ပီအာရ်စနစ်ကျင့်သုံးရန် အင်န်ဒီအက်ဖ်ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ကထောက်ခံပြီး NLD အပါအဝင် ကျန်သည့်ပါတီများက ကျင့်သုံးရန်မသင့်ကြောင်း ဆွေးနွေး

ပီအာရ်စနစ်ကျင့်သုံးရန် အင်န်ဒီအက်ဖ်ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ကထောက်ခံပြီး NLD အပါအဝင် ကျန်သည့်ပါတီများက ကျင့်သုံးရန်မသင့်ကြောင်း ဆွေးနွေး
Published 7 April 2015

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် ပီအာရ်စနစ်ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီအင်အားစု (NDF ပါတီ) နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ကထောက်ခံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ကျန်သည့်ပါတီများက ကျင့်သုံးရန်မသင့်သေးကြောင်း ဧပြီ ၇ ရက် ကဆွေးနွေးခဲ့ကြသည်။အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးစိုးဝင်းက "မဲအများဆုံး နိုင်သူယူစနစ်က ဘယ်မှာသိသာခဲ့လည်းဆိုရင် ၁၉၉၀ ရွေးကောက်ပွဲမှာပါ။ ဒုတိယမဲအများဆုံးနိုင်တဲ့သူနဲ့ အများကြီးကွာဟခဲ့တယ်။ ပီအာရ်စနစ်နဲ့ဆိုရင် ဒီလိုကွာဟမှုတွေမရှိနိုင်တော့ဘူး။ ပီအာရ်စနစ်က ကျွန်တော်တို့နိုင်ငံနဲ့လည်း ကိုက်ညီပါတယ်။ အရင်ကလည်း ထောက်ခံဆွေးနွေးခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ဘက်မှာကတော့ ပြီးပြတ်သွားပြီ။ မကျင့်သုံးတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ အမျိုးသားလွှတ်တော်မှာတော့ ဒီအဆင့်ထိရောက်လာတာ ဝမ်းသာစရာပါပဲ။ လိုအပ်လာရင် ထောက်ခံဆွေးနွေးမှာပါ" ဟု ဆွေးနွေးသည်။ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းမောင်တင်က လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးနိုင်သူယူသည့်စနစ်သာ ကျင့်သုံးသင့်ကြောင်းနှင့် မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီမှ ဦးခင်မောင်သန်းက ပီအာရ်စနစ်အတွက် ရှင်းရှင်းလင်းလင်းပြောဆို ချပြသင့်ကြောင်း ဆွေးနွေးသည်။ကရင်ပြည်သူ့ပါတီမှ တွဲဖက်အတွင်းရေးမှူးက "ပီအာရ်စနစ်က ရေတိုလား၊ ရေရှည်လား။ အခုကတော့ အချိန်ကပ်နေပါပြီ။ ပြည်သူတွေနားလည်လွယ်တဲ့စနစ်နဲ့ပဲ သွားသင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ရှုံးချင်ရှုံးပါစေ။ လက်ရှိကျင့်သုံးနေတဲ့ နားလည်လွယ်တဲ့စနစ်နဲ့ပဲသွားချင်ပါတယ်။  ပီအာရ်စနစ်အတွက်လည်း ရှင်းလင်းအောင်ချပြထားသင့်ပါတယ်။ ရွေးကောက်ပွဲဆိုတာ ရှင်းလင်းလွယ်ကူဖို့လိုပါတယ်" ဟု ဆွေးနွေးသည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာဗညားအောင်မိုးက ပီအာရ်စနစ်ကျင့်သုံးခြင်းသည် မဲဆန္ဒရှင်များ၏ ဆန္ဒမဲများ အလေအလွင့်မဖြစ်ပေါ်ကြောင်း၊ တိုင်းရင်းသားပါတီများအတွက် နေရာပိုရလာနိုင်ကြောင်း၊ ပီအာရ်စနစ်ကြောင့် အပြတ်အသတ်အနိုင်ရခြင်းမျိုးမရှိနိုင်ကြောင်း၊ ပီအာရ်စနစ်ကို ကြိုက်နှစ်သက်ကြောင်း ဆွေးနွေးသည်။ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဦးစောအောင်ကျော်နိုင်က "လက်ရှိအချိန်မှာ မကျင့်သုံးသင့်သေးပါဘူး။ ပီအာရ်စနစ်ကို ပြည်သူတွေက