NLD ဗဟိုလူငယ်ဦးဆောင်အဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကို နှစ်ရက်ကြာပြုလုပ်မည်ဖြစ်ပြီး လူငယ်ဖွဲ့စည်းပုံသတ်မှတ်ရေးဆွေးနွေးမည်

NLD ဗဟိုလူငယ်ဦးဆောင်အဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကို နှစ်ရက်ကြာပြုလုပ်မည်ဖြစ်ပြီး လူငယ်ဖွဲ့စည်းပုံသတ်မှတ်ရေးဆွေးနွေးမည်
Published 13 March 2015
ဇာလီမြင့်ဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်ဦးဆောင်အဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးကို မတ် ၁၄ ရက် (ယနေ့)နှင့် ၁၅ ရက်တို့တွင် ရန်ကုန်မြို့၌ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။အစည်းအဝေးသို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ဝင် လူငယ် ၅၇ ဦးတက်ရောက်ရန်စီစဉ်ထားကာ ပါတီတွင်း လူငယ်ဖွဲ့စည်းပုံသတ်မှတ်ရေးအပါအဝင် ဒေသအလိုက်လူငယ်လုပ်ငန်းအဖွဲ့များမှ တင်သွင်းလာသော အစီရင်ခံစာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ဗဟိုလူငယ်ဦးဆောင်အဖွဲ့မှ တာဝန်ခံ ဒေါက်တာစိုးမိုးသူက "ကျွန်တော်တို့ပါတီဖွဲ့စည်းပုံဆိုင်ရာမူဝါဒတွေ ပိုပြီးတော့ခိုင်မာလာအောင် မွမ်းမံပေးဖို့ရယ်၊ နောက်ကျွန်တော်တို့ လက်ရှိလေးလပတ်အတွင်းမှာဖြစ်တဲ့ဟာတွေကို ပြန်ဆွေးနွေးသွားဖို့ရှိပါတယ်။ လူငယ်မူဝါဒဆိုတာမှာ နှစ်ပိုင်းရှိတယ်။ ကျွန်တော်တို့က ပါတီအနေနဲ့ဖြစ်တဲ့အတွက်ကြောင့် NLD ရဲ့မူဝါဒက ကျွန်တော်တို့တစ်သားတည်းပါပဲ။ သို့သော်လည်း လူငယ်ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ကတော့ နောက် ကျွန်တော်တို့ လူငယ်လုပ်ငန်းအဖွဲ့ကလည်း အခုမှပေါ်ပေါက်လာတဲ့အခါကျတော့ စနစ်တကျလေးဖွဲ့စည်းပုံမူဝါဒကို ဖော်ဆောင်ဖို့ရှိပါတယ်။ ဘာတွေလုပ်ရမယ်ဆိုတာမျိုးပေါ့။ ဖွဲ့စည်းပုံကတော့ ကျွန်တော်တို့ ဒီတစ်ခေါက်မှာ ဖော်ဆောင်ရေးကော်မတီဖွဲ့ပြီး သေချာဆွေးနွေးသွားဖို့ရှိပါတယ်" ဟုပြောကြားသည်။ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်ရေးရာတာဝန်ခံဖြစ်သူ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံကို ၂၀၁၄ ခုနှစ် ဇူလိုင် ၅ ရက်ကပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ပါတီအဖွဲ့ဝင်လူငယ်ကိုယ်စားလှယ် ၁၅၀ ဦး တက်ရောက်ခဲ့ကာ အဆိုပါညီလာခံမှ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ထို့နောက် ဗဟိုလူငယ်ဦးဆောင်အဖွဲ့ ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၁၄  ခုနှစ် အောက်တိုဘာတွင်ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးမှ ဗဟိုလူငယ် ဦးဆောင်အဖွဲ့အစည်းအဝေးအား လေးလတစ်ကြိမ်ပြုလုပ်ရန်၊ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီဖွဲ့ရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လူငယ်လုပ်ငန်းအဖွဲ့ဝင်များက လုပ်ငန်းအစီရင်ခံစာများကို သုံးလတစ်ကြိမ်တင်ရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent