အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် နိုင်ငံရေးပါတီခြောက်ခုမှ လွှတ်တော်ကိုယ်စားလှယ်များ အမျိုးသားလွှတ်တော်၌ စတင်ဆွေးနွေး

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် နိုင်ငံရေးပါတီခြောက်ခုမှ လွှတ်တော်ကိုယ်စားလှယ်များ အမျိုးသားလွှတ်တော်၌ စတင်ဆွေးနွေး
Published 24 March 2015
စိုးမင်းထိုက်

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှနှစ်ဦး၊ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်တစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီမှတစ်ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှတစ်ဦး၊ ချင်းတိုးတက်ရေးပါတီမှတစ်ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှနှစ်ဦးတို့ ဆွေးနွေးခဲ့ကြသည်။    အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် မတ် ၂၄ ရက်က လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦးက ဆွေးနွေးခဲ့သည်။ ဆွေးနွေးခဲ့သည့်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီတို့အား ချက်ချင်းကြားနာရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ညွှန်ကြားသည်။    အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ချင်းတိုးတက်ရေးပါတီမှ ဦးပေါ်လျှံလွင်က "ဒီဥပဒေကြမ်းကိုထောက်ခံပါတယ်။ နည်းဥပဒေရေးဆွဲတဲ့အခါမှာတော့ ပြည့်စုံပြီးရှင်းလင်းကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုပေးဖို့လိုအပ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အင်္ဂလိပ်စာကအရေးပါပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ်လောက်အထိ အာဆီယံနဲ့ ပညာရေးက တန်းတူရှိပါတယ်။ ၆၂ နောက်ပိုင်းမှာတော့ အင်္ဂလိပ်စာသင်ကြားရေးကိုအားမပေးခဲ့တဲ့အတွက် မြန်မာ့ပညာရေးဟာ နိမ့်ကျခဲ့ပါတယ်" ဟုဆွေးနွေးသည်။    အတည်ပြုပြီးသည့် အမျိုးသားပညာရေးဥပဒေကို ကျောင်းသူ၊ ကျောင်းသားများ၏ဆန္ဒအရ ပြန်လည်ပယ်ဖျက်၊ ပြုပြင်ရေးဆွဲနေရခြင်းဖြစ်ကြောင်း၊ ကျောင်းသားများ၏တောင်းဆိုချက်များသည် ဒီမိုကရေစီနည်းလမ်းအရ လက်ခံရမည်ဖြစ်ကြောင်း၊ ထို့အတွက် အစိုးရ၊ လွှတ်တော်ခေါင်းဆောင်အကြီးအကဲများကလက်ခံပြီး ပြန်လည်ဆွေးနွေးနေခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ကဆွေးနွေးသည်။    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစံပြည့်က ဥပဒေကြမ်း၏ အခန်း ၄ ပုဒ်မ ၆ အမျိုးသားပညာရေးမူဝါဒကော်မရှင်အား ပယ်ဖျက်သင့်ကြောင်း၊ ပုဒ်မ ၂၈ (ဂ) တွင် အဆင့်မြင့်ပညာကျောင်းများသည် ပညာရေးဆိုင်ရာလုပ်ငန်းများကို ပညာရေးမူဘောင်အတွင်း လွတ်လပ်စွာစီမံခန့်ခွဲခွင့်ရှိရမည်ဟု ပြင်ဆင်လိုကြောင်း၊ သင်ရိုးညွှန်းတမ်းစံကိုအခြေခံပြီး သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဆောင်ရွက်ခွင့်ရရှိရေး ပြင်ဆင်ချက်အားပယ်ဖျက်လိုကြောင်း၊ သင်ရိုးညွှန်းတမ်းကော်မတီကသာ တစ်နိုင်ငံလုံးအတွက်ရေးဆွဲသင့်ကြောင်း ဆွေးနွေးသည်။    ထို့ပြင် ကျောင်းတွင်းသင်ကြားမှုမရရှိခဲ့သည့် မိခင်တိုင်းရင်းသားဘာသာစကားများသည် ၎င်းတို့၏အစီအစဉ်ဖြင့် ကျောင်းပြင်ပတွင် အစိုးရ၏ ထိုက်သင့်သောသင်ကြားမှုအသုံးစရိတ်ဖြင့် သင်ကြားခွင့်ရှိသည်ဟု