စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) သို့ဝင်ရောက်ရန် တိုင်းရင်းသားပါတီအချို့ ကမ်းလှမ်းထား

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) သို့ဝင်ရောက်ရန် တိုင်းရင်းသားပါတီအချို့ ကမ်းလှမ်းထား
Published 3 April 2015

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) သို့ဝင်ရောက်ရန် တိုင်းရင်းသားနိုင်ငံရေးပါတီအချို့မှ ကမ်းလှမ်းထားကြောင်း သိရသည်။UNA မှပြောရေးဆိုခွင့်ရှိသူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က "လက်ရှိတော့ တိုင်းရင်းသားပါတီတချို့ကတော့ အဖွဲ့ထဲဝင်ရောက်ဖို့ ကမ်းလှမ်းထားမှုတွေရှိတယ်။ တရားဝင်စာနဲ့ ကမ်းလှမ်းထားတာကတော့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါ။ ကျန်တဲ့ပါတီတွေကတော့ အလွတ်သဘောပြောထားတာတွေလောက်ပဲရှိပါသေးတယ်။ အဲဒါကလည်း နှစ်ခုလောက်ရှိပါတယ်" ဟု ဧပြီ ၃ ရက်ကပြောကြားသည်။စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA)ကို ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည့် တိုင်းရင်းသားပါတီများဖြင့် ၂၀၀၂ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်ညီလာခံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းကပြုလုပ်ခဲ့သည်။UNA သို့ဝင်ရောက်ရန် ကမ်းလှမ်းထားသည့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က "ကျွန်တော်တို့ ဒီမတ်လကုန်ပိုင်းကပဲ UNA ကိုဝင်ရောက်နိုင်ဖို့အတွက် အကြောင်းကြားစာလှမ်းပို့ထားပါတယ်။ အဓိက,ကတော့ ကျွန်တော်တို့လက်တွဲလုပ်ဆောင်ချင်တယ်။ ရပ်တည်ချက်တွေတူညီတဲ့အတွက်ကြောင့်ပါ" ဟုပြောကြားသည်။UNA တွင် တိုင်းရင်းသားပါတီ ရှစ်ပါတီပါဝင်ကာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ကရင်အမျိုးသားပါတီတို့ဖြစ်သည်။"ကျွန်တော်တို့ပါတီတွေအနေနဲ့ ကမ်းလှမ်းလာရင်တော့ လက်ခံသွားမှာပေါ့။ အခုဆိုရင် ရွေးကောက်ပွဲအတွက်တင်မဟုတ်ဘူး။ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ကိစ္စတွေပေါ်လာပြီ။ နောက်အခြေခံဥပဒေပြင်ဆင်ရေး ဒါတွေအတွက်လည်း ဆက်ဆောင်ရွက်ရမှာတွေရှိသေးတယ်။ ဒီအတွက်လည်း အခုမိတ်ဖက်အဖွဲ့အစည်းတွေကြားထဲမှာ ဆွေးနွေးပွဲတွေ စလုပ်ဖို့စီစဉ်နေပါပြီ" ဟု ဦးစိုင်းညွန့်လွင်ကပြောကြားသည်။လက်ရှိတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) နှင့် မိတ်ဖက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပါတီများသည် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များဆိုင်ရာ အကြိုညှိနှိုင်းဆွေးနွေးပွဲများပြုလုပ်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံဆိုင်ရာအခြေခံမူများ ပူးပေါင်းရေးဆွဲရန်တို့အတွက် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ သဘောတူညီချက်များ အကောင်အထည်ဖော်ရေး ၁၅ ဦးပါ လုပ်ငန်းကော်မတီကိုဖွဲ့စည်းထားကြောင်း သိရသည်။

Most Read

Most Recent