အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိမည်

အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိမည်
Published 31 March 2015

အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီဦးဆောင်သည့် ပါတီနှစ်ခုက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက် (ယနေ့) တွင်ရောက်ရှိလာမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။မစ္စနန်စီပလိုစီဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာ၊ ကိုရီးယား၊ ဂျပန် စသည့်ငါးနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက်တွင်ရောက်ရှိလာမည်ဖြစ်သည်။မစ္စနန်စီပလိုစီနှင့်အတူ လွှတ်တော်ကော်မတီဝင် ကိုးဦးလိုက်ပါလာပြီး လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊ လူ့အခွင့်အရေး၊ ကုန်သွယ်ရေးအပါအဝင် ဒေသတွင်း အမေရိကန်နှင့် ဆက်ဆံရေးတို့ကို အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ လိုက်ပါလာသည့်လွှတ်တော်ကိုယ်စားလှယ်များတွင် ဒီမိုကရက်လွှတ်တော်ကိုယ်စားလှယ်များက အများစုဖြစ်ပြီး ရီပက်ပလီကန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသာ ပါဝင်ကြောင်း သိရသည်။မစ္စနန်စီပလိုစီဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့သို့ လာရောက်မည်ဖြစ်ပြီး နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးသွားရန်ရှိကြောင်း သတင်းရရှိသည်။"နေပြည်တော်မှာ မနက်ဖြန်တွေ့ဖြစ်ပါတယ်။ သတင်းထုတ်ပြန်မှာပါ" ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မတ် ၃၁ ရက်တွင် အတည်ပြုပြောကြားသည်။မစ္စနန်စီပလိုစီဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင်လည်း အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားရန်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent