အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ချင်းတိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း ပြောင်းရွှေ့ဝင်ရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ချင်းတိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း ပြောင်းရွှေ့ဝင်ရောက်
Published 13 March 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ချင်းတိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း ပါတီပြောင်းရွှေ့ဝင်ရောက်လာကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။ဦးဇုန်လှယ်ထန်းသည် ချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) မှ ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရခြင်းဖြစ်သည်။"ကျွန်တော်တို့က ဒီမိုကရေစီ Open ပါတီပဲ။ ကျွန်တော်တို့အားလုံးဖွင့်ထားပါတယ်။ စည်းကမ်းနည်းလမ်းနဲ့ငြိစွန်းတဲ့ဟာကလွဲရင် ကျန်တာအားလုံးလက်ခံပါတယ်" ဟု ဦးဉာဏ်ဝင်းကပြောကြားသည်။လက်ရှိတွင် ဦးဇုန်လှယ်ထန်းအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြောင်းရွှေ့ဝင်ရောက်ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး စုစုပေါင်းလေးဦးရှိကြောင်း သိရသည်။"ကျွန်တော်က ပြည်ထောင်စုအဆင့်မှာစိတ်ဝင်စားတယ်။ ကျွန်တော်တို့ပါတီငယ်လေးတွေမှာနေနေရင်တော့ အတိုက်အခံဘဝနဲ့ပဲ နေနေရမယ်။ ပြည်ထောင်စုတစ်ခုလုံး အစိုးရဖွဲ့နိုင်မယ့်ပါတီမှာနေမှ အဓိပ္ပာယ်ရှိတယ်လို့ ကျွန်တော်မြင်တယ်။ ပြီးတော့ ခေါင်းဆောင်ပိုင်းမှာလည်း ယုံကြည်မှုရှိတယ်။ ဖွဲ့စည်းမှုမှာလည်းကောင်းတယ်။ ပါတီရဲ့မူဝါဒတွေကောင်းတယ်။ ဒီမိုကရေစီရေးအတွက် ရပ်တည်လာတာတွေကလည်း အသိအမှတ်ပြုရမှာပေါ့နော်။ သူတို့နဲ့ပူးပေါင်းပြီးတော့လုပ်ချင်တယ်။ နိုင်ငံတည်ဆောက်ရေးမှာသော်လည်းကောင်း၊ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီရေးအတွက် ကျွန်တော်တို့တိုင်းရင်းသားတွေ အခွင့်အရေးအတွက်သော်လည်းကောင်း ဒါတွေလုပ်ဖို့ရန်အတွက် အယုံအကြည်ရှိတယ်ပေါ့။ အဲဒါကြောင့် ဝင်လိုက်တာပါ" ဟု ဦးဇုန်လှယ်ထန်းကပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအားလက်မခံဟုဆိုကာ ရွေးကောက်ပွဲအားဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှသာ လက်ရှိပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ထိုသို့ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာတွင် ၄၄ နေရာယှဉ်ပြိုင်ခဲ့ပြီး ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်နေရာမှအပ ကျန် ၄၃ နေရာလုံးတွင် အနိုင်ရရှိခဲ့သည်။အဆိုပါလွှတ်တော်ကိုယ်စားလှယ် ၄၃ ဦးအနက် မကွေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်သိန်း ကွယ်လွန်ခဲ့သဖြင့် ၄၂ ဦးသာကျန်ရှိပြီး ပါတီထဲသို့ဝင်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်လေးဦးပါဝင်ပါက စုစုပေါင်း ၄၆ ဦးရှိကြောင်း သိရသည်။

Most Read

Most Recent