နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်နှင့် ကုန်သွယ်ခွန် ပေးဆောင်ထားသည့် ရွှေထည်များကို လေကြောင်းနှင့် ကုန်းကြောင်းမှ သယ်ယူကာ အရောင်းအဝယ် ပြုလုပ်ရန် အခက်အခဲ ရှိပါက ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းက ကူညီဖြေရှင်းပေးမည်

နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်နှင့် ကုန်သွယ်ခွန် ပေးဆောင်ထားသည့် ရွှေထည်များကို လေကြောင်းနှင့် ကုန်းကြောင်းမှ သယ်ယူကာ အရောင်းအဝယ် ပြုလုပ်ရန် အခက်အခဲ ရှိပါက ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းက ကူညီဖြေရှင်းပေးမည်
Published 8 April 2015
ချမ်းမြေ့သူ

နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်နှင့် ကုန်သွယ်ခွန် ပေးဆောင်ထားသည့် ရွှေထည်များကို လေကြောင်းနှင့် ကုန်းကြောင်းမှ သယ်ယူကာ အရောင်းအဝယ် ပြုလုပ်ရန် အခက်အခဲရှိပါက ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းက ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း ဧပြီ ၈ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ အထူးအစည်းအဝေးမှ သိရသည်။အဆိုပါ အထူးအစည်းအဝေးသို့ အသင်း၏ အလုပ်အမှုဆောင်နှင့် ရွှေလုပ်ငန်းရှင်များ တက်ရောက်ကြပြီး ရွှေအရောင်းအဝယ် ပြုလုပ်ခြင်းဆိုင်ရာများနှင့် ရွှေဈေးတည်ငြိမ်မှု ရှိစေရေး စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။    ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က “ရွှေလုပ်ငန်းရှင်တွေ အနေနဲ့ တွင်းတူးပြီး လုပ်ကြတဲ့ သူတွေဆိုရင် နိုင်ငံတော်ကို ပေးဆောင်ရတဲ့ အခွန်ဆိုတာ ရှိတယ်။ အဲဒါက တစ်လကို ဘယ်လောက်ဆိုပြီး ပေးရတာ။ ပြီးတော့ အရောင်းအဝယ် ပြုလုပ်တဲ့အခါ ကုန်သွယ်ခွန်ဆိုပြီး ငါးရာခိုင်နှုန်း ပေးဆောင်ရတာ ရှိတယ်။ အဲဒီလိုမျိုး ကိုယ်ပေးဆောင်ရမယ့် အခွန်အားလုံးကို ပေးဆောင်ထားတဲ့ ကုန်သည်လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာပဲ လေကြောင်းနဲ့ပဲဖြစ်ဖြစ် ကုန်းကြောင်းနဲ့ပဲဖြစ်ဖြစ် အရောင်းအဝယ် ပြုလုပ်ဖို့အတွက် သယ်ဆောင်ရာမှာ အခက်အခဲ ဖြစ်လာရင် အသင်းအနေနဲ့ ကူညီဖြေရှင်းပေးမှာပါ” ဟု ပြောကြားသည်။ယင်းကဲ့သို့ ကူညီဖြေရှင်းပေးရခြင်းမှာ တရားဝင် အရောင်းအဝယ် ပြုလုပ်ရာတွင် ကုန်စည်စီးဆင်းမှု လွယ်ကူစေရန်နှင့် ဈေးကွက်တစ်ခုတည်းတွင် ပစ္စည်းများ စုမနေစေရန် ရည်ရွယ်ကြောင်း သိရသည်။“ကုန်သည်လုပ်ငန်းရှင်တွေ အနေနဲ့ တစ်နေရာကနေ တစ်နေရာကို ရွှေထည်တွေ အရောင်းအဝယ်ပြုလုပ်ဖို့ သယ်ယူတဲ့အခါ နိုင်ငံတော်က ပေးဆောင်ဖို့ သတ်မှတ်ထားတဲ့ အခွန်အားလုံးကို ပေးဆောင်ထားတယ်ဆိုရင် တစ်စုံတစ်ရာ အခက်အခဲ ပေါ်ပေါက်လာရင် အသင်းက ကူညီဖြေရှင်းပေးမှာပါ။ အသင်းဝင် လုပ်ငန်းရှင်မှ မဟုတ်ဘူး မည်သူမဆို ကိုယ့်ဘက်က မှန်ကန်မှုရှိတယ်ဆိုရင် အကူအညီ တောင်းလို့ရပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆက်လက်ပြောကြားသည်။မြန်မာနိုင်ငံတွင် သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါကလည်း ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင်တင်ပို့ ရောင်းချခြင်းနှင့် တင်သွင်းဝယ်ယူခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။