ပြင်ဆင်လိုကြောင်း၊ နှစ်သက်ရာကျောင်း သို့မဟုတ် ဒေသများကို သတ်မှတ်စည်းမျဉ်းမူဘောင်အတွင်း လွတ်လပ်စွာလျှောက်ထားပိုင်ခွင့်ရှိရမည်ဟုပြင်ဆင်လိုကြောင်း၊ ယင်းသို့ပြင်ဆင်လိုခြင်းမှာ လာဘ်ယူ မသမာမှုများဖြစ်လာနိုင်ကြောင်း၊ မျှမျှတတဖြစ်ရန် သတ်မှတ်စည်းမျဉ်းမူဘောင်အတွင်းတွင် လွတ်လပ်စွာလျှောက်ထားပိုင်ခွင့်ရှိသင့်သည့်အတွက်ဖြစ်ကြောင်း ဆွေးနွေးသည်။    တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးဂျေယောဝူက "အရင်တုန်းက နယ်ချဲ့ကိုလိုနီပညာရေးစနစ်ကို ကျွန်ပညာရေးစနစ်လို့ခေါ်ခဲ့ကြပါတယ်။ လက်ရှိကျင့်သုံးနေတဲ့ပညာရေးစနစ်ကလည်း ဝေးလံခေါင်သီခက်ခဲတဲ့ တောင်ပေါ်တွေ၊ နယ်စပ်တွေ၊ ရှားပါးတဲ့ဒေသမှာနေထိုင်တဲ့ တိုင်းရင်းသားတွေအတွက်တော့ ကျွန်ပညာရေးစနစ်လိုပဲဖြစ်နေဆဲပါ။ ဘာလို့ဒီလိုပြောရလဲဆိုတော့ နှစ်ပေါင်း ၆၅ နှစ်အတွင်းမှာ ကျွန်တော်တို့လိုဒေသတွေကနေ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေမထွက်ပေါ်ခဲ့ပါဘူး။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာတော့ တစ်ယောက်စ၊ နှစ်ယောက်စပေါ်ခဲ့ဖူးပါတယ်" ဟုဆွေးနွေးသည်။    ရခိုင်အမျိုးသားပါတီမှ ဦးခင်မောင်လတ်က တက္ကသိုလ်ဝင်ခွင့်အတွက် တက္ကသိုလ်အလိုက် ဝင်ခွင့်စာမေးပွဲကအရေးကြီးကြောင်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်တွင် လူထုအခြေခံ အမှီအခိုကင်းသည့် ပညာရှင်အရေအတွက်အား တိုးမြှင့်ပေးသင့်ကြောင်း အကြံပြုဆွေးနွေးသည်။    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမင်းဦးက "နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် မရှိမဖြစ်လိုအပ်ပြီးတော့ အားလုံးစိတ်ဝင်စားနေတဲ့ အမျိုးသားပညာရေးဟာ ကောင်းမွန်တဲ့ပညာရေးဖြစ်ဖို့လိုပါတယ်။ ကောင်းမွန်ပြီး သင့်တော်ပြန်တော့လည်း  နိုင်ငံရဲ့အနေအထား၊ စီးပွားရေးတိုးတက်မှုအနေအထား၊ ဆရာနဲ့ ကျောင်းသားအချိုးမမျှတမှုနဲ့၊ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးနဲ့ ရင့်ကျက်မှုတွေကို ပကတိအရှိတရားအတိုင်း မှန်မှန်ကန်ကန်သုံးသပ်ပြီးတော့ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့လိုလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကောင်းမွန်ပြီး လက်တွေ့ကျတဲ့ အမျိုးသားပညာရေးဖြစ်ဖို့ အထူးလိုအပ်ပါတယ်။ ဥပဒေကြမ်းရဲ့ အပိုဒ် ၅၄ မှာ ပညာရေးစီမံခန့်ခွဲမှုနဲ့ ကြီးကြပ်မှုဆိုပြီး ပြင်ဆင်လိုပါတယ်။ အပိုဒ် ၅၉ တွင် ဝန်ကြီးဌာနသည်အစား ကော်မရှင်သည် ကိုယ်ပိုင် (သို့) ပုဂ္ဂလိကကျောင်းများအတွက် အမှီအခိုကင်းသောပညာရှင်များပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်ဟု ပြင်ဆင်လိုပါတယ်" ဟုဆွေးနွေးသည်။    မတ် ၂၅ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်ခုနစ်ဦးက ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။ ဥပဒေကြမ်းကော်မတီအနေဖြင့် ကြားနာပွဲတက်ရောက်ခဲ့သည့် သပိတ်မှောက်ကျောင်းသားများနှင့် ညှိနှိုင်းခဲ့ကြောင်း၊ ကျောင်းသားများနှင့် သဘောတူညီခဲ့သည်များကို အဓိကထားပြီး ပြင်ဆင်ထည့်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။           

Most Read

Most Recent