သိတောင်မသိကြသေးပါဘူး။ ပီအာရ်စနစ်အရဆိုရင် ကိုယ့်ပါတီကိုယ်စားလှယ်အချင်းချင်း ပြန်ပြိုင်ရမလိုဖြစ်နေပါတယ်။ အခုကြားနာတာက မဖြစ်ဖြစ်အောင် ကျင့်သုံးမယ်ဆိုပြီး ကြားနာတာလား" ဟုဆွေးနွေးသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်ကြည်ညွန့်က "ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေက ပီအာရ်စနစ်ကျင့်သုံးဖို့ လုံးဝအဆင်သင့်မဖြစ်သေးဘူး။ မကိုက်ညီသေးဘူးလို့ အကြံပြုတင်ပြချင်ပါတယ်။ ရွေးကောက်ပွဲစနစ်မှာ အားသာချက်၊ အားနည်းချက်တွေရှိတဲ့အသီးသီးထဲက အဆိုးရွားဆုံးအချက်ကိုပြောပါဆိုရင် ပြည်သူလူထုအနေနဲ့ လွယ်ကူရှင်းလင်းစွာရွေးချယ်ပြီးတော့ တင်မြှောက်နိုင်ခြင်းမရှိတဲ့အချက်ဟာ အဆိုးရွားဆုံးအားနည်းချက်ဖြစ်တယ်လို့ သုံးသပ်တင်ချင်ပါတယ်။ ပီအာရ်စနစ်မှာ အဲဒီအားနည်းချက်အပြည့်ရှိနေပါတယ်။ လက်ရှိအချိန်မှာ တစ်ပြည်လုံးက ပြည်သူတွေနားလည်စွာ မဲပေးနိုင်ဖို့ အလွန်ခက်ခဲမယ့်စနစ်ဖြစ်နေပါတယ်။ နောက်ပြီးတော့ မတူညီတဲ့မဲပေးပုံစနစ်တွေနဲ့ ဒေသအားဖြင့်ရော၊ လွှတ်တော်အားဖြင့်ရော၊ အင်မတန်ရှုပ်ထွေးသွားတဲ့ မဲပေးစနစ်ကို ပြည်သူတွေအနေနဲ့ လွယ်ကူရှင်းလင်းစွာ မဲမပေးနိုင်မဲ့အတွက် လွန်စွာရှုပ်ထွေးပြီးတော့ မှားယွင်းမှုတွေဖြစ်စေနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါကြောင့် ပီအာရ်စနစ်ဟာ အခုအချိန်မှာ မြန်မာနိုင်ငံအတွက် မသင့်တော်သေးပါဘူး။ ဒါကြောင့် ကန့်ကွက်ဆွေးနွေးတာပါ။ နောက်တစ်ခုက အမြင်မတူတဲ့သူတွေ ပါတီတွေထောင်ကြ။ ကွဲလွဲနေတဲ့ပါတီတွေ အချိုးကျအနေနဲ့ လွှတ်တော်ထဲ၊ အစိုးရထဲရောက်လာမယ်။ ဒါဟာ အားနည်းတဲ့လွှတ်တော်တွေ၊ အားနည်းတဲ့အစိုးရတွေ မွေးထုတ်ပေးသလိုဖြစ်နေမှာဖြစ်ပါတယ်။ ဒီမိုကရေစီနုနယ်သေးတဲ့ ကျွန်တော်တို့နိုင်ငံအတွက် ဒါဟာ ကောင်းကျိုးထက်၊ ဆိုးပြစ်ကိုသာ ဖိတ်ခေါ်ရာရောက်မယ်ဆိုတာ အလွယ်သိရှိနိုင်တဲ့အချက်ဖြစ်ပါတယ်။ ကိန်းဂဏန်းအပေါ် အခြေခံပြီးရမှာဖြစ်တဲ့အတွက် ပညာရှင်တွေ ဝေဖန်ထားတာရှိပါတယ်။ ဒါဟာ အစွန်းရောက်အဖွဲ့တွေနဲ့ အကြမ်းဖက်အဖွဲ့များပင် လွှတ်တော်နဲ့အစိုးရအဖွဲ့ထဲ ရောက်လာနိုင်မှာကို အလေးအနက်ထားစဉ်းစားရမှာဖြစ်ပါတယ်။ ပါတီငယ်တွေနဲ့ ပါတီလတ်တွေအတွက်လည်း တွက်ချက်ကြည့်လိုက်ရင် အခွင့်အလမ်းနည်းပါးတယ်ဆိုတာ သိရှိနိုင်ပါတယ်။ နယူးဇီလန်နိုင်ငံဆိုရင် နိုင်သူအကုန်ယူစနစ်ကို နှစ်ပေါင်း ၁၀၀ လောက်သုံးပြီးမှ ပီအာရ်စနစ်ကို ပြည်သူတွေတောင်းဆိုမှုအရ ပြောင်းလဲခဲ့တာပါ။ အခုအချိန်မှာ ပီအာရ်စနစ်ပြောင်းလဲကျင့်သုံးဖို့ ပြည်သူတွေက တောင်းဆိုနေပါသလားဆိုတာ မေးရမယ့်မေးခွန်းတစ်ခုပါ။ အဲဒီလိုမဟုတ်ဘဲ ဆန္ဒအရ အတင်းအကျပ်ဆောင်ရွက်မယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးကို အများကြီးဦးတည်နိုင်ပါတယ်လို့ သုံးသပ်ပါတယ်။ ပြည်သူတွေရဲ့အသံကို အလေးအနက်ထားဖို့ လိုအပ်ပါတယ်" ဟုဆွေးနွေးသည်။ဧပြီ ၇ ရက်တွင်ပြုလုပ်သည့် ပီအာရ်စနစ်ကျင့်သုံးရေး ကြားနာပွဲသို့ နိုင်ငံရေးပါတီရှစ်ခု တက်ရောက်ဆွေးနွေးခဲ့ကြောင်း၊ ဧပြီ ၈ ရက်တွင် နိုင်ငံရေးပါတီ ၂၀ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent