သာယာဝတီထောင်၌ဖမ်းဆီးထားသော ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ကျောင်းသားကျောင်းသူများနှင့် ဝန်းရံပြည်သူများအား တတိယအကြိမ်ရုံးထုတ်သည့်နေ့တွင် ဖမ်းဆီးခံထားရသူအားလုံး ပြန်လွှတ်ပေးရန် ဗကသကျောင်းသားများ တရားရုံးရှေ့ဆန္ဒပြ

သာယာဝတီထောင်၌ဖမ်းဆီးထားသော ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ကျောင်းသားကျောင်းသူများနှင့် ဝန်းရံပြည်သူများအား တတိယအကြိမ်ရုံးထုတ်သည့်နေ့တွင် ဖမ်းဆီးခံထားရသူအားလုံး ပြန်လွှတ်ပေးရန် ဗကသကျောင်းသားများ တရားရုံးရှေ့ဆန္ဒပြ
Published 7 April 2015

လက်ပံတန်းမြို့နယ်တွင် မတ်လအတွင်းက အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြမှုကြောင့် သာယာဝတီအကျဉ်းထောင်၌ ဖမ်းဆီးခံထားရသော ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံပြည်သူများအား ဧပြီ ၇ ရက် နံနက်ပိုင်းတွင် လက်ပံတန်းမြို့နယ်တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့သည်။အဆိုပါရုံးချိန်းတွင် သာယာဝတီအကျဉ်းထောင်၌ ယခင်ဖမ်းဆီးခံထားရသော ကျောင်းသားကျောင်းသူ၊ ဝန်းရံပြည်သူစုစုပေါင်း ၆၉ ဦးအပြင် ရန်ကုန်တွင် ရဲတပ်ဖွဲ့ဝင်များဖမ်းဆီးခဲ့သည့် ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုနန္ဒာစစ်အောင်ကိုလည်း ရုံးထုတ်ခဲ့သည်။ယင်းသို့ရုံးထုတ်ရာတွင် ရဲတပ်ဖွဲ့ဝင်များက လက်ပံတန်းတရားရုံး အဝင်လမ်းဖြစ်သော ဘီးလင်းတန်းလမ်းထိပ်နှင့် ဆက်စပ်လမ်းများကို ပိတ်ဆို့၍ ကား၊ စက်ဘီး၊ ဆိုင်ကယ်တို့ ဖြတ်သန်းခွင့်တားဆီးကာ တရားရုံးသို့ လာရောက်သူများအား လမ်းလျှောက်ဖြတ်သန်းစေခဲ့သည်။ထို့နောက် တရားရုံးသို့ အဖမ်းဆီးခံကျောင်းသားများရောက်ရှိချိန်တွင် မိသားစုဝင်များနှင့် ၁၅ မိနစ်ခန့်သာ တွေ့ဆုံခွင့်ပေးခဲ့သည်။ တရားရုံးထုတ်ချိန် နံနက်ပိုင်းတွင် မီဒီယာများ ဓာတ်ပုံရိုက်ကူးခွင့်ကို ရဲတပ်ဖွဲ့ဝင်များက တင်းကျပ်ခဲ့ပြီး တရားရုံးမှ ထွက်ခွာချိန်မှသာ ကျောင်းသားများအား မီဒီယာများနှင့် မိနစ်အနည်းငယ်ကြာ တွေ့ဆုံခွင့်ပြု ခဲ့သည်။တရားရုံးသို့ လာရောက်ကြည့်ရှုသည့် ပြည်သူအချို့မှာလည်း အဖမ်းဆီးခံကျောင်းသားများနှင့် တွေ့ဆုံခွင့်ပေးရန်၊ အမှုအား အများပြည်သူရှေ့ ပွင့်လင်းမြင်သာစွာ ကြားနာပေးရန် တရားရုံးခြံအရှေ့မှနေ၍ သက်ဆိုင်ရာသို့ တောင်းဆိုမှုများရှိခဲ့သည်။

ရုံးထုတ်သည့်နေ့တွင် ဆန္ဒပြနေသူများအား ဧပြီ ၇ ရက်က တွေ့ရစဉ်"ကျောင်းသားတွေက ကတိတည်ခဲ့တယ်။ ကတိချိုးဖောက်ခဲ့တာရှိရင် အစိုးရအနေနဲ့ချပြပါ။ အစိုးရကတိချိုးဖောက်ခဲ့တာကို ကျွန်တော်တို့အနေနဲ့ ပြန်ပြောပြဖို့တောင်မလိုဘူး။ ပြည်သူအားလုံးသိတယ်။ ကျောင်းသားတွေအကြမ်းမဖက်ပါဘူးလို့ ကတိပေးပြီး အခုလိုအကြမ်းဖက် ရိုက်နှက်ဖမ်းဆီး တရားစွဲဆိုတာတွေလုပ်နေတာ။ အစိုးရကိုပြောချင်တာက ဒီမိုကရေစီနည်းလမ်းကို ကျင့်သုံးနေတယ်ဆိုရင် ဒီမိုကရေစီနည်းလမ်းအတိုင်းသွားပါ။ အာဏာရှင်နည်းလမ်းကို မကျင့်သုံးပါနဲ့။ နိုင်ငံရဲ့အဘက်ဘက်မှာ ညှိနှိုင်းတွေ့ဆုံဆွေးနွေးမှုတွေလုပ်နေပြီး ကတိမတည်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အခုအဖမ်းခံထားရတဲ့ ကျောင်းသားတွေရဲ့အဖြစ်ကိုပဲ နမူနာကြည့်ပါ။ နိုင်ငံရဲ့ တာဝန်အရှိဆုံးနေရာမှာနေရင် တာဝန်ကျေအောင်လုပ်ပါ။ ကလေးကလားမဆန်ပါနဲ့" ဟု ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုနန္ဒာစစ်အောင်က ပြောကြားသည်။

ကျောင်းသူကျောင်းသားများအား ရုံးထုတ်သည့်နေ့တွင် တရားရုံးအနီး လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်အဆိုပါရုံးချိန်းသို့လာရောက်ခဲ့သူများက "အကြမ်းဖက်မှုအလိုမရှိ" စာသားရေးသားထားသည့် ပင်နီဦးထုပ်နှင့် လက်ပတ်အမည်းများ ဖြန့်ေ၀၀တ်ဆင်ခဲ့ကြသည်။ သို့သော် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသားများနှင့်တွေ့ဆုံမည့် မိသားများနှင့်တွေ့ဆုံစဉ် လက်ပတ်နှင့်ဦးထုပ်များအား ဝတ်ဆင်ခွင့်မပြုခဲ့ပေ။မွန်းတည့်ချိန်တွင် ဗကသအဖွဲ့ဝင် ၁၅ ဦးကျော်က "အဖမ်းဆီးခံကျောင်းသားများအား အမြန်ဆုံးလွှတ်ပေးရေး ဒို့အရေး"၊ "အကြမ်းဖက်မှုအလိုမရှိ"၊ "ဒီမိုကရေစီပညာရေး ဒို့အရေး" စသည့်ကြွေးကြော်သံများဖြင့် တရားရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

ရုံးထုတ်သည့်နေ့တွင် ဆန္ဒပြနေသူတစ်ဦး"ကျောင်းသားတွေ တောင်းဆိုနေတာက ဒီမိုကရေစီပညာရေးကိုပါ။ အခုတောင်းဆိုတဲ့အချက်တွေကို အမြန်အကောင်အထည်ဖော်ပေးပါလို့ တောင်းဆိုပါတယ်" ဟု တောင်ငူခရိုင် ဗကသအဖွဲ့ဝင် ကိုဗစ်တာကပြောကြားသည်။ထို့ပြင် ကျောင်းသားများကိုထောက်ခံသည့်အနေဖြင့် တရားရုံးအပြင်ဘက်လမ်းပေါ်တွင် အမျိုးသားတစ်ဦးက ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသရုပ်ပြမှုတစ်ခု ပြုလုပ်ခဲ့သည်။"အမှုတွဲက ဒီမှာမရှိတော့ဘူး။ သာယာဝတီခရိုင်တရားရုံးဘက်ကို အစိုးရကလျှောက်ထားတဲ့အတွက် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၂၆ အရ ရောက်သွားပြီ။ ဒီနေ့က အမှုတွဲအငှားလိုက်ပြီး ရုံးထုတ်တယ်လို့ခေါ်ပါတယ်။ ရုံးပြောင်းဖို့နဲ့ပတ်သက်ပြီး ၂၃ ရက်မှာအမိန့်ချမယ်။ အစိုးရဘက်က လုံခြုံရေးအခြေအနေအရ ရုံးပြောင်းတာလို့သိရတယ်။ ဒီနေ့ရုံးထုတ်တာက အစပိုင်းမှာ တော်တော်တင်းကျပ်တယ်။ နောက်ပိုင်းမှ အဆင်ပြေသွားတာပါ။ အဓိကတစ်ခုပဲပြောချင်တာက ကျောင်းသားတွေတောင်းဆိုချက်တွေရှိတယ်။ ပထမတစ်ချက်က အများပြည်သူရှေ့မှာ လွတ်လပ်စွာတရားစီရင်ရမယ်။ ဒုတိယအချက်က တရားခွင်ထဲမှာ ကျောင်းသားတွေကို လက်ထိပ်ခတ်ထားတဲ့အချက်ရယ်ပါ။ လူဆိုးသူခိုးတွေကိုရုံးထုတ်တာတောင် အချုပ်ကားပေါ်မှာ လက်ထိပ်မခတ်ပါဘူး။ တရားရုံးကိုတင်တဲ့အခါမှသာလျှင် လုံခြုံရေးအရခတ်တာပါ။ အခုကျောင်းသားတွေကို လက်ထိပ်ခတ်တာက အငြိုးနဲ့လုပ်နေသလိုဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ ကျောင်းသားတွေကိုထောက်ခံပါတယ်။ ကျောင်းသားတွေလုပ်ရပ်က နိုင်ငံရေးသဘောဆောင်တာ ဘာမှမပါဘူး။ ပညာရေးနဲ့ပဲသက်ဆိုင်တဲ့သဘောပါ" ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ရှေ့နေဦးသိန်းသန်းဦးကဆိုသည်။

အချုပ်ကားပေါ်ရှိ ကျောင်းသားများအား လာရောက်နှုတ်ဆက်နေသူများရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက "ထူးဆန်းတာတစ်ခုက အခုမှသိတဲ့ကိစ္စပေါ့။ ကလေးတွေကို၊ ကျောင်းသားတွေကိုဖမ်းတဲ့နေရာကနေ အချုပ်ကားပေါ်တင်တဲ့အခါမှာ ရဲတပ်ဖွဲ့က နှစ်ဖွဲ့ခွဲပြီး ဟိုဘက်ဒီဘက်နှစ်ဖွဲ့ခွဲပြီး ကျောင်းသားတွေကို အလယ်ကလျှောက်ခိုင်းတယ်။ ပြီးတော့ဝိုင်းရိုက်ကြတယ်။ အဲဒီကိစ္စကို အခုမှသိရတယ်။ ဒီကိစ္စအမှန်သာဆိုရင် ဒါဟာမဖြစ်သင့်တဲ့ကိစ္စပါ။ အစိုးရဦးဆောင်တဲ့အကြမ်းဖက်မှုပါ။ အဲဒါကို အန်တီဘက်ကစုံစမ်းပါမယ်။ နောက်တစ်ခုက အသက်မပြည့်တဲ့ကလေးတွေလည်း တွေ့ခဲ့တယ်။ နောက်ပြီး အဝေးသင်ကျောင်းသားတွေကို ကျောင်းသားလိုမသတ်မှတ်ဘူးလို့ပြောတာကို အန်တီက အဝေးသင်ကျောင်းသားတွေ ဘယ်သူတွေလဲဆိုတာမေးခဲ့တယ်။ ပြီးရင် တက္ကသိုလ်တွေကိုသွားပြီး သူတို့တွေဟာ ကျောင်းသားတွေဖြစ်ကြောင်း သက်သေခံမယ်။ ကျောင်းသားဖြစ်ကြောင်း ဆိုင်တဲ့အထောက်အထားတွေကိုတင်ပြမယ်။ အခုအထဲက ကျောင်းသားတွေက တချို့က ကျန်းမာရေးကောင်းတယ်။ တချို့ကကျန်းမာရေးမကောင်းဘူး။ အန်တီဘက်ကတော့ ဥပဒေထဲကနေ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို အကုန်လုပ်ပေးသွားမယ်" ဟုပြောကြားသည်။

ရုံးထုတ်သည့်နေ့တွင်တွေ့ရသည့် ကိုနန္ဒာစစ်အောင်မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား သာယာဝတီအကျဉ်းထောင်သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီး တရားရုံးသို့ လာရောက်ကြည့်ရှုသူများနှင့် ဖမ်းဆီးခံကျောင်းသားများက သွေးသစ္စာသီချင်း၊ ကမ္ဘာမကြေဘူးသီချင်းတို့အား သံပြိုင်သီဆိုခဲ့ကြသည်။"ကျွန်မတို့ ကျောင်းသားတွေရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးကို လုံးဝမမေ့ပါဘူး။ အခုချိန်အထိလည်း အဲဒါကိုကိုင်စွဲထားပါတယ်။ အခုတရားစီရင်ရေးစနစ်က လုံးဝပွင့်လင်းမြင်သာမှုမရှိပါဘူး။ ကျွန်မတို့အနေနဲ့ ရှေ့နေတွေနဲ့ တွေ့ခွင့်ရဖို့ ခက်ခဲနေဆဲပါ။ မိသားစုတွေက ထောင်ဝင်စာတွေလာတွေ့တဲ့အခါမှာလည်း အချို့သူတွေ တွေ့ခွင့်မရသေးပါဘူး။ ကျွန်မတို့တွေဟာ တိုင်းပြည်ရဲ့ အရေးကြီးဆုံးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ ဆောင်ရွက်နေကြတဲ့သူတွေပါ။ တိုင်းပြည်ရေရှည်အကျိုးစီးပွားဖြစ်ထွန်းဖို့ တောင်းဆိုနေတဲ့ကျောင်းသားတွေ၊ ဝန်းရံပြည်သူတွေကိုဖမ်းဆီးထိန်းသိမ်းတာဟာ ဦးသိန်းစိန်အစိုးရအနေနဲ့ ဒီမိုကရေစီစနစ်ကိုသွားနေပြီဆိုရင် ဒီကနေ့မှာ တကယ့်အဖြေကို ရသင့်ပြီထင်ပါတယ်" ဟု ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တစ်ဦးလည်းဖြစ်သူ မဖြိုးဖြိုးအောင်က မီဒီယာများသို့ ဖြေကြားသည်။သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးထားသော ကျောင်းသားကျောင်းသူများနှင့် ဝန်းရံပြည်သူစုစုပေါင်း ၇၀ ခန့်အား ပုဒ်မ -၁၄၃၊ ပုဒ်မ-၁၄၅၊ ပုဒ်မ-၁၄၇၊ ပုဒ်မ-၃၃၂၊ ပုဒ်မ -၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုထားပြီး ယင်းအနက်ကျောင်းသားခေါင်းဆောင်ကို ကျော်ကိုကို၊ ရဲရင့်ကျော် (ခ) ကျော်စိုးမိုး၊ မြတ်သူ(ခ)မြတ်သူအောင်တို့အား တရားခံပြေးအဖြစ် တရားရုံးကကြေညာထားကြောင်း သိရသည်။ နောက်တစ်ကြိမ်ရုံးချိန်းအား ဧပြီ ၉ ရက်သို့ ချိန်းဆိုထားကြောင်း သိရသည်။ဖမ်းဆီးခံထားရသူများနှင့် ၎င်းတို့နှင့်သက်ဆိုင်သူများ၏ ပြောကြားချက်များ"အခုလိုတရားရုံးမှာ လုံခြုံရေးကို လိုတာထက်ချထားတာဟာ ကျွန်မတို့ရဲ့လွတ်လပ်ပိုင်ခွင့်ကို အာဏာရှင်ပုံစံနဲ့ ခြိမ်းခြောက်ပြီး ထိန်းထားသလိုဖြစ်နေတယ်။ ကျောင်းသားတွေက ဒီနိုင်ငံရဲ့ပညာရေးစနစ်ကောင်းမွန်တိုးတက်ရေးအတွက် တောင်းဆိုတာပါ။ ဒါကို အစိုးရအနေနဲ့ အကြမ်းဖက်ဖမ်းဆီးတာဟာ အစိုးရရဲ့ပညာရေးစနစ်အပေါ်ရှုမြင်မှုပါပဲ။ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို မဖမ်းပါဘူးဆိုပြီး ဖမ်းတယ်"မအိသဉ္ဇာမောင် (ဖမ်းဆီးခံထားရသူ)"ကျောင်းသားတွေကို ပွင်းလင်းမြင်သာမှုမရှိဘဲ တရားရုံးထုတ်တယ်။ ဒါဟာ တရားမျှတမှုမရှိတာပဲ။ ကျောင်းသားတွေကို လက်ထိတ်ခတ်ရအောင် ကျောင်းသားတွေက သူခိုးဓားပြလူဆိုးတွေမဟုတ်ဘူး။ ပညာရေးစနစ်မကောင်းလို့ ပြောင်းလဲဖို့ကြိုးစားနေတာ။ ကျောင်းသားတွေကိုရိုက်နှက်လို့ ပြန်ရိုက်တယ်ဆိုတာလို့ပြောတဲ့ သမ္မတကြီးလည်း မစဉ်းစားမိဘူးလား။ ပြီးတော့ ကျွန်မကိုယ်တိုင်က အထက်ပြကျောင်းဆရာမတစ်ယောက်ပါ။ ကျွန်မသင်နေတဲ့ကျောင်းသားတွေထဲမှာလည်း အရမ်းဆိုးတဲ့ကျောင်းသားတွေရှိတယ်။ အဲ့လိုဆိုရင် ကျောင်းသားတွေအရမ်းဆိုလို့ ဒေါသထွက်ပြီး ကျွန်မကနံပါတ်တုတ်နဲ့ ရိုက်ရမှာလားလို့ ပြန်မေးချင်တယ်။ လက်ရှိပညာရေးစနစ်က ပြီးပြည့်စုံပြီး လွတ်လပ်တဲ့ပညာရေးစနစ်မဟုတ်ဘူးလို့ ပြောချင်တယ်"ကိုသီဟဝင်းတင်(ဖမ်းဆီးခံရသူ)၏ မိခင်"ရုံးချိန်းကို ဧပြီ ၉ ရက်ကိုချိန်းဆိုထားတယ်။ ကျောင်းသားနဲ့ဝန်းရံသူအချို့က အဖမ်းခံရစဉ်အချိန်က ခေါင်းတွေ နံပါတ်တုတ်တွေနဲ့ အရိုက်ခံထားရတယ်။ အဲဒီဒဏ်ရာတွေကြောင့် တချို့က ခေါင်းတွေကိုစမ်းလိုက်ရင် ပျော့စိစိဖြစ်နေတယ်။ ထိရောက်တဲ့ စစ်ဆေးမှုတွေ၊ ကုသခွင့်တွေ အချိန်ထိမရသေးဘူး။ ဒီနေ့တရားခွင့်ကို ကျောင်းသူတွေကိုခေါ်လာတဲ့အခါမှာ လက်ထိတ်ခတ်ပြီးခေါ်လာတယ်။ အရင်ရုံးချိန်းမှာတုန်းက မဖြိုးဖြိုးအောင်က တရားသူကြီးဥပဒေနဲ့အညီ တရားခွင်မှာပြုလုပ်ဖို့အတွက် တောင်းဆိုခဲ့တယ်။ ဒီတရားခွင်ကိုလာတဲ့အချိန်တွေမှာ ကျောင်းသူတွေကို လက်ထိတ်တွေဖြုတ်ဖို့ တရားသူကြီးကိုယ်တိုင်အမိန့်ပေးထားတယ်။ ဒီနေ့ရုံးထုတ်တော့လည်း လက်ထိတ်ကခတ်ထားတုန်းပဲ။ ဒါက ဘယ်သူ့အမိန့်လဲဆိုတာ မေးခွန်းထုတ်စရာတွေဖြစ်လာတယ်။ ရုံးထုတ်ပြီးလို့ အပြန်အချုပ်ကားပေါ်တင်တော့လည်း လက်ထိတ်တွေထပ်ခတ်ထားတာကြောင့် ကျောင်းသားတွေက လက်ထိတ်တွေဖြုတ်ပေးဖို့တောင်းဆိုတယ်။ အပြင်ကမိဘတွေကလည်း လက်ထိတ်တွေဖြုတ်ပေးဖို့ မတရားချုပ်နှောင်မှုတွေမလုပ်ဖို့ အော်ဟစ်ပြောဆိုမှုတွေရှိခဲ့တယ်။ ကျွန်တော်က ခရိုင်မှူးကို အကျိုးအကြောင်းပြောတော့မှ လက်ထိတ်တွေဖြုတ်ပေးပါတယ်"ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ)"ဒီကနေကတော့ ရုံးထုတ်ပါပဲ။ ၉  ရက်ကိုပြန်ချိန်းထားပါတယ်။ ရုံးပြောင်းတဲ့ကိစ္စကတော့ မပြီးသေးပါဘူး။ ဒါပေမဲ့ သာယာဝတီမှာက ၂၃ ရက်ချိန်းထားတယ်။ ၉ ရက် ရုံးထုတ်ကတော့ ထပ်ပြီးထုတ်တာပါ လက်ပံတန်းမှာပဲ။ ရန်ကုန်ကရုံးတွေမှာလည်း ဒီလိုပါပဲ။ သင်္ကြန်မတိုင်ခင်မှာ ရုံးထုတ်တဲ့သဘောပေါ့။ သင်္ကြန်တွင်းအတွက် အစားအသောက်ပေးလို့ရတာပေါ့။ ကျွန်တော့်သားဟာ မဆိုင်တဲ့ဟာတွေအတွက် အမှုဖွင့်ခဲ့တာဟာ တော်တော်များပါတယ်။ လူငယ်တစ်ယောက်ကို အဲဒီလောက်အမှုဖွင့်ထားတဲ့အတွက်လည်း အံသြမိပါတယ်။ ဥပဒေရှုထောင့်ကတော့ ရုံးရောက်မှရှင်းကြရမှာပေါ့။ ရုံးပြောင်းကိစ္စ မပြီးသတ်သေးတဲ့အတွက် ရုံးထုတ်တာဖြစ်တဲ့အတွက် မိသားစုတွေနဲ့ သူတို့တွေတွေ့ခွင့်ရကြပါတယ်။ ကျောင်းသားတွေက အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက်လုပ်တာကို အာဃာတတွေနဲ့ ဖမ်းဆီးတာကို အံသြပါတယ်။ ဒါဟာ လေးပွင့်ဆိုင်သဘောတူညီတွေကို အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကတိမတည်တာပါ။ ဆိုလိုတာက ကျောင်းသားတွေက ကတိတည်တယ်။ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေက ကတိမတည်ဘူး။ ဘာဖြစ်လို့လဲဆိုရင် လေးပွင့်ဆိုင်သဘောတူညီချက်မှာ အရေးမယူပါဘူးဆိုပြီး သဘောတူညီပြီးသား။ အရေးယူခံရတာတောင် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတာဆိုတော့ ဝမ်းနည်းမိတယ်။ ဒီကနေ့ ရုံးထုတ်တဲ့အခါမှာလည်း တရားစီရင်ရေးက မလွတ်လပ်တာကို ရှေ့နေတွေရော၊ ပြည်သူတွေရောသိချင်နေကြတယ်။ အဲဒီတော့ တရားစီရင်ရေးပိုင်းကို အုပ်ချုပ်ရေးပိုင်းက လွှမ်းမိုးမှုရှိနေတယ်။ ဒီကနေအမှုမှာဆိုရင်ပဲ ကြည့်လိုက်ပါ"ရှေ့နေဦးဌေး (ကိုနန္ဒာစစ်အောင်၏ ဖခင်)"ကျွန်မတို့အမျိုးသားလွတ်တော်မှာအတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေနဲ့ပက်သက်ပြီး ကျေနပ်မှုမရှိဘူး။ သမဂ္ဂဖွဲ့စည်းခွင့်အတွက် တက္ကသိုလ်ပဋိညာဉ်က အဓိကပြဿနာဖြစ်နေတယ်၊။ အဲဒါကို ဘယ်သူတွေရေးဆွဲမှာလဲ။ သမဂ္ဂဖွဲ့စည်းခွင့်ကို ကျောင်းသားတွေက ဖွဲ့စည်းမှာဖြစ်တဲ့အတွက် အဲဒါကို ကျောင်းသားတွေရဲ့စိတ်ဆန္ဒနဲ့ ရေးဆွဲတာဖြစ်ရမယ်။ အစိုးရအနေနဲ့ ကျွန်မတို့ကျောင်းသားသမဂ္ဂတွေကို ယုံကြည်မှုမရှိသေးဘဲ သံသယစိတ်ရှိနေတယ်ဆိုတာ ကျွန်မတို့သမဂ္ဂတွေရဲ့လှုပ်ရှားမှုတွေကို ဖြိုခွင်းတာကိုကြည့်ရင် သိနိုင်တယ်။ကျွန်မတို့ရဲ့ မူလဦးတည်ချက်ဖြစ်တဲ့ အချက် ၁၁ ချက်ကိုမူတည်ပြီး ဥပဒေကြမ်းတစ်ခုရေးဆွဲထားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့တာဟာ တရားဝင်တယ်လို့ထင်ပါတယ်။ ထောင်ထဲမှာတော့ ခြင်တွေကအတော်ကိုက်ပါတယ်။ စောင်တော့ရှိပေမယ့် ခြင်ထောင်တော့မပေးဘူး။ လိုအပ်တာတော့အမှန်ပါ။ ကျန်းမာရေးကတော့ ကျောင်းသားတော်တော်များက အစာအိမ်နဲ့ပတ်သက်ပြီးတော့ ဖြစ်နေကြတယ်။ ဖြိုခွင်းခံရတုန်းက ဒဏ်ရာရခဲ့တဲ့ကျောင်းသားတွေကို