ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် အာဏာခွဲဝေခြင်း၊ သယံဇာတခွဲဝေခြင်းနှင့် အခွန်အခခွဲဝေခြင်းများ ပီပီပြင်ပြင်ပေါ်ပေါက်လာစေရေး ဥပဒေများပြဋ္ဌာန်းပေးရန် တပ်မတော်၏အရေးကြီးအဆို ကန့်ကွက်သူမရှိ အတည်ပြု

ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် အာဏာခွဲဝေခြင်း၊ သယံဇာတခွဲဝေခြင်းနှင့် အခွန်အခခွဲဝေခြင်းများ ပီပီပြင်ပြင်ပေါ်ပေါက်လာစေရေး ဥပဒေများပြဋ္ဌာန်းပေးရန် တပ်မတော်၏အရေးကြီးအဆို ကန့်ကွက်သူမရှိ အတည်ပြု
Published 20 March 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် အာဏာခွဲဝေခြင်း၊ သယံဇာတခွဲဝေခြင်းနှင့် အခွန်အခခွဲဝေခြင်းများ ပီပီပြင်ပြင်ပေါ်ပေါက်လာစေရေး ဥပဒေများပြဋ္ဌာန်းပေးရန် တပ်မတော်၏အရေးကြီးအဆိုအား ပြည်ထောင်စုလွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။မတ် ၂၀ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းက "၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ပြဋ္ဌာန်းထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်၏ ဥပဒေပြုရေးနှင့် အခွန်အခများကောက်ခံရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်စေခြင်းဖြင့် အာဏာခွဲဝေခြင်း (Power Sharing) သယံဇာတခွဲဝေခြင်း (Resource Sharing) အခွန်အခခွဲဝေခြင်း (Tax Sharing) တို့ ပီပီပြင်ပြင်ပေါ်ပေါက်လာစေရေးအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးရှိ ဥပဒေ၊ နည်းဥပဒေများအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရေး လိုအပ်သည့်ဥပဒေနှင့် နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့တိုက်တွန်းကြောင်း" အရေးကြီးအဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။"ယခုကာလဟာ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် အချိန်ကာလဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒကို ပြင်ဆင်နိုင်ရေးကြိုးပမ်းနေစဉ် ကာလအတွင်းမှာပင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်များဟာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရဲ့ အကျိုးစီးပွားတွေကိုဖော်ဆောင်ပေးနိုင်တဲ့ အချက်အလက်များစွာပါဝင်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ဒီအချက်များထဲကနေ ယနေ့အချိန်အထိ  အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိနေသေးတဲ့အချက်များကို အရှိန်အဟုန်မြှင့်ပြီးတော့ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါတယ်" ဟု ဗိုလ်မှူးချုပ်တင့်ဆန်းကပြောကြားသည်။ဆက်လက်၍ "နိုင်ငံတော်နှင့် နိုင်ငံသားများဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်တဲ့နေရာမှာ ပြည်ထောင်စုအစိုးရကနေ တစ်နိုင်ငံလုံးအတွက် ချမှတ်ထားတဲ့မူဝါဒနဲ့အညီ လုပ်ငန်းစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရန် ပြဋ္ဌာန်းထားရှိပါတယ်။ အလားတူ တိုင်းဒေသကြီး/ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှာ ပြည်သူများဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ငန်းစီမံကိန်းများချမှတ် အကောင်အထည်ဖော်လျက်ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှာ ကဏ္ဍအသီးသီးအတွက် ဥပဒေမှာပြဋ္ဌာန်းနိုင်၍ထားပြီးဖြစ်သော်လည်းပဲ တည်ဆဲဥပဒေများအရ တချို့ကဏ္ဍများမှာတော့ တိုင်းဒေသကြီး/ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရဲ့လုပ်ပိုင်ခွင့်မှာ အကန့်အသတ်များရှိနေတဲ့အတွက်ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များဖွံ့ဖြိုးတိုးတက်ရေးကို စီမံဆောင်ရွက်ကြရာမှာ ထိရောက်စွာမဆောင်ရွက်နိုင်ဘဲနဲ့ အခက်အခဲများရှိနေတာကိုတွေ့ရှိနေရပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်များနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ဖွံ့ဖြိုးမှုမြန်ဆန်လာစေဖို့အတွက် လက်ရှိပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေအတွင်းမှပင် ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုဝန်ကြီးဌာနများသို့ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်များမှာ ပြဋ္ဌာန်းထားတဲ့ဥပဒေများကိုပြင်ဆင်၍သော်လည်းကောင်း၊ လိုအပ်ပါက အသစ်ကိုပြဋ္ဌာန်း၍သော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို လုပ်ပိုင်ခွင့်ကိုခွဲဝေပေးမယ်ဆိုရင် တိုင်းဒေသကြီး/ပြည်နယ်များနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနဲ့ ယခုထက် ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီးတော့ ပြည်သူများ အကျိုးပိုမိုခံစားကြရမှာဖြစ်ပါတယ်။ ဒီကိစ္စရပ်ဟာ လက်ရှိအခြေခံဥပဒေအတွင်းမှာပင် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုး၊ တိုင်းဒေသကြီး/ ပြည်နယ်များနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအကျိုးကို ဆောင်ကြဉ်းပေးစေနိုင်တဲ့ကိစ္စရပ်ဖြစ်ပါတယ်။ Power Sharing ၊  Resource Sharing ၊ Tax Sharing အချက်များဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနောက်ဆက်တွဲဇယား (၁)၊ (၂)၊ (၃)၊ (၅) တို့မှာပါရှိသော်လည်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်နေသေးတဲ့အတွက်ကြောင့် ယခုပထမအကြိမ် လွှတ်တော်သက်တမ်းကာလအတွင်းမှာပင် တိုင်းဒေသကြီး/ပြည်နယ်များနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ ဆောင်ရွက်နိုင်ဖို့အတွက်ကို ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်မှ လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းပေးရန် လိုအပ်လျက်ရှိပါတယ်။ သို့မှသာ တိုင်းဒေသကြီး/ ပြည်နယ်များနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအနေနဲ့ အခြေခံဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့အခွင့်အရေးများကို ရရှိအသုံးချနိုင်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ပိုင်ခွင့်များရရှိရန်မှာ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရနှင့် လွှတ်တော်အဆင့်ဆင့်ကပါ ဆောင်ရွက်ရမယ့်တာဝန်ဖြစ်ပါတယ်။ ဒီလိုမဏ္ဍိုင်အသီးသီးက ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်တဲ့အတွက်ကြောင့် ယခုအဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်" ဟု ဗိုလ်မှူးချုပ်တင့်ဆန်းကတင်ပြသည်။၎င်းအရေးကြီးအဆိုနှင့်ပတ်သက်၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်နှင့် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ထောက်ခံဆွေးနွေးခဲ့သည်။ ထို့နောက် လွှတ်တော်၏အတည်ပြုချက်ရယူရာတွင် ကန့်ကွက်သူမရှိသည့်အတွက် ၎င်းအဆိုကို လွှတ်တော်မှအတည်ပြုခဲ့သည်။

Most Read

Most Recent