တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မူကြမ်းကို ခုနစ်ကြိမ်မြောက်ဆွေးနွေးပွဲတွင် အပြီးသတ်နိုင်ရန်ကြိုးစားမည်ဟု လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံစဉ် NCCT ပြောကြား

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မူကြမ်းကို ခုနစ်ကြိမ်မြောက်ဆွေးနွေးပွဲတွင် အပြီးသတ်နိုင်ရန်ကြိုးစားမည်ဟု လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံစဉ် NCCT ပြောကြား
Published 24 March 2015

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်ရပ်စဲရေးဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ကို မတ် ၃၀ ရက်တွင် ပြန်လည်ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ခုနစ်ကြိမ်မြောက် အပစ်ရပ်စဲရေးဆွေးနွေးပွဲတွင် အပြီးသတ်သဘောတူညီမှုရရှိအောင်ကြိုးစားမည်ဟု မတ် ၂၄ ရက်က ရန်ကုန်မြို့ GreenHill ဟိုတယ်၌ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံစဉ် NCCT  ကိုယ်စားလှယ်များက ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။    NCCT အဖွဲ့သည် ရန်ကုန်မြို့သို့လာရောက်၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်တိုင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံလေ့ရှိပြီး ယခုတွေ့ဆုံပွဲသို့ NCCT ကိုယ်စားလှယ်များဖြစ်သည့် ပဒိုစောကွယ်ထူးဝင်း၊ ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဒေါက်တာဆလိုင်းလျန်မှုန်းတို့အပါအဝင် NCCT ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး ဦးနိုင်ဟံသာမှာ ခရီးသွားနေ၍ တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။    NCCT အဖွဲ့ ဒုတိယခေါင်းဆောင် (၁) ပဒိုစောကွယ်ထူးဝင်းက "များသောအားဖြင့်တော့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက သူတို့ရဲ့လုပ်ဆောင်မှုတွေ၊ ရည်ရွယ်ချက်တွေ ဒါတွေကိုအဓိကဆွေးနွေးတယ်။ နောက်ပိုင်းကျတော့ ကျွန်တော်တို့ NCCT ကနေပြီးတော့ UPWC နဲ့ဆွေးနွေးနေတဲ့နေရာမှာ သိလိုတဲ့အချက်တွေ နောက်သူတို့အနေနဲ့ စိုးရိမ်မှုရှိတဲ့အချက်အပေါ်မှာ သူတို့ကြုံတွေ့တဲ့အခက်အခဲတွေကို ဘယ်လိုတွေဖြေရှင်းမလဲ ဒါတွေကိုဆွေးနွေးဖြစ်ခဲ့ပါတယ်" ဟုပြောကြားသည်။    NCCT နှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ယခုတွေ့ဆုံပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာများကို အဓိကထားဆွေးနွေးခဲ့ပြီး ကျောင်းသားအရေးကိစ္စ၊ ကိုးကန့်တိုက်ပွဲဖြစ်စဉ်ကိစ္စနှင့် ရန်ကုန်တွင်ရှိနေသည့် NCCT ကိုယ်စားလှယ်များ၏ လုံခြုံရေးကိစ္စများနှင့်ပတ်သက်၍ လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များဘက်က မေးမြန်းဆွေးနွေးခဲ့ကြောင်း ဦးဆလိုင်းအိုက်ဇက်ခင်ကပြောကြားသည်။    ထို့ပြင် NCCT အဖွဲ့ဝင်များကလည်း အပစ်ရပ်မူကြမ်း ညှိနှိုင်းမှုအခြေအနေနှင့်ပတ်သက်ပြီးရှင်းပြရာ ကြားကာလအစီအစဉ်မှာ များစွာစဉ်းစားရမည့်အခြေအနေရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent