လက်ပံတန်းမြို့၌ ကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွဲခံရမှုအပေါ် အစိုးရသတင်းစာများတွင်ဖော်ပြမှုမှာ ဖြစ်စဉ်အမှန်နှင့် ကွဲလွဲနေကြောင်း လွတ်မြောက်လာသော ကျောင်းသားကျောင်းသူများနှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများပြောကြား

လက်ပံတန်းမြို့၌ ကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွဲခံရမှုအပေါ် အစိုးရသတင်းစာများတွင်ဖော်ပြမှုမှာ ဖြစ်စဉ်အမှန်နှင့် ကွဲလွဲနေကြောင်း လွတ်မြောက်လာသော ကျောင်းသားကျောင်းသူများနှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများပြောကြား
Published 24 March 2015

လက်ပံတန်းမြို့၌ မတ် ၁၀ ရက်ကဖြစ်ပွားခဲ့သော ပင်မကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွင်းခံရမှုအပေါ် အစိုးရပိုင်သတင်းစာများဖြစ်သော မတ် ၂၃ ရက်ထုတ် ကြေးမုံနှင့် မြန်မာ့အလင်းနေ့စဉ်ထုတ်သတင်းစာပါဖော်ပြမှုများသည် သာယာဝတီအကျဉ်းထောင်မှလွတ်မြောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတို့၏ ဖြစ်ရပ်များနှင့် ကွဲလွဲလျက်ရှိကြောင်း သိရသည်။

မတ် ၂၃ ရက်ထုတ် အစိုးရသတင်းစာ(ကြေးမုံ)တွင်ဖော်ပြထားသော ဓာတ်ပုံမတ် ၂၃ ရက်ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၉၊ ၁၀ နှင့် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၁၊ ၁၂ တို့တွင် "တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားမှုကိုထိခိုက်သော ဖြစ်ရပ်များနှင့်ပက်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း" ခေါင်းစဉ်ဖြင့် လက်ပံတန်းကျောင်းသားသပိတ်ဖြစ်ရပ်နှင့်ပက်သက်၍ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး  ရဲမှူးကြီးဝင်းစိန်၊ သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်၊ လက်ပံတန်းမြို့နယ် ရပ်မိရပ်ဖ ဦးကျော်မြင့်စိုးတို့နှင့် မေးမြန်းခဲ့မှုများအား ပုံနှိပ်ဖော်ပြခဲ့သည်။သတင်းစာမှာဖော်ပြထားတဲ့ သတင်းဓာတ်ပုံကိစ္စကြေးမုံနှင့် မြန်မာ့အလင်းတွင်ဖော်ပြခဲ့သော အဆိုပါတွေ့ဆုံမေးမြန်းမှု၌ သုံးစွဲထားသော သတင်းဓာတ်နှစ်ပုံအနက် ကြေးမုံမှသုံးစွဲထားသောဓာတ်ပုံထဲတွင်ပါဝင်သည့် တည်နေရာမှာ ကျောင်းသားသပိတ်ဖြိုခွင်းခံရသည့် ကျွန်းကလေးလမ်းဆုံနေရာနှင့် လမ်းလျှောက်လျှင် ၁၅ မိနစ်ခန့်လျှောက်ရသော မြို့အတွင်း လမ်းခင်းလက်စနေရာဖြစ်ပြီး သပိတ်စစ်ကြောင်းမှ ပါဝင်သူများမဟုတ်နိုင်ကြောင်း သိရသည်။
ပုံ - (၁)

ပုံ - (၂)

ပုံ - (၃)

မတ် ၃ ရက်က ပင်မကျောင်းသားသပိတ်တားဆီးခံထားရချိန်၌ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအနောက်တွင် ရောက်ရှိနေသူက သူ့ကိုယ်သူ တုတ်ဖြင့်ပြန်ရိုက်နေသည်ကို အနီးရှိသူများက ဝိုင်းဝန်းကြည့်ရှုနေကြပုံအဆင့်ဆင့် (ပုံ ၁၊ ၂ ၊ ၃)ကိုတွေ့ရစဉ်လက်ပံတန်းမြို့ခံတစ်ဦးဖြစ်သော ကိုဝဏ္ဏက "ကြေးမုံမှာသုံးထားတဲ့ပုံက ကျောင်းသားတွေဖြစ်တဲ့ လမ်းဆုံကပုံမဟုတ်ဘူး။ ကျွန်တော်တို့မြို့တွင်းကိုလာတော့ ဆေးရုံနားနဲ့ ရဲအချို့ကိုထားတဲ့ စိုက်ခြံနားမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စိုက်ခြံထဲမှာ ရဲတပ်ဖွဲ့ဝင်တွေရှိတယ်။ ကျောင်းသားတွေအရိုက်ခံနေရပြီကြားတော့ မြို့ထဲကလူတွေက အဲဒီစိုက်ခြံထဲကရဲတွေကို မကျေနပ်ကြဘူး။ အဲတော့ စိုက်ခြံထဲကရဲတွေက အပြင်ကရဲတွေကို လှမ်းပြီးအကူအညီတောင်းတော့မှ ရဲတွေကတက်လာတာဖြစ်လောက်တယ်။ သူတို့နဲ့ပြဿနာတက်နေပြီ လာပါဆိုလို့ လုံထိန်းတွေကတက်လာနေတဲ့ပုံပါ။ ဓာတ်ပုံထဲမှာပါတဲ့ လေးခွကိုင်ထားတဲ့လူသုံးယောက်က ဒေသခံလို့အတိအကျပြောလို့မရပေမယ့် ကျောင်းသားတွေမဟုတ်တာသေချာတယ်။ ဒေသခံတွေထဲမှာလည်း ကျွန်တော်တို့မြို့ပေါ်ကလည်း ဖြစ်နိုင်သလို၊ တခြားမြို့ကလူတွေလည်းဖြစ်နိုင်တယ်။ ဖြစ်တဲ့အချိန်မှာ လမ်းတွေပိတ်ထားတော့ ပင်မသပိတ်စစ်ကြောင်းကလူတွေက အပြင်ကိုမထွက်နိုင်ဘူး။ ရဲတွေကလမ်းတွေပိတ်ထားတော့ တချို့ဒေသခံတွေက မကျေနပ်ကြဘူး" ဟုပြောကြားသည်။

ကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွဲနေသော ရဲတပ်ဖွဲ့ဝင်အချို့ထို့ပြင် အဆိုပါဓာတ်ပုံကိုရိုက်ကူးခဲ့သော ရိုက်တာသတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ကိုစိုးဇေယျာထွန်းက "ကြေးမုံသတင်းစာမှာသုံးထားတဲ့ဓာတ်ပုံက ကျွန်တော်ရိုက်ကူးခဲ့တာပါ။ ဒါပေမဲ့ ဓာတ်ပုံမှာထိုးထားတဲ့ပုံစာကတော့ ကျွန်တော်ထိုးထားတဲ့ ပုံစာမဟုတ်ဘူး။ ကျွန်တော့်သတင်းဌာနကိုပေးတုန်းက ပုံကသတင်းထောက်တစ်ယောက်ပုံပါတယ်။ ဒါပေမဲ့ အဲ့ပုံကို International Business Time က ယူသုံးတော့ သတင်းထောက်ပုံကို Crop ဖြတ်ပြီးသုံးတယ်။ ကျွန်တော့်အထင် အစိုးရသတင်းက အဲဒီပုံကို International Business Time ကနေ Download ဆွဲပြီးယူသုံးတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Crop လုပ်ထားတဲ့ ပုံစံချင်းတူနေလို့။ တည်နေရာက မြို့ထဲမရောက်တစ်ရောက်ပဲ။ ဆေးရုံနဲ့နီးတယ်။ အခင်းဖြစ်တဲ့နေရာနဲ့ တော်တော်ဝေးနေပြီ။ ပုံထဲမှာပါတဲ့လူသုံးယောက်က နယ်ခံလားဆိုတာတော့ သေချာမသိဘူး။ ရဲတွေမရောက်ခင်မှာ သူတို့ရောက်လာတယ်။ ပြီးတော့ သူတို့ဆီမှာလေးခွတွေပါလာတယ်။ အနားမှာရှိတဲ့လူတွေကိုလည်း ပစ်ချင်တဲ့လူပစ် လေးခွတွေအပိုဝယ်လာတယ်ပြောပြီး လမ်းပေါ်ချပေးကြတယ်။ ကျွန်တော်တွေ့ခဲ့သလောက်တော့ ကျန်တဲ့သူ ဘယ်သူမှဝင်ပစ်တာမရှိဘူး။ သူတို့သုံးယောက်ပဲပစ်တာပါ။ မျက်မြင်တွေ့ခဲ့သလောက်တော့ အဖမ်းခံရတာတွေတော့ မတွေ့ခဲ့ဘူး" ဟုရှင်းပြသည်။ထို့ပြင် မြန်မာ့အလင်းသတင်းစာတွင်သုံးစွဲထားသော သတင်းဓာတ်ပုံနှင့်ပတ်သက်၍လည်း လက်ပံတန်းမြို့၊ ကျောင်းသားသပိတ် စတင်ပိတ်ဆို့ခံရစဉ်ကနေ ဖြိုခွင်းခံရသည့်အထိ အစအဆုံးသတင်းရယူခဲ့သော Eleven Media Group မှ သတင်းထောက်ကိုကြည်နိုင်က "မတ် ၂၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၂ မှာပါ  "လုံခြုံရေးတပ်ဖွဲ့ဝင်များအား သပိတ်စစ်ကြောင်းမှ ဆူပူအကြမ်းဖက်လိုသူများက တုတ်များဖြင့်ရန်ပြုစဉ်" လို့ ပုံစာရေးဓာတ်ပုံက မတ် ၁၀ ရက်နေ့ဖြစ်စဉ်မှာဖြစ်ခဲ့တဲ့ ပုံလိုမျိုးသုံးနှုန်းထားတယ်။ ပုံစံကို ဘယ်နေ့ကရိုက်ကူးခဲ့သလဲဆိုတာမပါဘူး။  တကယ်တော့ အဲဒီပုံက မတ် ၃ ရက် ကျောင်းသားသပိတ် အောင်မြေဗိမာန်ကျောင်းတိုက်ကစထွက်တော့ ရဲတွေတားဆီးပိတ်ဆို့ထားတဲ့အချိန်မှာဖြစ်ခဲ့တဲ့ ဓာတ်ပုံပါ။ မတ် ၁၀ ရက်က ဓာတ်ပုံမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီပုံကိုရိုက်ကူးခဲ့ပါတယ်။ ကျောင်းသားတွေကို ရဲတွေတားထားတဲ့အချိန်မှာ ရဲတွေရဲ့အနောက်ဘက်အခြမ်းကို အဲဒီပုံထဲကပါတဲ့သူတွေက တိုးနေတာတွေ့တယ်။ အဲဒီချိန်မှာ သပိတ်ထဲမှာပါတဲ့သူမှန်သမျှ ရဲတံတိုင်းကို လုံးဝကျော်လို့မရပါဘူး။ အဲဒါကိုသပိတ်စစ်ကြောင်းမှ ဆူပူအကြမ်းဖက်လိုသူများကလို့သုံးထားတာက တစ်ဖက်သတ်ဆန်နေပါတယ်။ ဒေသခံတွေကိုမေးကြည့်တော့လည်း ပုံထဲမှာပါတဲ့သူတွေက သူတို့မြို့ကမဟုတ်ဘူးလို့ပြောတယ်။ ပြီးတော့ အဲဒီတုတ်ကိုင်ထားတဲ့သူ ဘယ်သူကိုမှ ရိုက်ဖို့ရွယ်နေတာမဟုတ်ဘူး။ သူ့ရင်ဘတ်၊ သူ့ဗိုက်ကို တုတ်မှာပါတဲ့သံချွန်နဲ့ခြစ်နေတာပါ။ သူ့ပုံစံက အရက်မူးနေသလိုလို၊ ဆေးကြောင်ထားတဲ့ပုံစံမျိုးပဲ။ သံချွန်နဲ့သူ့ကိုယ်သူခြစ်လို့ ဘေးနားကလူတွေတောင် မျက်လုံးပြူးပြီး ဝိုင်းကြည့်နေကြတယ်။ သွေးစို့တဲ့ဒဏ်ရာတွေတော့ သူ့ကိုယ်ပေါ်မှာအပြည့်ပဲ။ တုတ်က ကျပ်လုံးလောက်ရှိတဲ့ဝါးတုတ်ပါ။ ပြီးတော့ သူ့ခေါင်းသူပြန်ရိုက်တယ်။ အံတွေလည်းကြိတ်နေတယ်။ သတင်းစာထဲမှာပါတဲ့ တုတ်များဖြင့်ရန်ပြုစဉ်ဆိုတာကလည်း အဲဒီချိန်မှာတုတ်ကိုင်ထားတာဆိုလို့ အဲဒီတစ်ယောက်ပဲရှိပါတယ်" ဟုပြောကြားသည်။ဆက်လက်ပြီး လက်ပံတန်းမြို့ခံလည်းဖြစ်၊ သတင်းထောက်တစ်ဦးလည်းဖြစ်သူ ကိုဝဏ္ဏက "မြန်မာ့အလင်းမှာသုံးထားတဲ့ပုံကို ကျွန်တော်တို့မြို့ပေါ်က လူ ၁၀ လောက်ကိုပြကြည့်ပါတယ်။ ဒါပေမဲ့ အဲဒီပုံထဲကတုတ်နဲ့ရွယ်နေတဲ့လူရယ်၊ ဆိုင်ကယ်ဦးထုပ်ဆောင်ထားတဲ့သူတွေကိုတော့ ဘယ်သူမှမသိကြဘူး။ အထူးသဖြင့် တုတ်ကိုင်ထားတဲ့သူက ကျွန်တော်တို့မြို့ထဲကမဟုတ်ဘူး။ ဘယ်ကလာသလဲတော့ မသိဘူး။ ပြီးတော့ မြန်မာ့အလင်းမှာရေးထားတဲ့ပုံစာကလည်း သပိတ်စစ်ကြောင်းမှ ဆူပူအကြမ်းဖက်လိုသူများက တုတ်များဖြင့်ရန်ပြုစဉ်လို့ရေးထားတာက မမှန်ဘူး။ သပိတ်စစ်ကြောင်းမှာလည်း အဲလိုလူမျိုးမတွေ့ဖူးဘူး။ သပိတ်လက်ပံတန်းမြို့ပေါ်ရောက်တော့ ဝန်းရံတဲ့ ကျွန်တော်တို့ဒေသခံတွေထဲမှာလည်း အဲဒီတုတ်ကိုင်ထားတဲ့သူကို မတွေ့ဖူးဘူး" ဟုဆိုသည်။အစိုးရသတင်းစာပါဖော်ပြချက်များနှင့်ပတ်သက်၍ မြို့ခံအချို့၏ရှင်းလင်းပြောကြားချက်"မြို့ခံရပ်မိရပ်ဖ ဦးကျော်မြင့်စိုးဆိုတာကလည်း အစက မြို့နယ်ရုံးတစ်ရုံးမှာစာရေးပေါ့ဗျာ။ နောက်တော့ ကိစ္စတစ်ခုခုနဲ့ထွက်လိုက်တယ်။ အထောက်အကူပြုကော်မတီတို့ ဘာတို့ ပေါ်လာတော့ ဌာနဆိုင်ရာနဲ့လည်းနီးစပ်မှုရှိလို့ ရွေးချယ်ပြီးတင်မြှောက်ထားတာ။ ပြည်သူတွေကတင်မြှောက်ထားတာမဟုတ်ဘူး။ အစိုးရဘက်တော်သားပဲ။ တချို့ကိစ္စတွေမှာတော့ ကျောင်းသားတွေဘက်ကရပ်တည်ပေးခဲ့တာတော့ ရှိပါတယ်။ ဒါပေမဲ့ အခုလိုသတင်းစာထဲမှာပြောထားတာကတော့ သူမျက်နှာကောင်းရရေးအတွက် ပြောတာလို့ပဲယူဆတယ်။ အခုဆိုလူမှုကွန်ရက်တွေမှာ သူ့ကိုဘယ်လိုရွေးကောက်ပြီး တင်မြှောက်ထားတာလဲလို့တောင်မေးကြတယ်။ မြို့အဝင်လမ်းမကြီးဟာ သပိတ်စစ်ကြောင်းကြောင့်ပိတ်သွားတယ်လို့ သူပြောတာကလည်းမဟုတ်ဘူး။ တံတားရှိတဲ့လမ်းကိုပိတ်တာလည်း ရဲတွေပဲ။ ဘုန်းကြီးကျောင်းရှေ့ကလမ်းကိုပိတ်တာလည်း ရဲတွေပဲ။ လမ်းတွေပိတ်ထားတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲသွားတယ်လို့ စကားကလည်း သူမပြောသင့်တဲ့စကားပဲ။ ကျောင်းသားတွေသွားမယ့်လမ်းကို စပိတ်တာက ရဲတွေ။ ပြီးတော့ နောက်ထပ်ကျောင်းသားတွေ၊ ဝန်းရံတဲ့သူတွေရောက်လာမှာစိုးလို့ ဖြတ်တောက်ဖို့အတွက်ပဲ ပိတ်ဆို့တာလည်းသူတို့ပဲ။ ကျောင်းသားတွေကနေ လမ်းတွေလိုက်ပိတ်ထားတာ မဟုတ်ဘူး။ ကျောင်းသားတွေထိုင်တဲ့နေရာက မြို့အဝင်လမ်းလာဆိုတော့ အဲဒီလမ်းက ကားကြီးတွေ မြို့ထဲကိုဝင်တဲ့အခါသုံးတယ်။ ဒီဘက်ကျွန်းကလေးချောင်းတံတားကိုကျတော့ အင်္ဂလိပ်ခေတ်ထဲကတံတားမို့ ကားကြီးတွေသွားဖို့မလွယ်ပေမယ့် အသုံးများကြတယ်။ တံတားရှိတဲ့လမ်းကို ကျောင်းသားတွေစထွက်တဲ့ မတ် ၃ ရက်မှာတော့ ရဲတွေခဏပိတ်လိုက်ပြီး ရဲတွေပဲပြန်ဖွင့်ပေးခဲ့တယ်။ နောက်တော့ ဘယ်ရီဂိတ်တွေချတယ်။ ဘုန်းကြီးကျောင်းရှေ့က တန် ၂၅၀ ဆန်စက်လမ်းကိုတော့ လုံးဝပိတ်ထားခဲ့တယ်။ ကျောင်းသားတွေက အလယ်မှာ ရဲတွေက ကျောင်းသားတွေကို အရှေ့၊ အနောက်ကနေ ညှပ်ပိတ်ထားတာပါ"ဦးဝဏ္ဏ (လက်ပံတန်းမြို့ မင်းရပ် ရပ်ကွက်နေသူ)"ဦးကျော်မြတ်စိုးအနေနဲ့ ကျောင်းသားတွေနဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့တဲ့အခါမှာ ကိုယ်တိုင်ပါဝင်ဆွေးနွေးခဲ့သလားဆိုတော့ နယ်လုံနဲ့ဆွေးနွေးတဲ့အခါမှာ တံခါးပိတ်ဆွေးနွေးတာဖြစ်တော့ ကျွန်တော်တို့လည်းမသိနိုင်ဘူး။ ဒါပေမဲ့ မတ် ၁၀ ရက် နယ်လုံနဲ့ NNER၊ ကျောင်းသားတွေဆွေးနွေးတဲ့အခါမှာတော့ သူက ဆွေးနွေးတဲ့အိမ်ရဲ့ အပြင်ဘက်ကွမ်းယာဆိုင်မှာ မတ်တတ်ရပ်နေတာတွေ့ခဲ့ရတယ်။ မြို့ခံတွေအနေနဲ့ ကျောင်းသားတွေကိုလိုလားလို့ တောက်လျှောက်ဝန်းရံလာခဲ့ကြတာပဲ။ ထမင်းတွေ၊ ရေတွေတောက်လျှောက်လှူလာခဲ့ကြတယ်။ တန် ၂၅၀ ဆန်စက်လမ်းကလည်း ရဲတွေတားလို့ ကျောင်းသားတွေထိုင်သပိတ်လုပ်တော့ ပိတ်ဆို့မှုဖြစ်ခဲ့ရတယ်ဆိုတာ မြို့ခံတွေကနားလည်တယ်။ အပြစ်မမြင်ကြဘူး။ မြို့ခံတွေအနေနဲ့ ကျောင်းသားတွေအပေါ်မလိုလားဘူးဆိုရင် တစ်ယောက်ခဲတစ်လုံးပစ်တာနဲ့တင် ကျောင်းသားတွေအဲဒီလမ်းပေါ်မှာ ထိုင်နိုင်မှာတောင်မဟုတ်ဘူး။ ကျောင်းသားတွေထိုင်သပိတ်လုပ်တဲ့လမ်းက မနက်တစ်ခါ၊ ညတစ်ခါ Express တွေဖြတ်တဲ့လမ်းပါ။ တကယ်တမ်းမြို့ခံတွေ အဓိကအသုံးပြုတဲ့လမ်းက ကျွန်းကလေးတံတားဟောင်းလမ်းပဲ အဓိကလမ်းကတောက်လျှောက်ဖွင့်ထားခဲ့တာဖြစ်တယ်။ မြို့နဲ့ပက်သက်တဲ့ ကြေညာချက်၊ ဂျီတီစီကျောင်းသားမိဘတွေရဲ့ သဘောထားဆိုတာကလည်း  မြို့ခံတွေကိုရှင်းရှင်းလင်းလင်းချပြီးမှ ကြေညာခဲ့တာမဟုတ်ဘူး။ သူတို့ဘာသာ လက်သိပ်ထိုးထုတ်ပြန်ခဲ့တာဖြစ်တယ်။ မြို့မှာ ဂုဏ်သိက္ခာရှိလူကြီးတွေအများကြီးပါ။ အခုတော့ သူတို့ကိုချောင်ထိုးပြီး လုပ်သွားတဲ့သဘောဖြစ်နေတယ်။ လက်တစ်ဆုပ်စာတွေက လက်တစ်လုံးခြားလုပ်သွားတာလို့မြင်ပါတယ်။ သူပြောတာက သူ့အာဘော်သာဖြစ်ပါတယ်"    ဦးသန်းမြတ်စိုး (လက်ပံတန်းမြို့ ဘီးလင်းတန်းရပ်ကွက်နေသူ)အစိုးရသတင်းစာပါဖော်ပြချက်များနှင့်ပတ်သက်၍ ကျောင်းသားများနှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့သူများ၏ ရှင်းလင်းပြောကြားချက်"ရဲမှူးကြီးဝင်းစိန်ပြောတဲ့စကားမှာ ကျောင်းသားတွေကိုစပြီးတားတုန်းက အဓိကရုဏ်းလက်နက်မပါဘူး။ ဒိုင်းတွေတောင်မကိုင်ဘူးလို့ပြောတယ်။ ရဲမေတွေကိုရှေ့ဆုံးမှာထားပြီး အနူးညံ့ဆုံးတားခဲ့တယ်လို့လည်းပြောတယ်။ အမှန်တကယ်က အဲဒီလိုမျိုးတားတယ်ဆိုတာက ညီမတို့အောင်မြေဗိမာန်ဘုန်းကြီးကျောင်းကစထွက်လာတုန်းက တားတာပါ။ ၁၀ ရက်၊ ၁၀ နာရီမှာတော့ အဲဒီလိုတားခဲ့တာမဟုတ်ဘူး။ အဲဒီအချိန်မှာ ရဲမေတွေကအနောက်မှာ၊ ရဲတွေကစီပြီးတားတယ်။ ဒိုင်းတွေမကိုင်ဘူးဆိုတာက ရှေ့ကရဲတွေက ကာထားတဲ့အတွက် နောက်ကရဲတွေကိုင်ထား၊ မထားကိုမမြင်ရဘူး။ ဒါပေမဲ့ ရဲတွေလိုက်ရိုက်တဲ့အခါမှာတော့ သူ့တို့ ဒိုင်းကိုသုံးတာတွေ့တယ်။ ပြီးတော့ ညီမတို့ဘက်ကလိုမျိုးရေးထားတဲ့ အင်အား ၄၀၀ ကျော်ဆိုတာကလည်း သူတို့ပြောမှသိရတယ်။ တကယ်ဆို ညီမတို့ဘက်မှာ အင်အား ၂၀၀ လောက်ပဲရှိတာ။ ဟိုဘက်ပြည်သူတွေဘက်မှာ ဘယ်လောက်ရှိသလဲကတော့ မမြင်ရလို့မသိဘူး။ ဒါပေမဲ့ သူပြောတဲ့ အင်အား ၈၀၀၊ ၁၀၀၀ လောက်ဖြစ်တယ်ဆိုရင် သူတို့ကြားထဲမှာတင် ညီမတို့ဝိုင်းရိုက်လို့ သေသွားလောက်ပြီ။ အင်အားက အဲဒီလောက်မရှိလို့ဘဲ ညီမတို့အနေနဲ့ ရိုက်ခံလိုက်ရတာလေ။ ပြီးတော့ ရဲအင်အားငါးရာလောက်သုံးထားတယ်လို့သိထားတာ။ အဲဒါဆို ရဲအင်အား ၅၀၀ နဲ့ လူတစ်ထောင် ဘယ်ဟာကနိုင်မလဲဆိုတာ စဉ်စားကြည့်လို့ရတယ်။ ရဲမှူးအနေနဲ့ သူပြောတာကိုမှန်လား၊ မမှန်ဘူးလားဆိုတာ စဉ်စားဖို့လိုပါတယ်။ ဝတ္တရားနှောင့်ယှက်တယ်လို့လည်းပြောရအောင်လည်း ရဲတွေက အထက်အမိန့်အရ လာတားကြတာပါ။ ညီမတို့ကတားခိုင်းတာလည်းမဟုတ်ဘူး။ ညီမတို့တိုးလို့ ရဲတွေထဲ နည်းနည်းလေးပေါက်သွားရင် ဖမ်းပါလို့ အတိအလင်းကြေညာပြီးမှစတိုးကြတယ်။ တကယ်ဆို ရဲတွေအနေနဲ့ တိုးတဲ့အခါ နည်းနည်းလောက်ဟပေးလိုက်။ ညီမတို့တိုးလို့ ပထမရဲစည်းကျော်သွားတာနဲ့ ဖမ်းလိုက်တော့။ အခင်းမဖြစ်ခင်မှာ ကျောင်းသားသပိတ်ကတာဝန်ရှိသူတွေနဲ့ နောက်အဖွဲ့အစည်းတွေက ဆွေးနွေးပြီးတော့ တကယ်ဖြစ်တော့ ရှောင်ထွက်သွားတယ်လို့ပြောတာကမဟုတ်ပါဘူး။ သူတို့နဲ့ဆွေးနွေးခဲ့တဲ့ ညီမတို့ကျောင်းသားခေါင်းဆောင်တွေက အားလုံးအဖမ်းခံခဲ့ရတယ်။ တစ်သွေးတစ်သားတည်းရှိနေတာပါ။ NNER  က ဒေါက်တာသိန်းလွင်တို့ကလည်း နယ်လုံနဲ့ဆွေးနွေးပြီတဲ့အဖြေကို သပိတ်ထဲဝင်ပြီးတော့လာပြောပါသေးတယ်။ အားလုံးအဆင်ပြေသွားပြီဆိုလို့ သူတို့အပြင်ကစောင့်နေမယ်ဆိုပြီး ပြန်ထွက်သွားတာပါ။ အဲ့အချိန်မှာ ညီမတို့ကျောင်းသားတွေ ဘယ်သူမှမတိုးသေးဘူး။ နောက်မှ သူတို့လိမ်နေမှန်းသိလို့တိုးကြတာပါ။ ညီမတို့ရဲ့ခေါင်းဆောင်တွေကို ယုံကြည်တယ်။ ပစ်ထားပြီး ရှောင်ထွက်သွားမယ်လို့လည်းမထင်ဘူး။ ကျောင်းသားခေါင်းဆောင်တွေထဲက ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်၊ ကိုသီဟဝင်းတင်တို့က ၁၀ ရက် မနက်အစောတည်းကမရှိတော့တာသိတယ်။ ဒါပေမဲ့ သူတို့တွေ တခြားလုပ်စရာရှိလို့ပဲဆိုတာသိထားပြီး ကျေနပ်ခဲ့ကြတယ်။ နောက်ထပ် ရဲမှူးပြောတဲ့ မီးတုတ်က မီးလောင်ဗုံးလိုသုံးလို့ရတယ်ဆိုတာ ညီမတို့အနေနဲ့ အဲဒါကိုတစ်ခါမှမမြင်ဖူးဘူး။ သိတောင်မသိဘူး။ ဓာတ်ဆီပုံးရှာတွေ့ခဲ့တာဆိုလည်း ကားကဓာတ်ဆီပဲဖြစ်မယ်။ နောက်ဆုံးပြောချင်တာက ကားနဲ့ဝင်တိုက်ပြီး ဖောက်ထွက်မယ်ဆိုတဲ့အပြောကတော့ လုံးဝမမှန်ပါဘူး။ အဲဒီချိန်မှာ ကားကမောင်းမဲ့သူတောင်မရှိလို့ ဒီအတိုင်းရပ်ထားရတာပါ။ သူတို့အနေနဲ့ ဒီလိုမျိုးပြောထားတာက မတရားပြောဆိုမူတွေသာဖြစ်တယ်။ သပိတ်ကိုပုံဖျက်ချင်တဲ့သဘောပါ"မအိဖြူဖြူထွန်း (ကျောင်းသားသပိတ်ဖြိုခွဲခံရပြီးနောက် သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာသော တက္ကသိုလ်ကျောင်းသူ)"ကားနဲ့ဝင်တိုက်မယ်ပုံစံမျိုးလုပ်တယ်ဆိုတာ အဲဒီနေ့က အင်တာနက်စာမျက်နှာတွေပေါ်မှာတက်တဲ့ ဗီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့မျက်နှာကို ပရုပ်ဆီနဲ့သုတ်တယ်လို့ဖြေထားတဲ့အပေါ်မှာ ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်။ အဲဒီအချိန်မှာကျွန်တော်တို့ ဘယ်ကပရုပ်ဆီဘူးရမှာလဲ။ ကျောင်းသားတွေဘက်က ခဲတွေနဲ့စပေါက်တယ်ဆိုတဲ့အပေါ်မှာလည်း ပြောစရာရှိပါတယ်။ ကျွန်တော်တို့ကျောင်းသားတွေကိုဖမ်းတဲ့ ရဲကားတွေပေါ်မှာ ခဲတွေစနစ်တကျစီထားတာရှိတယ်။ ကျွန်တော်တို့ရဲဘော်အချို့ ပြောပြချက်အရ အနီးဝန်းကျင်ကကားတွေပေါ်မှာလည်း နှစ်တစ်သစ်သားချောင်းတို့ ဝါးရင်းတုတ်တို့တွေ့တယ်။ ဒါကိုကြည့်ချင်းအားဖြင့် ကျောင်းသားတွေအရင်စလုပ်တာလား မလုပ်ဘူးလားဆိုတာ သိနိုင်ပါတယ်။ သေချာတာတစ်ခုကတော့ လက်ရှိဖြစ်ခဲ့တဲ့အခြေအနေအပြင် ပြီးခဲ့တဲ့သမိုင်းတစ်လျှောက်လုံးမှာလည်း ကျောင်းသားတွေဘက်ကစပြီး အကြမ်းဖက်ခဲ့တာတွေမရှိပါဘူး။ အာဏာပိုင်ကအကြမ်းဖက်ခဲ့ရင်တောင်မှ ကျောင်းသားထုက ငြိမ်းငြိမ်းချမ်းချမ်းနဲ့အကြမ်းဖက်ခံခဲ့တာ။ ကျောင်းသားထုတ်ပြန်အကြမ်းဖက်တယ်ဆိုတာ ဘယ်တော့မှမရှိခဲ့ဘူး။ နောင်လည်းရှိမှာ မဟုတ်ဘူး။ ဓာတ်ဆီပုံးသိမ်းဆည်းရမိတယ်ဆိုတာက ကျွန်တော်တို့ပြန်ကြားရေးကားပေါ်မှာ မီးစက်နှိုးဖို့အတွက် ဓာတ်ဆီကြိုဝယ်ထားတာရှိတယ်။ ကျွန်တော်တို့ကျောင်းသားတွေအနေနဲ့ လမ်းတစ်လျှောက်လုံး ဘာလက်နက်မှမပါပါဘူး"အောင်မင်းခန့် (သာယာဝတီအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသား၊ ကျောက်ဆည်နည်းပညာတက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌ)"အစိုးရသတင်းစာမှာဖော်ပြချက်က သူတို့အကြမ်းဖက်ခဲ့တဲ့နေရာမှာ တာဝန်ရှိတဲ့သူတွေက တာဝန်မယူရဲတာလို့မြင်တယ်။ မြို့ခံတွေလာတားတယ်ဆိုတာလည်းမဟုတ်ဘူး။ မဘသဘုန်းကြီးတွေလာပြီးပြောတာပဲရှိတယ်။ မြို့ခံတွေက လမ်းဖွင့်ပေးဖို့ပဲပြောတာပါ။ အဲဒါနဲ့ပတ်သက်ပြီး လက်ပံတန်းလူငယ်ကွန်ရက်က ကြေညာချက်ထုတ်ထားသေးတယ်။ ကျောင်းသားအရင်စလုပ်တာလား၊ ရဲတွေအရင်စလုပ်တာလားဆိုတာ မီဒီယာတွေအသိဆုံးပါ။ ဓာတ်ပုံမှတ်တမ်းတွေ၊ ဗီဒီယိုမှတ်တမ်းတွေကိုကြည့်ရင် သိနိုင်တယ်။ ထောက်လှမ်းရေးတွေ ကျွန်တော်တို့ဘက်ကဝင်ပစ်တာတွေရှိတယ်။ ရဲတွေအသိဆုံး။ သူတို့အချင်းချင်းချိတ်ဆက်ပြီးယုတ်မာသွားတာ။ ဓာတ်ဆီပုံးတွေမိတယ်ဆိုတာလည်းမဟုတ်ဘူး။ လုပ်ဇာတ်ကြီး၊ လေးခွတွေဆိုတာလည်း သူတို့ဟာ။ ပြီးမှ စတစ်ကာတွေကပ်ထားတာ"မောင်ရှိုင်းမင်းထက်ဇော် (ရဲများရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့သော မန္တလေးတက္ကသိုလ်ကျောင်းသား)"လူကြီးတွေက လူကြီးအလုပ်မလုပ်တာလို့ပဲမြင်တယ်။ အရှက်မရှိတဲ့မျက်နှာတွေနဲ့ပြောသွားတာ။ ရယ်ဖို့အရမ်းကောင်းတယ်။ သပိတ်မှောက်ကျောင်းသားတွေဝန်းရံသူတွေမှ ကျွန်မတို့ဘက်မှာ အင်အား ၁၀၀ ကျော် ၂၀၀ ဝန်းကျင်ပဲရှိတာ။ သူတို့ ရဲအင်အားက ကျွန်မတို့ထက် သုံးဆနီးပါးရှိတယ်။ ဒါကို သူတို့ရဲတွေက ပိုအထိနာပါတယ်တဲ့။ သချာၤနည်းနဲ့တွက်ရင်တောင် ဘယ်သူအထိနာမလဲဆိုတာ ကလေးကအစသိတယ်။ နောက်ပြီး ကျောင်းသားတွေကိုမထိခိုက်အောင် အကာအကွယ်ပေးပြီး ကားပေါ်တင်ပါတယ်တဲ့။ အဲဒါ သူတို့စည်းထဲရောက်မှ အစိုးရ မီဒီယာသမား ဗီဒီယိုရိုက်နေလို့ အဲလိုခေါ်တာ။ ဥပဒေနဲ့ ညီလား မညီဘူးလားဆိုတာအတွက် အစိုးရအနေနဲ့မှန်တယ်လို့ထင်ရင် ဘုန်းကြီးကျောင်းထဲမှာ သူတို့လုပ်ခဲ့တဲ့လုပ်ရပ်တွေကိုဖော်ထုတ်ပြပါ။ လူအခွင့်အရေးချိုးဖောက်ခံရပြီး အချုပ်ကားထဲထိအရိုက်ခံခဲ့ရတာ ကျွန်မတို့ကျောင်းသားတွေပါ"မအိပုံ (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)"အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေကိုကြည့်ကြည့်ပါ။ ဘယ်ကျောင်းသားမှ လက်ထဲမှာခွမပါဘူး၊ တုတ်မပါဘူး၊ ပရုပ်ဆီမပါဘူး။ ကျောင်းသားတွေဘက်က ကျွန်တော်တို့ကို ရိုက်ချင်ရိုက်ပါ ဖမ်းချင်ဖမ်းပါ။ ကျွန်တော်တို့အလံကိုမနင်းခြေကြပါနဲ့ ပြောနေတဲ့အနေအထားက ကမ်းကုန်နေပြီ။ သူတို့ပြောနေတဲ့ လက်နက်တွေပစ္စည်းတွေက ဘယ်သူတွေလက်ထဲမှရှိတယ်ဆိုတာမေးချင်ပါတယ်။ ပုံစံတစ်မျိုးက လက်ပံတန်းပြည်သူတစ်ယောက်ဆိုပြီး လော်စပီကာနဲ့ ကျောင်းသားသပိတ်ကိုမလိုလားကြောင်း ထကြေညာတယ်။ အဲဒီအချိန်မှာဘဲ ဒေသခံပြည်သူတွေက ဒီလူဟာ လက်ပံတန်းပြည်သူမဟုတ်ဘူး။ လိမ်နေတာဆိုပြီး ဝိုင်းပြောကြတဲ့အခါ အဲဒီလူက ရဲအုပ်စုနောက်ကို ဝင်ရောက်ပြေးလွှားပျောက်ကွယ်သွားတယ်။ သူတို့ပြောတဲ့ကျောင်းသားတွေကလုပ်လို့ ပြန်လုပ်ရပါတယ်ဆိုတာ အလွန်အင်မတန်ခံပြင်းစရာကောင်းတဲ့လိမ်လည်နည်းလို့ထင်တယ်။ သာမန်လိမ်ရင် လက်ခံနိုင်သေးတယ်။ ကျောင်းသားတွေကပြန်မလုပ်တဲ့အပြင် ဆဲတောင်မဆဲဘူး။ အချင်းချင်းထိန်းနေကြတယ်။ ဘာလို့လည်းဆိုရင် သူတို့ရဲ့လုပ်ရပ်တွေကို ကောင်းကောင်းကြီးသိထားလို့ပဲ။ အခုလို အစိုးရသတင်းစာတွေ၊ နိုင်ငံပိုင်ရုပ်သံတွေကနေတစ်ဆင့် လိမ်လည်ဝါဒဖြန့်နေတာဟာ သန့်ရှင်းပြီး ကောင်းမွန်တဲ့အစိုးရတစ်ရပ်ရဲ့ လုပ်ရပ်လားလို့ ထပ်မေးချင်ပါတယ်"ဦးမောင်မောင်ဦး (အကြမ်းဖက်ဖြိုခွင်းမှုကို မျက်မြင်တွေ့ရှိခဲ့ပြီး ကူညီဝန်းရံခဲ့သူ)

Most Read

Most Recent