မြန်မာ ယူ-၂၀ အသင်းသည် ဥရောပနိုင်ငံများတွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်အတွက် မတ် ၂၂ ရက် ညပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားကြောင်း သိရသည်။ မြန်မာ ယူ-၂၀ အသင်းသည် ဆားဘီးယား ယူ-၂၀ အသင်းနှင့် ခြေစမ်းပွဲများ ကစားရန် ဆားဘီးယားနိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်သည်။ဥရောပ ခြေစမ်းခရီးစဉ် သွားရောက်မည့် မြန်မာ ယူ-၂၀ အသင်းတွင် အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ၁၀ ဦး၊ ကစားသမား ၂၄ ဦး စုစုပေါင်း ၃၄ ဦး လိုက်ပါသွားသည်။ မြန်မာ ယူ-၂၀ အသင်းသည် ဥရောပ ငါးနိုင်ငံတွင် တစ်လကျော်ကြာ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ဆားဘီးယားနိုင်ငံ ပြီးပါက ဂျာမနီ၊ နယ်သာလန်၊ ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားနိုင်ငံများသို့ ဆက်လက်သွားရောက်မည်ဖြစ်ကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၀ အသင်းသည် ဥရောပ ခြေစမ်းခရီးစဉ်တွင် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ရရှိထားသည့် ဆားဘီးယား၊ ဟန်ဂေရီ ယူ-၂၀ အသင်းတို့နှင့်သာ ခြေစမ်းပွဲ နှစ်ပွဲစီ ကစားရန် သဘောတူညီမှု ရရှိထားပြီး ကျန်ခြေစမ်းပွဲများအတွက် ကလပ်အသင်းများကို ကမ်းလှမ်းမှုများပြုလုပ်ကာ ခြေစမ်းကစားသွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၀ အသင်းသည် မေလဆန်းပိုင်းမှသာ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အရေးပါသည့် ပြင်ဆင်မှုတစ်ခုလည်း ဖြစ်သည်။ မြန်မာ ယူ-၂၀ အသင်းသည် ဥရောပခရီးစဉ် ပြီးဆုံးပါက ရန်ကုန်မြို့သို့ ခေတ္တပြန်လာမည်ဖြစ်ပြီး မေလဒုတိယပတ်တွင် သြစတြေးလျနိုင်ငံ၌ နှစ်ပတ်ကြာ သွားရောက် လေ့ကျင့်မည်ဖြစ်ကာ ပြိုင်ပွဲကျင်းပမည့် နယူးဇီလန်နိုင်ငံသို့ တိုက်ရိုက်သွားရောက်မည် ဖြစ်သည်။









