၂၀၁၄ ရန်ကုန်စည်ပင်ရွေးကောက်ပွဲ အားနည်းချက်များကို ပြန်လည်ပြင်ဆင်၍ ၂၀၁၅ ရွေးကောက်တင်မြှောက်ပွဲဆိုင်ရာဥပဒေသစ် အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းရန် ရန်ကုန်တိုင်းလွှတ်တော်တွင် အဆိုတင်သွင်း

၂၀၁၄ ရန်ကုန်စည်ပင်ရွေးကောက်ပွဲ အားနည်းချက်များကို ပြန်လည်ပြင်ဆင်၍ ၂၀၁၅ ရွေးကောက်တင်မြှောက်ပွဲဆိုင်ရာဥပဒေသစ် အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းရန် ရန်ကုန်တိုင်းလွှတ်တော်တွင် အဆိုတင်သွင်း
Published 7 April 2015

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၇ တွင်ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲများ၏ အားနည်းချက်များကို ပြန်လည်ပြင်ဆင်၍ ဒီမိုကရေစီခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်တင်မြှောက်ပွဲဆိုင်ရာ ဥပဒေသစ် ၂၀၁၅ ကို အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို ဧပြီ ၆ ရက်တွင်ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် တင်သွင်းခဲ့သည်။ယင်းအဆိုကို ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲပြုလုပ်ခဲ့မှုသည် မှတ်တမ်းတင်ဂုဏ်ယူဖွယ်ကောင်းခဲ့သော်လည်း ရွေးကောက်ပွဲအပြီးတွင် ရွေးကောက်ခံခဲ့သည့် ကိုယ်စားလှယ်လောင်းများ၊ ပြည်သူလူထုထံမှဝေဖန်သံများ၊ သတင်းမီဒီယာများတွင် ထောက်ပြမှုများစွာထွက်ပေါ်လာကြောင်း ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းရာတွင်ပြောကြားသည်။"မြို့နယ်အသီးသီးမှာ မဲပေးလိုတဲ့မဲဆန္ဒရှင်များစွာ ကျန်ခဲ့ပါတယ်။ ပြီးတော့ အာဏာပိုင်နဲ့နီးစပ်သူတွေက မဲစာရင်းပေါ်မှာ အမြတ်ထုတ်မှုများ၊ မဲရုံစောင့်ပညာရေးဝန်ထမ်းအချို့၏ အချက်အလက်မရရှိထားမှု၊ ခေတ်နောက်ပြန်ဆွဲသည့် အတွေးအခေါ်အယူအဆတွေကြောင့် မဲဆန္ဒရှင်များ၊ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများ ဒုက္ခရောက်ခဲ့ကြရပါတယ်" ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲတင် မြှောက်ခြင်းဆိုင်ရာနည်းဥပဒေများတွင် ရွေးကောက်ပွဲအတွက် မြို့တော်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့် ဖွဲ့စည်းမှု၌ အရပ်သားများဖြင့်ဖွဲ့စည်းရန်ပါရှိသော်လည်း လက်တွေ့အာဏာပိုင်များဖြင့်သာ ဖွဲ့စည်းခဲ့ခြင်းကြောင့် လုပ်ငန်းများကို ဖြောင့်မတ်စွာလုပ်နိုင်မည်လားဟု သံသယဖြစ်စရာ အကြောင်းများစွာဖြစ်ခဲ့ကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ် စုစုပေါင်း ၂၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းအထဲမှ စုစုပေါင်းကိုယ်စားလှယ် ၁၁၅ ဦးကို ရွေးချယ်ခဲ့ကာ ရွေးကောက်ပွဲစရိတ်အား ကျပ်သိန်း ၃၁၀၀ ကျော်အသုံးပြုခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent