တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ် စင်ဟိုင်းကျေးရွာအုပ်စု ကုန်းဆာကျေးရွာ ကူးတို့ဆိပ်အနီး နှစ်နိုင်ငံအငြင်းပွားမှုဖြစ်ထားသည့် မြေပေါ်တွင် တရုတ်စစ်သားများ ပါဝင်သော မြေတိုင်းအဖွဲ့က တံတားဆောက်ရန်ဟုဆိုကာ တရုတ်အလံစိုက်ပြီး မတ် ၃ ရက် နံနက်ပိုင်းက တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ မြေတိုင်းတာမှုကို မတ် ၃ ရက် နံနက် ၈ နာရီခန့်တွင် တရုတ်စစ်သားများပါဝင်သော တရုတ်မြေတိုင်းအဖွဲ့က ရွှေလီမြစ် (လက်ရှိ မြန်မာဒေသခံများ နေထိုင်သည့်ဘက်ခြမ်း) သို့ ရောက်ရှိလာပြီး တရုတ်အလံစိုက်ထူကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်မှုအား အနီးပတ်ဝန်းကျင်ရှိ စင်ဟိုင်း၊ ကုန်းဆာ၊ မန့်နောင်ကျေးရွာများမှ ရွာသား ၅ဝဝ ကျော်ခန့်က ကန့်ကွက်မှု ပြုလုပ်ခဲ့ကြောင်း နမ့်ခမ်းမြို့နယ် မြို့ဖွံ့ဖြိုးရေး ထောက်ကူပြုအဖွဲ့ဝင် ဦးစိုင်းအောင်ဝင်း (နမ့်ခမ်းမြို့နယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဘဏ္ဍာရေးမှူး) က ပြောကြားသည်။ထို့သို့ ဒေသခံများက ကန့်ကွက်သည့်အပြင် နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူးမှလည်း တံတားဆောက်သည့် မြေတိုင်းတာမှုမျိုး ခွင့်မပြုနိုင်ကြောင်း စာထုတ်ပြန်ထားမှုကို တရုတ်မြေတိုင်းအဖွဲ့ထံ သွားရောက်၍ ဖတ်ကြားခဲ့သည့် နံနက် ၁ဝ နာရီကျော်တွင် တရုတ်မြေတိုင်းအဖွဲ့သည် တရုတ်အလံကို ပြန်နုတ်ယူကာ စက်လှေများဖြင့် တရုတ်နိုင်ငံဘက်ကမ်းသို့ ပြန်လည်ကူးသွားကြောင်း ဦးစိုင်းအောင်ဝင်းက ပြောကြားသည်။“အခု ကျွန်တော် သုံးသပ်ကြည့်တာ တရုတ်က လုပ်နေတာ မတရားဘူးပေါ့ဗျာ။ အနိုင်တအားကျင့်လွန်းတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားပေါ်မှာ သူတို့က လူလိုသူလို ဆက်ဆံတာမျိုး မရှိသလောက်ဘဲဗျ။ အခု ကျွန်တော်တို့ နိုင်ငံသားတွေက သူတို့နိုင်ငံရောက်ရင် ဘာညာဖမ်းဆီးပြီးတော့ ဆေးစစ်တာလို့ပြောပြီး တစ်ခါတည်း ထောင်ထဲသွင်းပြီးတော့ ကုမ္ပဏီကို ရောင်းစားနေတာ အခုပြန်လုပ်နေပြီ။ အဲဒီဟာကိုလည်း ကျွန်တော်တို့ အထက်တင်ထားတယ်။ အဲဒီလိုဖြစ်တဲ့သူတွေ ရဲ့စာရင်းအတိအကျနဲ့ ကျေးရွာအုပ်စုတွေ ဘာတွေ အတိအကျတင်ပေးဖို့ ကျွန်တော်တို့ လုပ်ထားတယ်။ အခုဟာက ဒီဟာတွေအပြင် တံတားဆောက်ဖို့ဆိုတာက တကယ်တမ်းဆို ကျွန်တော်တို့ သိထားသလောက်က အထက်က ခွင့်မပြုဘူး။ အဲဒီအထက်က ခွင့်မပြုဘဲနဲ့ အောက်ခြေက လှုပ်ရှားလို့ ကျွန်တော်တို့ပိုင်းက ဒီတိုင်းပဲ မျက်စိပိတ်နားပိတ်နေမယ်ဆိုရင်တော့ သူတို့ကတော့ နယ်ချဲ့လာမှာပဲ။ ဒီနေရာမှာ ကျွန်တော်တို့ ဝန်ကြီးဌာနအလိုက်ရော၊ သက်ဆိုင်တဲ့ ပြည်နယ်ဝန်ကြီးတို့၊ ပြည်ထောင်စုဝန်ကြီးတို့ နောက်ပြီးတော့ ကျွန်တော်တို့ဒေသမှာရှိတဲ့ ပြည်သူတွေအားလုံး စုပေါင်းပြီးတော့ ကိုယ့်မြေ၊ အမိမြေအကျူးကျော်မခံရအောင် စုပေါင်းပြီး ကာကွယ်သင့်တယ်လို့ မြင်တယ်။ အခုက အလံစိုက်ဖို့ကတော့ စိုက်ပိုင်ခွင့် မရှိဘူး။ နယ်မြေကျူးကျော်တာပဲလေ။ တခြားနိုင်ငံကို ပိုင်နက်ကျူးလွန်မှုပဲ”ဟု ဦးစိုင်းအောင်ဝင်းက ပြောကြားသည်။ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်အတွင်းကလည်း အဆိုပါနေရာ၌ပင် နှစ်နိုင်ငံ ပူးတွဲမြေတိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံဘက်မှ စိုက်ထူသည့် နယ်နိမိတ်အမှတ်အသားများကြောင့် မြန်မာနိုင်ငံသား ဒေသခံအချို့၏ လယ်မြေများ တရုတ်နိုင်ငံပိုင်နယ်ထဲသို့ ရောက်ရှိသွားသဖြင့် ဒေသခံများက နယ်နိမိတ်မှတ်တိုင်များကို ဖျက်ဆီးခဲ့ပြီး ကန့်ကွက်မှုများပြုလုပ်ခဲ့ရာ နယ်နိမိတ်တိုင်းတာမှုမှာလည်း ခေတ္တရပ်ဆိုင်းခဲ့ကာ နှစ်နိုင်ငံနယ်နိမိတ် အတိအကျ မသတ်မှတ်ရသေးသည့်နေရာဖြစ်ကြောင်း သိရသည်။
တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်ရှိ အငြင်းပွားမှုဖြစ်ထားသည့် မြေပေါ်တွင် တရုတ်စစ်သားများ ပါဝင်သော မြေတိုင်းအဖွဲ့က တံတားဆောက်ရန်ဟုဆိုကာ တရုတ်အလံစိုက်ပြီး တိုင်းတာမှုများ ပြုလုပ်သဖြင့် ဒေသခံများ ကန့်ကွက်









