မြန်မာ ယူ-၂၃ အသင်း ဆီးဂိမ်းစ်မတိုင်မီ ဥရောပ (သို့မဟုတ်) အာရှနိုင်ငံများ၌ လေ့ကျင့်ရန် စီစဉ်၊ သင်္ကြန်ကာလ ပြီးဆုံးမှသာ ပဏာမလက်ရွေးစင် ကစားသမား စုံလင်စွာ လေ့ကျင့်နိုင်ဖွယ်ရှိ

မြန်မာ ယူ-၂၃ အသင်း ဆီးဂိမ်းစ်မတိုင်မီ ဥရောပ (သို့မဟုတ်) အာရှနိုင်ငံများ၌ လေ့ကျင့်ရန် စီစဉ်၊ သင်္ကြန်ကာလ ပြီးဆုံးမှသာ ပဏာမလက်ရွေးစင် ကစားသမား စုံလင်စွာ လေ့ကျင့်နိုင်ဖွယ်ရှိ
Published 5 April 2015

မြန်မာ ယူ-၂၃ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ပြင်ဆင်မှုအဖြစ် ဥရောပ (သို့မဟုတ်) အာရှထိပ်သီး နိုင်ငံများသို့ သွားရောက်လေ့ကျင့်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။မြန်မာ ယူ-၂၃ အသင်းသည် ပြီးခဲ့သည့် ဧပြီ ၃ ရက်မှစ၍ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်လျက်ရှိပြီး အာရှ ယူ-၂၃ ခြေစစ်ပွဲဝင်ခဲ့သည့် ကစားသမား ၂၃ ဦးကိုပင် အခြေခံကာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကစားသမားသစ်များ ထပ်မံရွေးချယ်ရန်အတွက် စီစဉ်လျက်ရှိသည်။ မြန်မာ ယူ-၂၃ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် တစ်လကျော်ကြာ ရရှိမည်ဖြစ်သော်လည်း ပဏာမလက်ရွေးစင် ကစားသမားများ အစုံအလင် လေ့ကျင့်နိုင်မှုမှာ သင်္ကြန်ကာလပြီးမှသာ ရရှိနိုင်ဖွယ်ရှိနေပြီး လက်ရှိတွင် ဧရာဝတီအသင်းနှင့် ရတနာပုံအသင်းတို့မှ ကစားသမားများမှာ ကလပ်အသင်းများနှင့်အတူ AFC Cup ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ ထို့ပြင် ကစားသမားများ ခေါ်ယူရန်အတွက်လည်း ညှိနှိုင်းမှုများ ပြုလုပ်နေရပြီး  အသစ်ခေါ်ယူမည့် ကစားသမားများမှာလည်း သင်္ကြန်ကာလပြီးမှသာ ရောက်ရှိဖွယ်ရှိနေသည်။ မြန်မာ ယူ-၂၃ အသင်းသည် လာမည့် မေလဆန်းပိုင်းမှစ၍ နိုင်ငံတကာ ခြေစမ်းပွဲများ ကစားရန် စီစဉ်ထားပြီး အာရှထိပ်သီး နိုင်ငံများဖြစ်သည့် တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင် လေ့ကျင့်ရန် အဆင်မပြေပါက ဥရောပနိုင်ငံများ၌ လေ့ကျင့်ခွင့်ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် ယင်းခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မေလအတွင်း၌လည်း ဖိတ်ခေါ်ပြိုင်ပွဲတစ်ခု ကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။မြန်မာ ယူ-၂၃ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ယှဉ်ပြိုင်ခဲ့သည့် အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် အုပ်စုဒုတိယနေရာသာ ရရှိပြီး ခြေစစ်ပွဲ မအောင်မြင်ခဲ့ပေ။ မြန်မာ ယူ-၂၃ အသင်းသည် အိမ်ရှင်တရုတ်(တိုင်ပေ)အသင်းကို (၃-ဝ)ဂိုး၊ ဟောင်ကောင်အသင်းကို (၂-၁) ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့သော်လည်း နောက်ဆုံးပွဲတွင် သြစတြေးလျအသင်းကို (၅-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent