သက်တမ်းကုန်ဝှိုက်ကတ်များမအပ်မီ မိတ္တူကူးသိမ်းထားသူများပြားလျက်ရှိပြီး နှစ်ရက်အတွင်း မောင်တောခရိုင်၌ ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) လာရောက်အပ်နှံသူ ၃၂၅၈ ဦးရှိ

သက်တမ်းကုန်ဝှိုက်ကတ်များမအပ်မီ မိတ္တူကူးသိမ်းထားသူများပြားလျက်ရှိပြီး နှစ်ရက်အတွင်း မောင်တောခရိုင်၌ ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) လာရောက်အပ်နှံသူ ၃၂၅၈ ဦးရှိ
Published 3 April 2015

ဘင်္ဂါလီအများစုသည် သက်တမ်းကုန်ဝှိုက်ကတ်များအားမအပ်မီ မိတ္တူကူးသိမ်းထားသူများပြားကြောင်းနှင့် နှစ်ရက်အတွင်း မောင်တောခရိုင်တွင် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) လာရောက်အပ်နှံသူ ၃၂၅၈ ဦး ရှိလာကြောင်း သတင်းရရှိသည်။သက်တမ်းကုန်ဝှိုက်ကတ်များအား ဧပြီ ၁ ရက်မှစတင်အပ်နှံကြရာတွင် မအပ်နှံမီတွင် မိတ္တူဆိုင်များတွင်စကင်ဖတ်ကာ သိမ်းထားနေကြကြောင်းနှင့် မြန်မာနိုင်ငံတွင်နေထိုင်ကြောင်း အထောက်အထားအဖြစ် သိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။"ဝှိုက်ကတ်မအပ်မီ ဘင်္ဂါလီတွေက မိတ္တူဆိုင်တွေမှာလာပြီး စကင်ဖတ်တယ်။ ပြီးရင် ပလက်စတိပ်အသေအချာလောင်းပြီး သိမ်းထားကြတယ်။ နောက်ပြီးရင် ဝှိုက်ကတ်နဲ့အတူ အိမ်ထောင်စုစာရင်းတွေလည်း အဲလိုမိတ္တူသိမ်းထားကြတာဖြစ်တယ်။ ဘင်္ဂါလီတွေက အစိုးရက တစ်ခုခုအထောက်အထားပေးရင် သိမ်းထားလေ့ရှိကြတယ်။ အခုလာအပ်တဲ့သူတွေဆိုရင် ယခင်က သုံးခေါက်ချိုးကတ်တွေရခဲ့တဲ့သူတွေများတယ်။ အများစုကတော့ စောင့်ကြည့်နေကြဆဲဖြစ်တယ်။ သိပ်အပ်တာမတွေ့ရသေးဘူး" ဟု မောင်တောမြို့ခံ ဦးလှရွှေကပြောကြားသည်။မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစောနိုင်က "မောင်တောတစ်ခရိုင်လုံးမှာ ပထမနေ့နဲ့ ဒုတိယနေ့ပေါင်းဆိုရင် လာအပ်တဲ့သူက ၃၂၅၈ ဦးရှိတယ်။ ပထမနေ့က ၉၁၆ ဦးနဲ့  ဒုတိယနေ့လာအပ်တာက ၂၃၄၂ ဦးရှိတယ်။ အခုဆိုရင်နယ်တွေက စာရင်းတချို့လည်းရောက်လာပါပြီ။ မနက်ဖြန်ဆို နယ်စပ်ကျေးရွာတွေကို ကွင်းဆင်းဖို့ရှိပါတယ်။ ဝှိုက်ကတ်ကိုမိတ္တူကူးပြီးသိမ်းထားတာကတော့ သူတို့ဒီမှာနေခဲ့တယ်ဆိုတဲ့ အထောက်အထားအဖြစ် သိမ်းထားတာဖြစ်မယ်။ ဒီကိုလာအပ်တဲ့ကတ်တွေကိုတော့ သေသေချာချာစိစစ်ပြီးမှ လက်ခံတာဖြစ်တဲ့အတွက် အတုကိုလာအပ်တာမရှိပါဘူး" ဟုဆိုသည်။မောင်တောတစ်မြို့နယ် ဝှိုက်ကတ်ကိုင်ဆောင်သူ ၃၀၅၇၀၀ ၊ ဘူးသီးတောင်တွင် ၁၇၉၃၅၀ နှင့် တောင်ပြိုလက်ဝဲမြို့နယ်တွင် ၁၅၃၁၇ ရှိပြီး ခရိုင်တစ်ခုလုံးတွင် ဝှိုက်ကတ်ကိုင်ဆောင်သူ ၅၀၀၃၆၇ ဦးရှိသည်။"တစ်လလုံး ကွင်းဆင်းဟောပြောထားတဲ့အတွက် အနှောင့်အယှက်လည်းမရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့ သူတို့ဆန္ဒနဲ့လာအပ်ကြတယ်။ ဒါကြောင့် အောင်မြင်မယ်လို့မျှော်လင့်ပါတယ်။ မေ ၃၁ ရက်အထိ တောက်လျှောက်လက်ခံသွားမှာဖြစ်ပါတယ်" ဟု မောင်တောခရိုင်လဝကဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစောနိုင်ကပြောကြားသည်။မောင်တောခရိုင်အတွင်းက မောင်တောမြို့နယ်တွင် စုရပ် ၅ ရပ်၊ ဘူးသီးတောင်မှာ ၄ ရပ်၊ တောင်ပြိုမှာ ၂ ရပ်၊ စုစုပေါင်း ၁၁ ရပ်ဖြင့်လက်ခံနေပြီး မောင်တောမြို့နယ် လဝကရုံးစုရပ်တွင် အများအပြားလာအပ်သူရှိကြောင်းလည်း သိရသည်။ ဝှိုက်ကတ်လာအပ်သူများအားထုတ်ပေးသည့် အထောက်အထားစာရွက်ကျောဘက်တွင် သတိပြုရန်အချက်များအဖြစ် အထောက်အထားစာရွက်သည် ယာယီသက်သေခံလက်မှတ်လာရောက်အပ်နှံပြီးသူ အားလက်ခံရရှိကြောင်းထုတ်ပေးသည့် အထောက်အထားစာရွက်သာဖြစ်ပြီး သက်သေခံလက်မှတ်မဟုတ်ကြောင်း၊ သက်သေခံလက်မှတ်တစ်မျိုးမျိုး ပြန်လည်ထုတ်ပေးချိန်တွင် အထောက်အထားစာရွက်အား ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများကတောင်းဆိုပါက အထောက်အထားစာရွက်အားပြသရမည်ဖြစ်ကြောင်းနှင့် အထောက်အထားစာရွက်အား အခြားသူတစ်ဦးဦးသို့ လွှဲပြောင်းကိုင်ဆောင်စေခြင်းမပြုရကြောင်း ပါရှိသည်။သို့ရာတွင် အဆိုပါအထောက်အထားစာရွက်တွင် လူမျိုးအမည်မပါရှိကြောင်းလည်း သိရသည်။ ရခိုင်ပြည်နယ်တွင် White Card  (ယာယီသက်သေခံကတ်ပြား) ကိုင်ဆောင်သူ ဘင်္ဂါလီဦးရေ (၆၇၂၄၉၉) ဦးရှိပြီး မောင်တောခရိုင်တွင်အများဆုံးဖြစ်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းတွင် နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်လိုက်သည့် အမိန့်ကြော်ငြာစာတွင် နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသူအချို့သို့ လိုအပ်ချက်အရကိုင်ဆောင်ရန် ထုတ်ပေးခဲ့သည့် ယာယီသက်သေခံလက်မှတ်များ၏ သက်တမ်းကုန်ဆုံးရက်အား  မတ် ၃၁ ရက်ကိုသတ်မှတ်ထားသည်။

Most Read

Most Recent