ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်လျက်ရှိသည့် New Myanmar Foundation မှ မမြနန္ဒာလင်းအား NNER ၊ ဗကသအဖွဲ့တို့နှင့် ပတ်သက်မှုအခြေအနေကို ရဲသတင်းတပ်ဖွဲ့ခေါ်ယူမေးမြန်း

ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်လျက်ရှိသည့် New Myanmar Foundation မှ မမြနန္ဒာလင်းအား NNER ၊ ဗကသအဖွဲ့တို့နှင့် ပတ်သက်မှုအခြေအနေကို ရဲသတင်းတပ်ဖွဲ့ခေါ်ယူမေးမြန်း
Published 13 March 2015
ကျော်ဇင်ဝင်း

 ရွေးကောက်ပွဲအသိပညာပေးခြင်းနှင့် စောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်လျက်ရှိသော အရပ်ဘက်အဖွဲ့အစည်း New Myanmar Foundation မှ ရွေးကောက်ပွဲပညာပေးလုပ်ငန်းဆိုင်ရာ အကြံပေး မမြနန္ဒာလင်းအား ရဲသတင်းတပ်ဖွဲ့က မတ် ၁၂ ရက်မှ စတင်ခေါ်ယူစစ်ဆေးမေးမြန်းလျက်ရှိကြောင်း သတင်းရရှိသည်။ထိုသို့စစ်ဆေးမေးမြန်းရာတွင် New Myanmar Foundation အဖွဲ့၏ဆောင်ရွက်ချက်များ၊ မမြနန္ဒာလင်း၏ကိုယ်ရေးရာဇဝင်နှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ NNER နှင့်ပတ်သက်မှု၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)အဖွဲ့နှင့် ပတ်သက်မှုအခြေအနေတို့ကို အဓိကမေးမြန်းခြင်းဖြစ်ကြောင်း မမြနန္ဒာလင်းကပြောကြားသည်။ယင်းသို့မေးမြန်းရန်အတွက် မတ် ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲက လာရောက်ခေါ်ဆောင်ခြင်းဖြစ်ပြီး ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ ရဲသတင်းတပ်ဖွဲ့ရုံးတွင်စစ်ဆေးကာ ည ၉ နာရီတွင်ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ထို့နောက် မတ် ၁၃ ရက် နံနက်ပိုင်းတွင် မေးမြန်းရန်အချက်အလက်များ ကျန်ရှိသေးသည်ဟုဆိုတာ ထပ်မံခေါ်ယူသောကြောင့် သတင်းတပ်ဖွဲ့ရုံးတွင် ဖြေဆိုနေရဆဲဖြစ်ကြောင်း မတ် ၁၃ ရက် မွန်းလွဲ ၂ နာရီတွင် စစ်ဆေးမှုခေတ္တရပ်နားချိန်၌ The Daily Eleven က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ကာယကံရှင်မမြနန္ဒာလင်းက ပြောကြားသည်။"ကျွန်မတို့ကတော့ ၂၀၀၈ ကနေစပြီးတော့ ရွေးကောက်ပွဲလေ့လာတဲ့အလုပ်တွေကိုလုပ်ခဲ့တယ်။ တချို့လှုပ်ရှားမှုတွေမှာပါခဲ့တယ်ပေါ့လေ။ အဓိက ကျွန်မတို့ဘာလုပ်သလဲဆိုတာကိုမေးတာ။ ဥပမာ မိကျောင်းကန်ဆိုရင် မိကျောင်းကန်ကလူတွေနဲ့ ဘယ်လိုပတ်သက်သလဲပေါ့လေ။ ကျွန်မတို့သွားပြီးတော့ မုန့်တွေဘာတွေပေးတဲ့ဟာတွေမျိုးတွေရှိမယ်လေ။ အဲဒါမျိုးတွေမှာ သူတို့မှာမှတ်တမ်းတွေရှိနေတော့ အဲဒါတွေကိုခေါ်မေးတာပဲလို့ ကျွန်မနားလည်လိုက်တယ်။ ကျွန်မအနေနဲ့ကတော့ မနှိပ်စက်သရွေ့ လိုအပ်တဲ့သတင်းအချက်အလက်တွေပေးဖို့ကတော့ အဆင်သင့်ပါပဲ" ဟု မမြနန္ဒာလင်းကပြောကြားသည်။"အခုလိုမျိုးရွေးကောက်ပွဲကြီးကို သန့်ရှင်းလွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲအဖြစ် ဦးတည်ပြီးဆောင်ရွက်နေချိန်မှာ ဒီလိုမျိုးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေပေါ်မှာ စစ်ဆေးမေးမြန်းတယ်ဆိုတာ ကျွန်တော်တို့အတွက် စိတ်အနှောင့်အယှက်ကြီးစွာဖြစ်ရပါတယ်" ဟု စီမံကိန်းမန်နေဂျာ ဦးသန့်ဇင်ကပြောကြားသည်။

Most Read

Most Recent