ကျန်းမာရေးသေချာစစ်ဆေးပေးဖို့လိုပါတယ်"ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်"အမေက မန္တလေးကလာတာအခု သားရုံးချိန်းလာတာ ရင်ထဲတပြုံကြီး အရမ်းဝမ်းနည်းခံစားရတယ်။ အဲဒီလိုခံစားရတာက သားတစ်ယောက်အတွက်တည်းမဟုတ်ဘူး အားလုံးအတွက်ပဲ။ အမေတို့က အဝေးကြီးကလားပြီး သားနဲ့တွေ့ရအချိန်က ခဏလေးပဲဆိုတော့ မဖြစ်သင့်ဘူး။ ကြာကြာတွေ့ချင်တယ်။ အမေ့အနေနဲ့ အိမ်ပြင်ကမထွက်လို့ ဘာအကြောင်းအရာမှမသိပေမယ့် အခုသားလုပ်တဲ့အရာအပေါ်မှာတော့ ကောင်းတယ်လို့ယူဆတယ်။ ဒီနေ့ရုံးချိန်းမှာလည်း တရားရုံးအဝင်လမ်းထိပ်ပိတ်ထားတော့ အမေ့တို့ အသက်ကြီးပိုင်းအနေနဲ့ အရမ်းအခက်အခဲရှိပါတယ်"ဒေါ်ချစ်မြိုင် (ကိုအောင်မှိုင်းဆန်း၏ မိခင်)"ကလေးဒဏ်ရာနဲ့ပတ်သက်ပြီး ဒေါက်တာဒေါ်ညိုညိုသင်းကိုလည်း ပြောထားပါတယ်။ သားခေါင်းမှာရှိနေတဲ့ ဒဏ်ရာကြီးက ပျော့စိပျော့စိဖြစ်နေတယ်။ အန်တီတို့အနေနဲ့ အရမ်းစိုးရိမ်ပါတယ်။ သူ့ဒဏ်ရာကအတွင်း ကြေသလိုဖြစ်နေတယ်။ အဲဒီဒဏ်ရာက သားကို ရဲတွေဝိုင်းရိုက်လို့ရတဲ့ဒဏ်ရာ။ သူနဲ့အတူနေခဲ့တဲ့ကလေးက လွတ်လာတော့လည်း အန်တီတို့ကို သားဒဏ်ရာနဲ့ပတ်သက်ပြီး ပြောပြထားတာတွေရှိတယ်။ သားကဒဏ်ရာနဲ့ပတ်သက်ပြီး ထောင်တာဝန်ရှိတဲ့လူတွေကို ပြောပြတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ဓာတ်မှန်ရိုက်ပေးတယ်လို့ပြောတယ်။ အခုချိန်ထိတော့ ဓာတ်မှန်ရိုက်ထားတာနဲ့ပတ်သက်ပြီး အဖြေမသိရသေးဘူး။ လာလည်းမပြောဘူးလို့ သားကပြောတယ်။ ဒီနေ့ရုံးချိန်းက ပြီးခဲ့အပတ်ကထက် ပိုပြီးတင်းကျပ်တယ်။ တရားရုံးကိုလာတော့ ထိပ်မှာပိတ်ထားတော့ အန်တီတို့က ပစ္စည်းတွေနဲ့လာတာမို့လို့ အခက်အခဲရှိခဲ့တယ်။ လုံခြုံရေးယူတယ်ဆိုတာလည်း ဘယ်သူ့အတွက် လုံခြုံရေးယူတာလဲလို့မေးချင်တယ်။ အခုလိုရုံးချိန်းတွေမှာ ပွင့်လင်းမြင်သာမှုမရှိတာကြောင့် မှန်ကန်တဲ့တရားစီရင်ရေးဖြစ်ပါ့မလားဆိုတာ အန်တီအနေနဲ့ အရမ်းစိုးရိမ်မိပါတယ်။ သမ္မတကြီးအနေနဲ့ ဒီဖြစ်ရပ်တွေကိုဝမ်းနည်းပါတယ်။ စိတ်မကောင်းပါဘူးလို့ပြောတာဟာ အန်တီတို့မိဘတွေအတွက် ဖြေသိမ့်ကျေနပ်စရာမဟုတ်ပါဘူး"ဒေါ်ခင်ခင် (ကိုမင်းသွေးသစ်၏ မိခင်)

Most Read

Most Recent