ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုပြီးသော မြို့နယ် ၁၀ ခု၌ ပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့် အရပ်ဘက် အဖွဲ့အစည်းများအား မြို့နယ်များ ခွဲခြားသတ်မှတ်

ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုပြီးသော မြို့နယ် ၁၀ ခု၌ ပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့် အရပ်ဘက် အဖွဲ့အစည်းများအား မြို့နယ်များ ခွဲခြားသတ်မှတ်
Published 8 March 2015

ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုပြီးသော မြို့နယ် ၁ဝ ခု၌ မဲစာရင်းမကြေညာမီ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့် အရပ်ဘက် အဖွဲ့အစည်းများအား မြို့နယ်များ ခွဲခြားသတ်မှတ်ထားကြောင်း သတင်းရရှိသည်။ထိုသို့ ဆောင်ရွက်ပြီးစီးခဲ့သည့် မြို့နယ် ၁ဝ ခုမှာ ဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့နယ်၊ လသာမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဒေါပုံမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့ ဖြစ်ကြသည်။ယင်းမြို့နယ် ၁ဝ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းကို မတ် ၃ဝ ရက်မှ ဧပြီ ၁၁ ရက်ထိ သက်ဆိုင်ရာ မြို့နယ်များအတွင်းရှိ ရပ်/ကျေး ကော်မရှင်ရုံးများတွင် ကြေညာကပ်ထားပေးမည်ဖြစ်ရာ ပြည်သူများအနေဖြင့် မိမိအမည် ပါဝင်ခြင်း ရှိ၊ မရှိ သွားရောက်ကြည့်ရှုရမည်ဖြစ်ပြီး မဲစာရင်း မကြေညာမီ မတ် ၁၆ မှ ၂၉ ရက်ထိ အရပ်ဘက်အဖွဲ့အစည်းများက ပြည်သူများသိရှိရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြမည်ဖြစ်သည်။“သူတို့ရွေးထားတဲ့ မြို့နယ်တွေထဲမှာ သွားပြီးတော့ မဲဆန္ဒရှင် ပညာပေးလုပ်ငန်းတွေ လုပ်မယ်လေ။ သူတို့ကြိုက်တဲ့ နည်းလမ်းကို သုံးပြီးတော့ ပညာပေးလို့ ရတယ်။ ကော်မရှင်ဘက်ကတော့ သူတို့ဘောင်ဝင်အောင်ပဲ နည်းနည်းလေး လိုအပ်တာတွေ လုပ်ပေးထားတာ” ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးကိုကိုက ပြောကြားသည်။အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ၁ဝ မြို့နယ်၌ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ပြီးဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့အဖွဲ့က ကျောက်တံတားမြို့နယ်နဲ့ ဗိုလ်တထောင်မြို့နယ် နှစ်မြို့နယ်ကို တာဝန်ယူထားတယ်။ ကျန်တဲ့မြို့နယ်တွေက အခြားအဖွဲ့တွေပေါင်းပြီး လုပ်မယ်ပြောတယ်။ ကျွန်တော်တို့ မြို့နယ်အဆင့် ကော်မရှင်တွေနဲ့ ဆက်လက်ညှိနှိုင်းရမယ်” ဟု Horn Bill Organization မှ ကိုချန်လျန်းက ပြောကြားသည်။မဲဆန္ဒရှင်စာရင်း ပြုစုခြင်းမှာ တစ်အိမ်တက်ဆင်း ကောက်ခံမည့်ပုံစံ မဟုတ်ဘဲ လက်ရှိတွင်ရှိသည့် အိမ်ထောင်စုစာရင်းများအား မဲဆန္ဒရှင်စာရင်းအဖြစ် ကွန်ပျူတာစာရင်း ရေးသွင်းထားခြင်းဖြစ်သည်။တစ်နိုင်ငံလုံးအဆင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းကို ပထမအဆင့်အနေဖြင့် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာမှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီအထိ လည်းကောင်း၊ ဒုတိယအဆင့် အနေဖြင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလမှ ၂ဝ၁၅ ခုနှစ် မတ်လအထိ လည်းကောင်း၊ တတိယအဆင့် အနေဖြင့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိ လည်းကောင်း ဆောင်ရွက်မည်ဖြစ်သည်။လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ ထပ်မံမဲဆန္ဒရှင်စာရင်း ပြုစုနေသည့် ၁၄ မြို့နယ်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ထန်းတပင်မြို့နယ်တို့ဖြစ်ပြီး ပြီးဆုံးခြင်း မရှိသေးကြောင်း သိရသည်။တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲဆန္ဒရှင်စာရင်း ပြုစုပြီးပါက အဆိုပါ မဲဆန္ဒရှင်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရှိ ကွန်ပျူတာအချက်အလက်ဘဏ်တွင် စုစည်းထားရှိ၍ အများပြည်သူ ကြည့်ရှုစစ်ဆေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ကြေညာပေးထားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent