ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအား ဧပြီ ၁၀ ရက်တွင် ပြုလုပ်မည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ အတည်ပြုပြောကြား

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအား ဧပြီ ၁၀ ရက်တွင် ပြုလုပ်မည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ အတည်ပြုပြောကြား
Published 9 April 2015
စိုးမင်းထိုက်၊ ကျော်မျိုး

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအား ဧပြီ ၁၀ ရက်တွင် ပြုလုပ်မည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဧပြီ ၈ ရက်က မီဒီယာများအား အတည်ပြု ပြောကြားသည်။ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က “ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲလို့ ခေါ်နေတဲ့ လူကြီးခြောက်ယောက်ရဲ့ နိုင်ငံ့ရေးရာ ဆွေးနွေးပွဲကို ၁၀ ရက်မှာ လုပ်ပါမယ်။ နိုင်ငံတော်သမ္မတရဲ့ အိမ်တော်မှာ လုပ်ပါမယ်။ အချိန်ကတော့ ပြန်ပြီး အတည်ပြုပေးပါမယ်” ဟု ပြောကြားသည်။ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွင် အချိန်မည်မျှ ပိုရမည်လဲ ဆိုသည်မှာ တက်ရောက်မည့်ပုဂ္ဂိုလ် ခြောက်ဦး၏ သဘောထားပင်ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။“အရင်တုန်းက ခြောက်ဦးဆွေးနွေးမယ်လို့ စပြောကတည်းက မဖြစ်နိုင်ဘူးလို့ ကျွန်တော်ပြောခဲ့တာ မဟုတ်ဘူး။ ဒါကို လုပ်မယ်ဆိုရင် ပိုပြီးတော့မှ တိုင်းရင်းသားတွေဘက်က ကိုယ်စားပြုမှု ကိစ္စတွေ၊ အချက်အလက်တွေ စုံဖို့လိုတာပေါ့။ ဒါကြောင့်မို့ ၄၈ ဦးလို့ ခင်ဗျားတို့ ခေါ်နေကြတဲ့ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေရယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် သူတို့ဘက်က အမြင်တွေ ရလာတာပေါ့။ အမြင်တွေ ရလာတဲ့အတွက် ခြောက်ဦးတွေ့ဆုံတဲ့အခါ သက်ဆိုင်ရာ တိုင်းရင်းသားကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်က ပြောတာ ရှိသလို ဒီဘက်က အမြင်တွေကိုလည်း ပါဝင်ဆွေးနွေးလို့ ရတာပေါ့။ ဒါကြောင့်မို့ အောက်ခြေက ကျယ်ပြန့်အောင် တည်ဆောက်မယ်။ အချက်အလက်တွေ စုံတဲ့အခါ အပေါ်ကို တဖြည်းဖြည်း ကျဉ်းသွားမယ်လို့ ကျွန်တော်ဖြေခဲ့ဖူးတာ ရှိပါတယ်” ဟု ဦးရဲထွဋ်က ဆိုသည်။လွှတ်တော်၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းစဉ်များ စတင်နေပြီဖြစ်ကြောင်း၊ ထို့အတွက် ခြောက်ဦးတွေ့ဆုံ ဆွေးနွေးပွဲကို သွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။“ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဘာတွေ ဆွေးနွေးရမယ်ဆိုတဲ့ ဆိုတာမျိုးကို မဆွေးနွေးပါဘူး။ ဒီမှာ ဆွေးနွေးတာက အဓိက အချက်ကြီး သုံးချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးသွားတာ ဖြစ်ပါတယ်။ ဒီမှာ အားလုံးဝိုင်းဝန်း ဆွေးနွေးကြတာတွေက အခုနဲ့ပြောတဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ လူကြီးတွေအတွက် စဉ်းစားစရာ အချက်တွေ၊ ရှုထောင့်တွေ ပိုရသွားမယ်။ ဒါကြောင့် ပိုအကျိုးရှိတယ်လို့ ပြောလို့ရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။ဧပြီ ၈ ရက် ဆွေးနွေးပွဲတွင် ဇန်နဝါရီ ၁၂ ရက်တွင် ပါဝင်သည့် သူများကိုပဲ ပြန်ဖိတ်ခဲ့ကြောင်း၊ ဖိတ်သည့်အထဲတွင် ခရီးလွန်နေ၍ တက်ရောက်နိုင်ခြင်း မရှိသူများ ရှိကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ပြည်နယ်ကို ရောက်နေကြောင်း၊ ထို့အတွက် တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ နောက် ဒေါက်တာမနမ်တူးဂျာ ကချင်ပြည်နယ်အတွင်း ခရီးလွန်နေ၍ တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ဦးခွန်ထွန်းဦး ခရီးလွန်နေ၍ တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားမှု အခြေအနေများကို ရှင်းပြသလိုပဲ တက်ရောက်လာသူတွေက ယခင်ရွေးကောက်ပွဲ အတွေ့အကြုံတွေနဲ့ အခုအခြေခံ မဲစာရင်းများ စမ်းသပ်ထုတ်ပြန်မှုတွေမှာ မူတည်ပြီးတော့ တွေ့ရှိရတဲ့ အချက်တွေကိုလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါတယ်။ ကြားကာလ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုနဲ့ ပတ်သက်ပြီးတော့ အားလုံးပါဝင် ဆောင်ရွက်သင့်တဲ့ လုပ်ငန်းတွေ၊ ထားရှိရမယ့် သဘောထားတွေကို ဆွေးနွေးသလိုပဲ ရွေးကောက်ပွဲ မတိုင်ခင် ကြားကာလမှာ နိုင်ငံရေးတည်ငြိမ်ဖို့ သာမက ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခြေအနေ တည်ငြိမ်ဖို့ စဉ်စားဖို့ လိုအပ်တယ် ဆိုတာကိုလည်း ဆွေးနွေးကြပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။ဆက်လက်၍ “ဒီကနေ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေက တစ်ဦးချင်း မဆွေးနွေးတော့ဘဲ ကရင်၊ ကချင်ကိုယ်စားပြုပြီး ပြောသွားတာ ရှိတယ်။ ဇန်နဝါရီလတုန်းက တစ်ယောက်ချင်း ထပြောတယ်။ ဒီမှာကျတော့ ပြည်နယ်တိုင်းဒေသကြီး၊ အစိုးရအလိုက်ပဲ ဖိတ်လိုက်တယ်။ အဲဒီမှာ သူတို့ဘာသာ သူတို့ ဆွေးနွေးထားတာတွေကို တစ်ယောက်ကပဲ ထပြီးပြောတဲ့အတွက် အရင်ကထက်စာရင် အချိန်လည်း ပိုရလာတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

Most Read

Most Recent