၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတရေးအတွက် စောင့်ကြည့်လေ့လာရန် ကာတာစင်တာနှင့် ဥရောပသမဂ္ဂတို့အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ဖိတ်ကြား

၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတရေးအတွက် စောင့်ကြည့်လေ့လာရန် ကာတာစင်တာနှင့် ဥရောပသမဂ္ဂတို့အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ဖိတ်ကြား
Published 1 April 2015

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ လွတ်လပ်တရားမျှတရေးအတွက် မြန်မာနိုင်ငံသို့ လာရောက်စောင့်ကြည့် လေ့လာရန် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်သည့် ကာတာစင်တာနှင့် ဥရောပသမဂ္ဂ (EU) တို့အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ဖိတ်ကြားစာ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။ထိုသို့ လာရောက်လေ့လာရာတွင် ရွေးကောက်ပွဲကျင်းပမည့်ရက် ကြေညာသည့် နောက်ပိုင်းမှစ၍ ရွေးကောက်ပွဲပြီးသည်အထိ ရက်ရှည်လေ့လာရေးနှင့် ရွေးကောက်ပွဲ ရက်ပိုင်းအတွင်း ရက်တိုလေ့လာရေးဟူ၍ နှစ်မျိုးနှစ်စား လေ့လာနိုင်ရန် စီစဉ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ပြင်ပဆက်ဆံရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းဦးက ပြောကြားသည်။“Long term တို့ဘာတို့ လာချင်တယ်ဆိုလို့ရှိရင် ကော်မရှင်တို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့နဲ့ သူတို့ MoU ထိုးပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။ Long term ကို ရွေးကောက်ပွဲ ကြေညာပြီးတဲ့ အချိန်ကနေစပြီး သူတို့လာမယ်ဆိုရင် လာလို့ရပြီပေါ့နော်။ အခုလည်း ကာတာစင်တာကနေပြီးတော့ လေးယောက်လောက်ကြိုပြီး ရောက်နှင့်ပြီးတော့ သူတို့ မြေပြင်ကွင်းဆင်းမှုတွေ လုပ်နေတာတွေ ရှိတယ်။ EU ဘက်ကတော့ လောလောဆယ် မစသေးဘူးပေါ့။ ကျွန်တော်တို့ဆီက ဖိတ်ကြားစာကို မတ်လထဲလောက် ရမယ်ဆိုရင် သူတို့ကြိုတင်ပြင်ဆင်ချိန် လုံလောက်ပါတယ်ဆိုပြီး ကျွန်တော်တို့ကော်မရှင်ကို ညှိနှိုင်းတောင်းဆိုတဲ့အတွက် ဖိတ်ကြားစာတွေကို မတ်လနောက်ဆုံးပတ်မှာ ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။ ဘာမှအကြောင်းပြန်တာ မရှိသေးဘူး” ဟု ဒေါက်တာထွန်းထွန်းဦးက ပြောကြားသည်။ယခုပေးပို့သည့် ဖိတ်ကြားစာမှာ ကာတာစင်တာနှင့် EU နှစ်ဖွဲ့တည်းသို့သာ ပေးပို့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၊ ရွေးကောက်ပွဲကော်မရှင်ချင်း ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံများကို ရွေးကောက်ပွဲကျင်းပသည့် ရက်ပိုင်းအတွင်း ရက်တိုလေ့လာရေးအဖြစ် ဖိတ်ကြားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံတကာမှ မည်သည့်အဖွဲ့အစည်းမဆို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ လိုက်နာရမည့် ကျင့်ဝတ်များကို လိုက်နာရမည်ဖြစ်ပြီး ကာတာစင်တာနှင့် EU တို့အား ဖိတ်ကြားရာတွင်လည်း အဆိုပါကျင့်ဝတ်များ လိုက်နာရမည် ဖြစ်ကြောင်းကို အသိပေးချက် ထည့်သွင်းပေးပို့ထားကြောင်း ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းဦးက ဆိုသည်။ယခင် ကျင်းပခဲ့သည့် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံရှိ သံတမန် အသိုင်းအဝိုင်းမှသာ ရွေးကောက်ပွဲကျင်းပသည့်ရက်၌ ကြည့်ရှုလေ့လာမှုများရှိခဲ့ပြီး ယခုကဲ့သို့ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ပြည်ပမှ အဖွဲ့အစည်းများအား မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ လိုက်နာရမည့် ကျင့်ဝတ်များတွင် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတိုင်းသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွင်း နိုင်ငံရေးဘက်လိုက်ခြင်း ကင်းမှုကို တိကျစွာ ထိန်းသိမ်းရမည်ဖြစ်ပြီး နိုင်ငံတော်အာဏာပိုင်များ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအား လည်းကောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ပတ်သက်သော ပြဿနာများကို လည်းကောင်း၊ ဘက်လိုက်ခြင်းနှင့် ဦးစားပေးသော အသွင်အပြင်များ ထုတ်ဖော်ပြသခွင့် မရှိကြောင်း သိရသည်။ထို့ပြင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တစ်ဦးချင်းအနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ယင်းတို့၏ ပုဂ္ဂလိက သဘောထားအမြင်များ၊ သုံးသပ်ချက်များကို မီဒီယာသို့ တင်ပြခွင့်မရှိဘဲ အဖွဲ့အစည်းများ၊ အစုအဖွဲ့များသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် သဘောထားမှတ်ချက်များကို တာဝန်ခံပုဂ္ဂိုလ်များကသာ ထုတ်ပြန်ရန် သေချာစေရမည်ဖြစ်ကြောင်းနှင့် စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများသည် ယင်းတို့၏ တွေ့ရှိချက်များ၊ နည်းလမ်းများ၊ အကြံပြုချက်များကို ရွေးကောက်ပွဲကော်မရှင်ကို တင်ပြရမည်ဖြစ်သည်။ 

Most Read

Most Recent