မန်စီမြို့နယ်အတွင်း တပ်မတော်မှ လေယာဉ်ဖြင့် ကေအိုင်အေ တပ်နယ်မြေကို ဆက်လက်တိုက်ခိုက်

မန်စီမြို့နယ်အတွင်း တပ်မတော်မှ လေယာဉ်ဖြင့် ကေအိုင်အေ တပ်နယ်မြေကို ဆက်လက်တိုက်ခိုက်
Published 25 March 2015

ကချင်ပြည်နယ်အတွင်း မန်စီမြို့နယ်အတွင်း တပ်မတော်မှ လေယာဉ်ဖြင့် ကေအိုင်အေတပ်နယ်မြေကို မတ် ၂၄ ရက် မွန်းလွဲပိုင်းက ဆက်လက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ 
 
ကချင်ပြည်နယ် မံစီမြို့နယ်အတွင်း ဂိုက်ထိပ်နှင့် နန့်ခမ်းလမ်းကြောင်းပေါ်ရှိ မန်စီမြို့နှင့် ၂၆ မိုင်နှင့် ၂၇ မိုင်ကြားတွင် မတ် ၂၁ ရက် ညနေပိုင်းမှ စတင်ကာ တိုက်ပွဲများဖြစ်ပွားလာပြီး မတ် ၂၂ ရက်က တပ်မတော်မှ လေကြောင်းဖြင့် ကေအိုင်အေ ရှေ့တန်းစခန်းတစ်ခုကို လေးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ကေအိုင်အေမှ ပြောကြားခဲ့ပြီး ယင်းဒေသတွင် နှစ်ဖက်တပ်များ ပစ်ခတ်မှုဖြစ်ပေါ်နေသည်မှာ လေးရက်ကြာမြင့်ခဲ့ပြီး ဖြစ်သည်။
 
ယင်းကိစ္စကို တပ်မတော်ဘက်မှ သစ်ခိုးယာဉ်များကို လိုက်လံဖမ်းဆီးစဉ် ကေအိုင်အေမှ နှောင့်ယှက်ပစ်ခတ်မှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ တပ်မတော်အရာရှိများ ကျဆုံးမှုရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
 
ကေအိုင်အေဘက်မှ သစ်လုံးတင်ယာဉ်များကို ဖမ်းဆီးရန်မှာ အကြောင်းပြချက်တစ်ခုသာဖြစ်ပြီး လေယာဉ်ဖြင့် လိုက်လံပစ်ခတ်မှု လုပ်စရာမလိုဘဲ တပ်မတော်စိုးမိုးသော နယ်မြေများတွင် အလွယ်တကူ တားမြစ်ဖမ်းဆီးနိုင်ကြောင်း ပြောကြားသည်။ 
 
ကေအိုင်အိုနည်းပညာအကြံပေးအဖွဲ့မှ ဦးဒေါင်ခါးက“ဒီနေ့ နေ့လယ် ၁ နာရီ လောက်မှာ တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးလာပစ်တယ်။ ဂိုက်ထိပ် ဝန်းကျင်မှာပါ။ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံရင်း (၂၇) နှင့် ရင်း (၁) နေရာက ဒူခူတပ်စခန်းမှာပါ။ မဖက်စခန်းကတော့ ဆုတ်ခွာသွားရတာပေါ့ ။ သစ်ခိုးထုတ်တာကို အကြောင်းပြပေမယ့် သစ်မှောင်ခိုကားတွေက စစ်တပ်နယ်မြေက လာနေတာပါ။ ကေအိုင်အေနယ်မြေထဲ ဖြတ်တဲ့အခါကျမှ သစ်မှောင်ခိုရှင်းလင်းရေးလုပ်တာ။ အခုလုပ်တာက ကေအိုင်အို၊ ကေအိုင်အေကို ရမယ်ရှာပြီး တိုက်တာလို့ပဲ ကျွန်တော်တို့ပြောလိုပါတယ်။ ကျွန်တော်တို့ဘက် ဖြတ်တဲ့ကားတွေကို အခွန်ကောက်ခံတာတွေ ရှိပါတယ်”ဟု ဆိုသည်။
 
ယင်းကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ  သတင်းကိစ္စများ မေးမြန်းရန်ပေးထားသည့် ဖုန်းနံပါတ်ကို မြောက်ပိုင်းတိုင်းစစ်ဆင်ရေး အကြီးတန်းအရာရှိထံ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း လတ်တလောတွင် တာဝန်ယူဖြေကြားမည့်သူ မရှိသေးကြောင်းသာ အကြောင်းပြန်ကြားသည်။
 
လတ်တလောတွင် ကေအိုင်အိုခေါင်းဆောင်များမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်းမှာ တပ်မတော်မှ စားပွဲပေါ်မှ ငြိမ်းချမ်းရေးကို  လက်မခံသည့်သဘော ဖြစ်နေကြောင်း ကေအိုင်အိုမှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ဆိုသည်။ 
 
၎င်းက“ကေအိုင်အေဘက်က နေပြည်တော်ရောက်ပြီး သမ္မတရော၊ ကာချုပ်ရော၊ ဒုသမ္မတတွေနဲ့တွေ့ဆုံပြီး ကြိုးပမ်းနေချိန်မှာ တပ်မတော်က ထိုးစစ်ဆင်နေတာဟာ ငြိမ်းချမ်းရေးကို တပ်မတော်က ပျက်အောင်လုပ်နေတယ်လို့ မြင်တယ်။ ဘာပဲလုပ်လုပ် အပစ်အခတ်ရပ်စဲရေးကို ဖိအားပေးနေတယ်။ ရန်ကုန်ရောက် ကေအိုင်အိုဗဟိုက လူကြီးပိုင်းတွေလည်း ပဋိပက္ခကိုလျှော့ချဖို့ ဆွေးနွေးနေတယ်။ ဒီအချိန်မှာပဲ တပ်မတော်က လေကြောင်းထိုးစစ်ဆင်တာကတော့ တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နေတယ်လို့ မြင်တယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ကြိုးပမ်းနေချိန်မှ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်နေတာကိုတော့ မလုပ်သင့်ဘူး”ဟု ဆိုသည်။
 
အစိုးရတပ်နှင့် ကေအိုင်အိုလက်နက်ကိုင်အဖွဲ့တို့သည် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း သစ်မှောင်ခိုကိစ္စကို အကြောင်းပြု၍ ၂ဝ၁၃ ခုနှစ်တွင် တစ်လနီးပါးကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး သစ်တန်ပေါင်း လေးထောင်ကျော်ကိုလည်း ဖမ်းဆီးရမိခဲ့သည်။ ယင်းသစ်များမှာလည်း ကသာခရိုင်နှင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်၊ မိုးမောက်ဘက်မှ ရောက်ရှိလာသော ကျွန်းနှင့် သမလန်းသစ်များ ဖြစ်သည်။
 
၂ဝ၁၅ ခုနှစ်တွင် တရုတ်နိုင်ငံသား သစ်ခိုးထုတ်မှောင်ခိုဂိုဏ်းတစ်ခုကို ကချင်ပြည်နယ်  ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့နယ်၊ ဆဒုံးမြို့နယ်များတွင် လူ ၁၄၉ ဦး၊ ကားအစီးရေ လေးရာကျော်နှင့် တခြားယာဉ်ကြီးများကို ဖမ်းမိခဲ့သော်လည်း သစ်ခိုးဂိုဏ်း သူဌေးများကိုမူ ဖမ်းမိခဲ့ခြင်း မရှိပေ။

Most Read

Most Recent