စင်ကာပူနိုင်ငံ၌ ကျင်းပမည့် (၂၈) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လေ့ကျင့်မှုများ ပြုလုပ်နေသည့် မြန်မာအားကစားအဖွဲ့ ကိုးဖွဲ့သည် ပြိုင်ပွဲမတိုင်မီ တရုတ်နိုင်ငံ၌ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာအားကစားအဖွဲ့သည် ဆီးဂိမ်းစ်ပြိုင်ပွဲကို အားကစားနည်း ၃၁ မျိုးဖြင့် ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ၎င်းတို့အနက်မှ ကိုးမျိုးကို ရွေးချယ်ကာ စေလွှတ်လေ့ကျင့်စေခြင်းလည်း ဖြစ်သည်။ သွားရောက်လေ့ကျင့်မည့် အားကစားနည်းများမှာ ပြေးခုန်ပစ်၊ ဘိုးလင်း၊ လက်ဝှေ့၊ ကနူး/ကယက်၊ ကျွမ်းဘား၊ စက်ဘီး၊ ဓားခုတ်၊ ဝူရှူးနှင့် Triathlon အားကစားနည်းတို့ဖြစ်ပြီး ၎င်းတို့အနက်မှ ဝူရှူးအားကစားအဖွဲ့မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကတည်းက သွားရောက်လေ့ကျင့်နေပြီဖြစ်သည်။ အားကစားနည်း ကိုးမျိူးအနက်မှ အများစုမှာ ဆီးဂိမ်းစ်ပြိုင်ပွဲကာလအထိ လေ့ကျင့်သွားမည်ဖြစ်ပြီး အချို့အားကစားနည်းများမှာမူ ပြိုင်ပွဲမတိုင်မီ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ကျန်ရှိသော အားကစားနည်း ရှစ်မျိုးကို လာမည့် မတ် ၁၅ ရက်၌ ထွက်ခွာနိုင်ရန် ပြင်ဆင်လျက်ရှိပြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် တရုတ်အိုလံပစ်ကော်မတီတို့ ပူးပေါင်းစီစဉ်ခြင်းလည်း ဖြစ်သည်။ မြန်မာအားကစားအဖွဲ့များ အနေဖြင့် ပြီးခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ မတိုင်မီကလည်း တရုတ်နိုင်ငံတွင် သွားရောက်လေ့ကျင့်မှုများ ရှိခဲ့ပြီး တရုတ်လူမျိုး နည်းပြများမှာလည်း နည်းပြအဖြစ် လာရောက်ဆောင်ရွက်လျက် ရှိသည်။စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲကို လာမည့် ဇွန် ၅ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အားကစားနည်း ၃၇ မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် အားကစားနည်း ၃၁ မျိုးတွင် ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော ဆီးဂိမ်းစ်ပြိုင်ပွဲ သုံးကြိမ်မှလွဲ၍ ကျန်နိုင်ငံများတွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အကြိမ်များတွင် ရရှိခဲ့သည့် ရွှေတံဆိပ်အရေအတွက်ထက် ပိုမိုရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ ပြီးခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နိုင်ငံအလိုက် ဒုတိယနေရာ ရရှိခဲ့သည်။
စင်ကာပူ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် မြန်မာအားကစားအဖွဲ့ ကိုးဖွဲ့ တရုတ်နိုင်ငံ၌ သွားရောက်လေ့ကျင့်မည်









