ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည့် ပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု UPWC နှင့် NCCT ပူးတွဲထုတ်ပြန်

ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည့် ပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု UPWC နှင့် NCCT ပူးတွဲထုတ်ပြန်
Published 1 April 2015
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေစဉ်နှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေစဉ် ကာလအတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည့် ပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားစေရန် ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ က ပဋိပက္ခလျှော့ချရေးဆိုင်ရာ သဘောထားထုတ်ပြန်ချက်အဖြစ် မတ် ၃၁ ရက်က ပူးတွဲထုတ်ပြန်ခဲ့သည်။
 
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ရရှိနိုင်ရန် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေချိန်အတွင်း အချို့နေရာများတွင် ပစ်ခတ်တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ကြောင်းနှင့် ထိုဖြစ်စဉ်များတွင် နောက်ခံအကြောင်းအရင်း အမျိုးမျိုးရှိနိုင်သော်လည်း မည်သည့်ဘက်က ဆုံးရှုံးသည်ဖြစ်စေ နိုင်ငံတော်၏ ဆုံးရှုံးမှုပင်ဖြစ်သည်ဟု မိမိတို့ခံယူပါကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
 
UPWC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက“တိုင်းပြည်မှာ ကာလရှည်ကြာဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခ ရပ်ဆိုင်းနိုင်ဖို့ အဓိကကျတဲ့ NCA ကို ဒီကနေ့ သဘောတူညီနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ NCA ဟာ စာချုပ်တစ်ခုထက် ကျော်လွန်တဲ့တန်ဖိုးတွေ များစွာရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အဆင့်ဆင့်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် NCA ဟာ စမှတ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီကနေ့ နိုင်ငံတော်သမ္မတကြီး မိန့်ကြားခဲ့တဲ့အတိုင်းပဲ ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်နိုင်တာပဲ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
 
NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက“တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဒေသအချို့မှာ ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းဖို့ သဘောတူညီမှုရအောင် ကြိုးပမ်းလုပ်ဆောင်ဖို့ လိုပါတယ်။ အချို့ဒေသမှာအပစ်ရပ်ပြီးတော့ အချို့ဒေသမှာ တိုက်ပွဲတွေဆက်ဖြစ်နေရင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတာ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး”ဟု ပြောကြားသည်။
 
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆွေးနွေးပွဲကို ရန်ကုန်မြို့၌ မတ် ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့ပြီး မတ် ၃ဝ ရက်နှင့် ၃၁ ရက်တို့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။ 
 
 

Most Read

Most Recent