မြန်မာနယ်စပ်တွင် တရုတ်တပ်မတော်က ညတိုက်ပွဲသဏ္ဌာန် စစ်ရေးလေ့ကျင့်

မြန်မာနယ်စပ်တွင် တရုတ်တပ်မတော်က ညတိုက်ပွဲသဏ္ဌာန် စစ်ရေးလေ့ကျင့်
Published 27 March 2015

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ညတိုက်ပွဲသဏ္ဌာန် စစ်ရေးလေ့ကျင့်မှုကိုပြုလုပ်ခဲ့ကြောင်း တရုတ် South China Morning Post သတင်းစာက မတ် ၂၆ ရက်တွင်ဖော်ပြခဲ့သည်။    အဆိုပါညတိုက်ပွဲသဏ္ဌာန် စစ်ရေးလေ့ကျင့်မှုကို မတ် ၂၄ ရက်ကပြုလုပ်ခဲ့ကြောင်းနှင့် ညပိုင်းတွင် တပ်ဖွဲ့များ စစ်ရေးအသင့်ရှိမှုကို စမ်းသပ်စစ်ဆေးရန်အတွက်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။    ယခုကဲ့သို့ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ညတိုက်ပွဲသဏ္ဌာန် စစ်ရေးလေ့ကျင့်မှုသည် မတ် ၁၃ ရက် ညနေပိုင်း ကိုးကန့်ဒေသအတွင်း ကိုးကန့်အဖွဲ့များနှင့်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လင်းချန်းခရိုင် မုန်တိမ်မြို့ တာ့ရွှေရှန်းတုကျွေးရွာအနီး ကြံခင်းတွင် တရုတ်နိုင်ငံသားငါးဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့မှုဖြစ်စဉ်အပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။    အဆိုပါစစ်ရေးလေ့ကျင့်မှုမပြုလုပ်မီ တရုတ်တပ်နှင့်လေတပ်တို့က မြန်မာ-တရုတ်နယ်စပ်အနီးတွင်တည်ရှိသည့် လင်းချန်းမြို့သို့ တိုက်ခိုက်ရေးဂျက်လေယာဉ်များနှင့် ဒုံးကျည်များကို မတ် ၁၅ ရက်က စေလွှတ်တပ်စွဲချထားခဲ့သည်။ တစ်ချိန်တည်းမှာပင် လင်းချန်းမြို့အစိုးရက နယ်စပ်တစ်လျှောက်ရှိနေအိမ်များအား တရုတ်နိုင်ငံအလံများကို မိမိကိုယ်ကိုယ်ကာကွယ်ရန်အတွက် စိုက်ထူထားရန်ပြောကြားခဲ့သည်။    တရုတ်နိုင်ငံအတွင်းသို့ လမ်းလွဲရောက်ရှိလာသည့် လူသေဆုံးစေသော နောက်ထပ်ပစ်ခတ်မှုများဖြစ်ပေါ်လာမည်ဆိုပါက တရုတ်စစ်တပ်သည် ၎င်းတို့၏ပြည်သူများလုံခြုံ ရေးအတွက် ကာကွယ်ရန် တင်းမာပြတ်သားသော အရေးယူဆောင်ရွက်မှုလုပ်ဆောင်ရလိမ့်မည်ဟု တရုတ်ဗဟိုစစ်ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ ဖန်ချန်လောင်းက မတ် ၁၄ ရက်တွင် မြန်မာနိုင်ငံအား ရာဇသံပေးခဲ့သည်။    မတ် ၁၃ ရက် ညနေပိုင်း ကိုးကန့်ဒေသအတွင်း ကိုးကန့်သောင်းကျန်းသူများနှင့်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်းချန်းခရိုင်၊ မုန်တိမ်မြို့၊ တာ့ရွှေရှန်းတုကျွေးရွာအနီး ကြံခင်းတွင် တရုတ်နိုင်ငံသားငါးဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအချင်းချင်းနှင့် တပ်မတော်များအချင်းချင်း ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့တပ်မတော်သည် အထက်ပါကိစ္စနှင့်ပတ်သက်၍ ပဏာမစုံစမ်းစစ်ဆေးမှုများကိုပြုလုပ်ခဲ့ပါကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှုပြီး တစ်ဖက်နယ်နိမိတ်ကိုကျော်လွန်ခြင်းမရှိစေရန် ပစ်ခတ်တိုက်ခိုက်မှုများကို မိမိတို့နိုင်ငံ နယ်နိမိတ်အတွင်း၌သာ အထူးအလေးထားထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ရာတွင် တိုက်ခိုက်မှုများကြောင့် နယ်နိမိတ်နှင့် နီးကပ်စွာတည်ရှိသော တရုတ်နိုင်ငံတွင်းမှ ပြည်သူအချို့သေဆုံးထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပေါ်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း မြန်မာအစိုးရက မတ် ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။    တရုတ် The Global Times သတင်းစာ၏ ခေါင်းကြီးတွင် မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်ရေးရရှိရန် တရုတ်နိုင်ငံအတွက် အကောင်းဆုံးနည်းလမ်းမှာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးအတွက် တက်တက်ကြွကြွ တွန်းအားပေးရန်ဖြစ်ကြောင်း ရေးသားထားသည်။    ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေသတွင် ဝင်ရောက်အခြေပြုလှုပ်ရှားနိုင်ရေး ရည်ရွယ်ဆောင်ရွက်နေသည့် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်အဖွဲ့နှင့် အစိုးရတပ်မတော်တို့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ရာ အဆိုပါတိုက်ပွဲဖြစ်စဉ်များတွင် ကိုးကန့်အဖွဲ့သည် မြေအနေအထားအသာစီးရမှုကို အခွင့်ကောင်းယူပြီး တောင်ကုန်းများပေါ်တွင် အခိုင်အမာခံကတုတ်များဆောက်လုပ်ကာ ဆက်သွယ်ရေးမြောင်းများ၊ ဗုံးခိုကျင်းများနှင့်တိုက်မိုင်းများဖြင့် တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများကလည်း လက်နက်ကြီးပစ်ကူများရယူခြင်း၊ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းတို့ဆောင်ရွက်ခဲ့ပြီး စစ်နည်းဗျူဟာအရ အရေးကြီးသောတောင်ကုန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိကြောင်း တပ်မတော်၏သတင်းထုတ်ပြန်မှုများအရ သိရသည်။

Most Read

Most Recent