရတယ်။ အဲဒါကြောင့် အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချကြောင်းနှင့် အဖမ်းဆီးခံကျောင်းသားတွေပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုတာပါ" ဟု ပင်မသပိတ်စစ်ကြောင်းတွင်ပါဝင်ခဲ့သော ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုမျိုးကိုကိုထွန်းကပြောကြားသည်။ ယင်းဆန္ဒပြမှုကို ပဲခူးမြို့ ပြင်စီဈေးလမ်းဆုံမှတစ်ဆင့် ဇိုင်/မြောက်ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ပဲခူးမြစ်ကူးတံတားအနီးထိ စီတန်းလှည့်လည်လမ်းလျှောက်ခဲ့ကြပြီး "ကျောင်းသားထုအရေး ဒို့အရေး"၊ "ကျောင်းသားထုအကြမ်းဖက်သူ ပြည်သူ့ရန်သူ"၊ "အကြမ်းဖက်ဖြိုခွင်းမှုအလိုမရှိ"၊ "လေးပွင့်ဆိုင်သဘောတူညီချက်များလိုက်နာရေး ဒို့အရေး" စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ အဖမ်းဆီးခံကျောင်းသားများ၊ ဝန်းရံသူများ၏ဓာတ်ပုံများ ကိုင်ဆောင်ခဲ့ကြသည်။ ယင်းနောက် ပဲခူးမြစ်ကူးတံတားအနီး ကမ်းနားလမ်းသို့ရောက်သည့်အခါ ကျောင်းသားများမှ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဖြစ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများနှင့် အဖမ်းဆီးခံကျောင်းသားများအား ဦးညွှတ်အလေးပြုခြင်း၊ မတ် ၁၀ ရက်၊ ၁၀ နာရီ ၁၀ မိနစ်တွင် လက်ပံတန်း၌ အကြမ်းဖက်ဖြိုခွင်းခံရစဉ်က ဖြုတ်ချခံခဲ့ရသာ ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံအား မိုးပျံပူဖောင်းများချိတ်ဆွဲကာ ကောင်းကင်သို့လွှတ်တင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ လက်ပံတန်းဖြစ်စဉ်တွင် ရိုက်နှက်ဖမ်းဆီးခံရပြီးနောက် သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာသော ပဲခူးတက္ကသိုလ်ကျောင်းသား ကိုတင်မျိုးဟိန်းက "ကျွန်တော်တို့က ပညာရေးကိုတောင်းဆိုနေတာ။ နိုင်ငံတော်ကို အာဏာကိုယူဖို့ကြိုးစားနေတာမဟုတ်ဘူး။ ကျောင်းသားတွေက ကျောင်းသားအလုပ်ကိုလုပ်နေတာ။ အကြံပေးနေတာ။ ဒါကို အစိုးရက ရန်သူလို့သတ်မှတ်ပြီး ကိုယ့်သားသမီးလောက်အရွယ်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရိုက်နှက်ဖမ်းဆီးထောင်ချတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လက်ပံတန်းဖြစ်စဉ်မှာအဖမ်းခံရပြီး လွတ်မြောက်လာတာပါ။ အဲဒီတော့ အားလုံးသိတဲ့အတိုင်းပဲ ကျောင်းသားတွေနိုင်တယ်။ ဘာလို့နိုင်လဲဆိုတော့ ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်ထားတဲ့အစိုးရက စစ်တစ်ပိုင်းအစိုးရဖြစ်တယ်ဆိုတဲ့မျက်နှာဖုံးကို ကမ္ဘာကသိအောင် ကျောင်းသားတွေဖော်ထုတ်နိုင်ခဲ့တယ်။ အခုကျွန်တော်တို့ကျောင်းသားတွေတင်တဲ့ ဥပဒေကြမ်းက ပြီးပြည့်စုံပြီး ဒီမိုကရေစီပညာရေးဖြစ်တယ်ဆိုတာ မိဘပြည်သူများလေ့လာကြည့်နိုင်ပါတယ်။ ကျောင်းသားတွေအနေနဲ့ ဒီမိုကရေစီပညာရေးကိုမရမချင်း ဆက်လက်တိုက်ပွဲဝင်သွားမှာပါ" ဟု ဆန္ဒပြပွဲပြီးနောက် ပြည်သူများအား ၎င်း၏အတွေ့အကြုံကို ဟောပြောခဲ့သည်။
ပဲခူးမြို့၌ ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ် ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်း လက်ပံတန်းမြို့တွင် အကြမ်းဖက်ဖြိုခွင်းခံရသည်မှာ ဧပြီ ၁၀ ရက်တွင် တစ်လပြည့်မြောက်ခဲ့ပြီး ပဲခူးမြို့တွင် ဧပြီ ၁၀ ရက်ပြုလုပ်ခဲ့သည့် ယင်းဆန္ဒပြပွဲမှာ သက်ဆိုင်ရာခွင့်ပြုမိန့် ကြိုတင်ခဲ့ကြောင်း သိရသည်။ ကျောင်းသားသပိတ်အကြမ်းဖက်ခံရခြင်း တစ်လပြည့် ရွှေဘိုမြို့တွင် ဝတ်ပြုဆုတောင်း လက်ပံတန်းအကြမ်းဖက်မှုဖြစ်စဉ်အပြီး ကျောင်းသားခေါင်းဆောင်များစွာနှင့် ဝန်းရံပြည်သူများအား ဖမ်းဆီးချုပ်နှောင်မှုပြုလုပ်ထားသည့် အစိုးရ၏လုပ်ရပ်အပေါ် ရွှေဘို ဗ.က.သ ကျောင်းသားများက ရှုတ်ချခဲ့ကြပြီး အဆိုပါဖြစ်စဉ်များအတွက် ရွှေဘိုမြို့လယ်ရှိ ချမ်းသာကြီးဘုရား၌ ဧပြီ ၁၀ ရက် နံနက်ပိုင်းက ဝတ်ပြုဆုတောင်းမှုပြုလုပ်ခဲ့ကြသည်။ "တစ်နိုင်ငံလုံးက ပြည်သူတွေနည်းတူ အကြမ်းဖက်မှုကို ကျွန်တော်တို့ရှုတ်ချပါတယ်။ ဖမ်းဆီးခံကျောင်းသားနဲ့ ပြည်သူတွေအတွက်မေတ္တာပို့ရင်း အမြန်ဆုံးပြန်လည်လွတ်မြောက်လာဖို့ တောင်းဆုပြုခဲ့ကြတာပါ" ဟု ဝတ်ပြုပွဲသို့တက်ရောက်လာသည့် ဗ.က.သ ကျောင်းသားတစ်ဦးကဆိုသည်။ လက်ပံတန်းအကြမ်းဖက်မှုဖြစ်စဉ်နှင့် အစိုးရ၏ နောက်ဆက်တွဲလုပ်ရပ်များသည် မည်သည့်ရှုထောင့်က ကြည့်သည်ဖြစ်စေ လွဲချော်လျက်ရှိသည်ကို အထင်းသားမြင်တွေ့နေရကြောင်း ရွှေဘိုနယ်တစ်ဝိုက်ရှိ ဗ.က.သ ကျောင်းသားများကပြောကြားပြီး နိုင်ငံအတွက်အရေးကြီးသော ယခုကဲ့သို့အချိန်တွင် အစိုးရ၏တုံ့ပြန်ပုံမှာ စိုးရိမ်ဖွယ်ကောင်းကြောင်းလည်း နိုင်ငံရေးလှုပ်ရှားသူများက သုံးသပ်သည်။ "ဥပဒေသမားတွေက လက်ပံတန်းအကြမ်းဖက်ဖြစ်စဉ်ကိုကိုင်တွယ်ခဲ့သူတွေဟာ အနည်းဆုံး ပုဒ်မငါးခုကို ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ပြောတယ်။ ကျောင်းသားတွေက အစိုးရအနေနဲ့ ပေးထားတဲ့ကတိမတည်ဘူးလို့ ပြောပြန်တယ်။ လူ့အခွင့်အရေးကို ထင်ထင်ရှားရှားချိုးဖောက်တဲ့ လုပ်ရပ်ဆိုတာလည်း ပြည်သူတစ်ရပ်လုံးကသိတယ်။ ဒါပေမဲ့ ဒီမိုကရက်တစ်ယဉ်ကျေးမှုနဲ့ ပြောင်းပြန်အချိုးကျနေတဲ့ အစိုးရရဲ့တုံ့ပြန်ပုံတွေဟာ အခုချိန်ထိ စိုးရိမ်စရာဖြစ်နေတုန်းပဲ" ဟု နိုင်ငံရေးလှုပ်ရှားသူ ဦးကျော်ကျော်ကဆိုသည်။ လက်ပံတန်းအကြမ်းဖက်မှုဖြစ်စဉ် တစ်လခန့်ကြာမြင့်လာချိန်အထိ အစိုးရတစ်ရပ်၏တာဝန်ယူ၊ တာဝန်ခံမှုမရှိခြင်းနှင့် လွဲမှားသောထုတ်ပြန်ချက်များဖြင့် တုံ့ပြန်ဖြေရှင်းမှုအပေါ် စစ်ကိုင်းတိုင်းဒေသကြီး နေရာအနှံ့အပြားတွင် လူထုလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်ကာ ကန့်ကွက်ခဲ့ကြပြီး မျှတသောဖြေရှင်းမှုဖြစ်ပေါ်မလာမချင်း လှုပ်ရှားမှုများ ရပ်တန့်သွားဖွယ်မရှိကြောင်းလည်း သိရသည်။ "အကြမ်းဖက်ဖြစ်စဉ်ပြီးပြီးချင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က စာမေးပွဲတွေအကြောင်းပြပြီး အရေးကြီးကာလအဖြစ် သတ်မှတ်လိုက်တယ်။ ဒါပေမဲ့ လူထုလှုပ်ရှားမှုတွေကတော့ နေရာအနှံ့အပြားမှာ ရပ်တန့်မသွားခဲ့ဘူး။ တကယ်လို့ အစိုးရအနေနဲ့ ဒီပုံစံနဲ့ပဲဆက်သွားမယ်ဆိုရင် သမိုင်းအမွေဆိုးအဖြစ် လက်ဆင့်ကမ်းတာကို ခံစားရမှာပါ" ဟု မုံရွာနယ်ခံ ကျောင်းသားတစ်ဦးကပြောကြားသည်။ ထို့ပြင် လက်ပံတန်းဖြစ်စဉ်နှင့်ပတ်သက်၍ သင်္ကြန်ကာလတွင်း၌လည်း လူထုလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်သွားဖွယ်ရှိကြောင်း နိုင်ငံရေးလှုပ်ရှားသူများနှင့် ကျောင်းသားများကပြောကြားသည်။ ကျောင်းသားသပိတ်အကြမ်းဖက်ခံရခြင်း တစ်လပြည့် တောင်ငူမြို့တွင် ဓာတ်ပုံနှင့် လက်ဝါးကမ်ပိန်းပြုလုပ် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဧပြီ ၁၀ ရက်၊ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က လက်ပံတန်းတွင် ဆန္ဒပြကျောင်းသားနှင့် ဝန်းရံပြည်သူများ အကြမ်းဖက်နှိမ်နင်းခံရသည့် တစ်လပြည့်အထိမ်းအမှတ်ဓာတ်ပုံနှင့် လက်ဝါးကမ်ပိန်းအား AAPP နှင့် FPPS နိုင်ငံရေးအကျဉ်းသားဟောင်းများအသင်းတို့ ပူးပေါင်းပြုလုပ်သွားခဲ့သည်။ "ဒီမိုကရေစီပညာရေးလှုပ်ရှားမှုအတွက် လက်ရှိသပိတ်တိုက်ပွဲဝင်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေရော၊ ဝန်းရံပြည်သူတွေရော၊ ဒါ့အပြင် ထောင်အသီးသီးမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် ဒီကမ်ပိန်းကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပသွားမှာပါ" ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ရုံးတာဝန်ခံ ကိုမျိုးမင်းဇော်က ပြောကြားသည်။ "ကျွန်တော်တို့က လမ်းပေါ်တက်တဲ့ကိစ္စမျိုးတွေ မပါပါဘူး။ ဒီနေ့ဟာဆိုလို့ရှိရင် လက်ပံတန်းမှာ အကြမ်းဖက်နှိမ်နင်းခံရတာ တစ်လပြည့်ပြီဖြစ်တယ်။ ဒါကြောင့် တစ်လပြည့်တဲ့နေ့မှာစီစဉ်လို့ရတဲ့ တောင်ငူနဲ့ ဒိုက်ဦးမှာ လုပ်ဖြစ်ပါတယ်။ ဒီကမ်ပိန်းလှုပ်ရှားမှုကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုပ်သွားမှာပါ။ နိုင်ငံရေးအကျဉ်းသားတွေရှိတဲ့မြို့မှမဟုတ်ပါဘူး။ ဘယ်အဖွဲ့အစည်းမဆို ကျွန်တော်တို့နဲ့ ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့နေရာမှန်သမျှမှာ ဒီကမ်ပိန်းတွေကိုလုပ်သွားမှာပါ" ဟု ကိုမျိုးမင်းဇော်က ဆက်လက်ရှင်းပြသည်။ အဆိုပါကမ်ပိန်းလှုပ်ရှားမှုအား လက်ပံတန်းတွင် အကြမ်းဖက်နှိမ်နင်းခံခဲ့ရသည့် ၁၀ နာရီ ၁၀ မိနစ်တွင်စတင်၍ အဖမ်းဆီးခံ နိုင်ကျဉ်းမိသားစုဝင်များ၊ ဗကသမိသားစုဝင်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ပါဝင်လှုပ်ရှားခဲ့ကြပြီး နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။















