လာမည့်ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဦးစီးဌာနကို ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအဖြစ် နှစ်ခုခွဲရန် စီစဉ်နေခြင်းအပေါ် ပြင်းထန်စွာဝေဖန်နေကြကြောင်း သိရသည်။ကနဦးရရှိသည့်သတင်းများအရ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဦးစီးဌာနကို လာမည့်ဘဏ္ဍာနှစ်မှစ၍ ပုံစံပြောင်းလဲဖွဲ့စည်းရန်စီစဉ်နေပြီး ကျန်းမာရေးဦးစီးဌာနနေရာတွင် ကုသရေးဦးစီးဌာန (Department of Medical Care) နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (Department of Public Health) ဟူ၍ ဖွဲ့စည်းပုံများပြောင်းလဲရန် စီစဉ်နေခြင်းဖြစ်သည်။လျာထားချက်အရ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (Department of Public Health) တွင် ဖွဲ့စည်းပုံအင်အားအရ အရာထမ်း ၄၀၀ ကျော်၊ အမှုထမ်း ၁၅၀၀ ကျော် စုစုပေါင်း လူဦးရေ ၂၀၀၀ နီးပါးဖြင့်ဖွဲ့စည်းရန် သတ်မှတ်ထားပြီး ညွှန်ကြားရေးမှူးချုပ်တစ်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်သုံးဦး (ရောဂါနှိမ်နင်းရေး၊ ပြည်သူ့ကျန်းမာရေး၊ စီမံဘဏ္ဍာ)၊ ညွှန်ကြားရေးမှူး ၁၅ ဦး၊ ဒုတိယညွှန်ကြားရေးမှူး ၄၄ ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ၁၀၂ ဦး၊ ဦးစီးအရာရှိ ၂၄၉ ဦး စသည်တို့သတ်မှတ်ရန်လျာထားကြောင်း သိရသည်။ ကုသရေးဦးစီးဌာန (Department of Medical Care) အောက်တွင် ဖွဲ့စည်းပုံအင်အားအရ အရာထမ်း ၃၀၀ ကျော်၊ အမှုထမ်း ၁၆၀၀ကျော် စုစုပေါင်းလူဦးရေ ၂၀၀၀ နီးပါးဖြင့် ဖွဲ့စည်းရန်သတ်မှတ်ထားပြီး ညွှန်ကြားရေးမှူးချုပ်တစ်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှစ်ဦး (ကုသရေး၊ စီမံဘဏ္ဍာ)၊ ဗဟိုအဆင့်ဆေးရုံများကွပ်ကဲရေးမှူးသုံးဦး (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး)၊ ညွှန်ကြားရေးမှူး ၁၄ ဦး၊ ဒုတိယညွှန်ကြားရေးမှူး ၃၄ ဦး စသည်တို့ပါဝင်ကြောင်းလည်း သိရသည်။"အခုချိန်က အစိုးရသက်တမ်းကိုးလလောက်ပဲကျန်တော့တယ်။ ဒီအချိန်မှာ ဝန်ကြီးဌာနအတွင်းနေရာနဲ့ပတ်သက်လို့ အပြောင်းအလဲတွေလုပ်တာ သတိထားဖို့လိုပါတယ်။ ဝန်ကြီးဌာနရဲ့ဘတ်ဂျက်ငွေကို ချွေတာရမယ့်အစား ငွေတွေကို ဒီလိုနေရာတွေမှာပိုသုံးတော့ အချိန်တိုအတွင်းမှာ ဒီလောက်ရှုပ်ထွေးတဲ့ကိစ္စတွေကို ပြီးစီးအောင်မလုပ်နိုင်ဘဲနဲ့ ဒီအစီအစဉ်တွေကို လုပ်နေတယ်။ တကယ်ဆိုရင် ဒီကိစ္စက လုပ်ချင်ရင်တောင် နောက်အစိုးရကလုပ်လိမ့်မယ်။ နောက်အစိုးရကလုပ်ဖို့ကိုလည်း လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသင့်တယ်။ ဒီကိစ္စကို တကယ်တော့ သေးသေးလေးလို့မစဉ်းစားသင့်ပါဘူး။ ကြီးကျယ်တဲ့ကိစ္စတစ်ခုအနေနဲ့ အချိန်ယူလုပ်ရမယ့်ကိစ္စမျိုးပါ။ အခု ဒီစနစ်က ကြိုးနီစနစ်ကိုအားကောင်းစေတဲ့ လုပ်ရပ်လို့မြင်တဲ့အတွက် ဒီလိုလုပ်ခြင်းက မသင့်တော်ပါဘူး" ဟု Eleven Media Group မှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့်ကဆိုသည်။အစိုးရအဖွဲ့၏လုပ်ငန်းများ ပိုမိုမြန်ဆန်စေရန်ဟုဆိုကာ ဝန်ကြီးဌာနများလက်အောက်ရှိ ဌာနအချို့ကို ပုံစံပြောင်းခြင်း၊ ဌာနခွဲများအဖြစ် ပြောင်းလဲဖွဲ့စည်းရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ကနဦးစမ်းသပ်လုပ်ဆောင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။"ကျန်းမာရေးဦးစီးဌာနကို နှစ်ပိုင်းခွဲမယ်ဆိုတာတော့ကြားထားတယ်။ ဒါပေမဲ့ တရားဝင်စာတော့မထုတ်ပြန်သေးဘူး။ သေချာသွားရင်တော့ လူအပြောင်းအလဲနဲ့ ဖွဲ့စည်းပုံအပြောင်းအလဲတော့ရှိမှာပါ။ ဒီကိစ္စက ဝန်ကြီးဌာနတွေရဲ့လုပ်ပိုင်ခွင့်ထဲမှာပါ။ ဦးစီးဌာနကို နှစ်ပိုင်းခွဲလိုက်ရင် ဌာနကနှစ်ခုဖြစ်သွားတဲ့အတွက် နံပါတ်တစ်က လူတွေအများကြီးသုံးရတော့မှာဖြစ်လို့ ဘတ်ဂျက်အများကြီးလိုမယ်။ အဲလိုငွေတွေပိုသုံးတာဖြစ်လို့ ဘာအကျိုးဖြစ်လာမလဲဆိုတာ ပြန်စဉ်းစားရမယ်။ ငွေတွေအရမ်းသုံးရင်လည်း ငွေကြေးဖောင်းပွမှုတွေဖြစ်လာတယ်။ နံပါတ်နှစ်က လူအများကြီးကို ချက်ချင်းခန့်လို့ရတာမဟုတ်ဘူး။ လူအများကြီးကိုမွေးထုတ်ဖို့ဆိုတာ အချိန်အများကြီးယူရတယ်။ ချက်ချင်းဆွဲခန့်တာမျိုးလုပ်လို့မရဘူး။ လစ်ဟာနေတဲ့ရာထူးတွေ အများကြီးရှိလာလိမ့်မယ်။ လုပ်ကိုလုပ်ရတော့မယ်ဆိုရင်တောင် ဒီနယ်ပယ်မှာ ထဲထဲဝင်ဝင်အတွေ့အကြုံများတဲ့ ပညာရှင်တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့လိုပါတယ်" ဟု ကျန်းမာရေးစီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာဖုန်းမြင့်ကဆိုသည်။လက်ရှိကျန်းမာရေးဝန်ကြီးဌာနအောက်တွင် ဌာနပေါင်းရှစ်ခုရှိပြီး ဝန်ကြီးရုံး၊ ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်)၊ ဆေးဝါးသုတေသနဦးစီးဌာန (အထက်မြန်မာပြည်)၊ ဆေးသုတေသနဦးစီးဌာန (မြန်မာနိုင်ငံအလယ်ပိုင်း)၊ ဆေးသိပ္ပံပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ကျန်းမာရေးစီမံကိန်းဦးစီးဌာနတို့ပါဝင်ကြောင်း သိရသည်။ထို့ပြင် ဘတ်ဂျက်နှင့် လုပ်ငန်းပိုင်းအရ ဦးစီးဌာနများအနက် ကျန်းမာရေးဦးစီးဌာနသည် အရေးပါဆုံးဖြစ်ပြီး နှစ်အလိုက်ဘဏ္ဍာနှစ်အရ ဘတ်ဂျက်၏ရာခိုင်နှုန်း ၉၀ ကိုရရှိထားကြောင်းနှင့် ကျန်းမာရေးဦးစီးဌာနအတွင်း ဌာနပေါင်း ၁၂ ခုရှိရာ ဘတ်ဂျက်၊ အုပ်ချုပ်မှု၊ စီမံကိန်း၊ ပြည်သူ့ကျန်းမာရေး၊ ဆေးဝါးကုသမှု၊ ရောဂါထိန်းချုပ်ရေး၊ ကပ်ရောဂါလေ့လာရေး၊ ဥပဒေနှင့်ဥပဒေပြုရေး၊ စားနပ်ရိက္ခာနှင့် ဆေးဝါးအုပ်ချုပ်မှု၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲစမ်းသပ်ခန်း၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် သူနာပြုဌာနများပါဝင်ကြောင်း သိရသည်။"ဒီကိစ္စက အရေးပေါ်အခုပဲထလုပ်ရမယ့်ကိစ္စမဟုတ်သလို လွယ်လွယ်ကူကူ အလျင်စလိုလုပ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ အလုပ်ကြီးကြီးတစ်ခုကိုလုပ်ရင် တကယ့်ကို စနစ်တကျအချိန်အများကြီးယူပြီး လုပ်ဖို့လိုတယ်။ ဘယ်အလုပ်မဆို Plan မရှိဘဲလုပ်ရင်တော့ကွဲမှာပဲ။ ဒီနေ့လုပ်တယ် မနက်ဖြန်ဖျက်တယ်ဆိုတဲ့အကျင့်တွေကိုလည်း ဖျောက်ဖို့ကောင်းပြီ။ ချက်ချင်းဆိုတဲ့လုပ်ရပ်တွေကြောင့် ငွေတွေသဲထဲရေသွန်ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေ ကျွန်တော်တို့ဝန်ထမ်းဘဝမှာ အများကြီးကြုံပြီးပါပြီ။ ဒါအကျင့်တွေကို ထားခဲ့သင့်ပါပြီလို့ တိုတိုပဲပြောချင်ပါတယ်" ဟု ကျန်းမာရေးဦးစီးဌာနတွင် နှစ်ပေါင်းများစွာလုပ်ဆောင်ခဲ့သည့် အငြိမ်းစားညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။ထိုကဲ့သို့ ဌာနဆိုင်ရာပြောင်းလဲမှုများ၊ ဌာနများခွဲထုတ်ခြင်းလုပ်ငန်းစဉ်များကို အခြားသောဝန်ကြီးဌာနအများစုတွင်လည်း ပြုလုပ်သွားရန်စီစဉ်နေပြီး မူဝါဒပိုင်းကိုမူ ယခင်အစိုးရအဖွဲ့ဝန်ကြီးများမှပင် ကိုင်တွယ်သွားမည်ဟုလည်း သိရသည်။အစိုးရသစ်လက်ထက်တွင် ကျန်းမာရေးကဏ္ဍအပေါ် ယခင်ကထက် ဘဏ္ဍာငွေသုံးစွဲမှုများတိုးမြှင့်ခဲ့သော်လည်း အသုံးစရိတ်များအနက် ကျန်းမာရေးဝန်ထမ်းများအတွက် လစာငွေပေးခြင်းမှာ အများဆုံးဖြစ်နေခြင်းကြောင့် ပြည်သူများကို တိုက်ရိုက်ဝန်ဆောင်မှုပေးရသည့်အပိုင်းတွင် လိုအပ်ချက်များစွာရှိနေကြောင်းလည်း "မြန်မာနိုင်ငံလူမှုရေးကဏ္ဍ အများပြည်သူသုံးစွဲငွေ ဘတ်ဂျက်ခွဲဝေချထားပေးခြင်းနှင့် သုံးစွဲခြင်းများကိုလေ့လာခြင်း" စာတမ်းတွင်ဖော်ပြချက်အရ သိရသည်။
လာမည့်ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဦးစီးဌာနကို ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအဖြစ် နှစ်ခုခွဲရန်စီစဉ်နေခြင်းအပေါ် ပြင်းထန်စွာဝေဖန်နေ















