(၁)ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ မတ်ပေါင်းရံသည့် အမြင့်စံ ဘုရင်တစ်ပါး ဖြစ်ခဲ့ပါလျက် တောထဲတောင်ထဲ ပေါက်ရောက်သော သစ်ပင်ကို အချစ်တတ်ခဲ့ဆုံး လူသားကို ပြပါဆိုလျှင် ကပိလဝတ်ပြည်၌ ၁၃ နှစ်တိုင် မင်းပြုစိုးစံခဲ့သော သိဒ္ဓတ္ထမင်းသားကို ဥဒါဟရုဏ်ထုတ်ဆောင်၍ ပြရပါလိမ့်မည်။သိဒ္ဓတ္ထမင်းသား၏ ဖြစ်တော်စဉ်ကို စောင်းငဲ့ကြည့်လိုက်မည် ဆိုပါက သစ်ပင်နှင့် အမြဲတမ်း တပူးတွဲတွဲ ရှိခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ သူသည် မွေးလာကတည်းက လုမ္ဗိနီ အင်ကြင်းတောအတွင်း၌ ဘဝကို စတင်ခဲ့သူဖြစ်သည်။ တောတွင်းသစ်ပင်ကြီး တစ်ပင်အောက်၌ ထူးထူးခြားခြား မွေးဖွားလာသော သားတော်လေး၏ ဇာတာကို ဖတ်ခဲ့စဉ်က ‘သမ္မာသမ္ဗုဒ္ဓ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်’ ဟူသော ဟောစာတမ်းကို ဖခင်သုဒ္ဓေါဒနမင်းကြီးက မနှစ်ခြိုက်ခဲ့။ ကာမဂုဏ်ကို စိတ်ကွက်ပြီး တောထွက်သွားမည်ကို အလွန်အမင်း စိုးရိမ်နေခဲ့သည်။ သို့ရကား သားတော်လေးကို နန်းတော်အတွင်း၌သာ (အကျယ်ချုပ်ဆန်ဆန်) ကြီးပြင်းစေခဲ့သည်။သို့သော် မင်းသား၏ သစ်ပင်ချစ်စိတ်ကို ခမည်းတော်မင်းကြီးလည်း မဟန့်တားနိုင်။ သို့ဖြင့် တစ်နေ့သ၌ နန်းတော်၏ပြင်ပသို့ ထွက်ခွာခွင့်ပြုခဲ့ရသည်။ သို့ဖြင့် မင်းသား၏ ငယ်ဘဝ၌ ဥယျာဉ်တော်လေ့လာရေး ခရီးစဉ်တစ်ခု ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။ သို့ဖြင့် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို ဆုံတွေ့ပြီးသည့်နောက်၊ တောထွက်ရန် စိတ်အကြံဖြစ်ခဲ့ရခြင်း ဖြစ်သည်။တောထဲ၌ မွေးဖွားခဲ့သော မင်းသားငယ်လေးတစ်ပါး၏ အမှန်တရားကို ရှာဖွေရာ အရပ်သည်လည်း သစ်ပင်များ ပေါက်ရောက်ရာ တောအုပ်ကြီးတစ်ခုပင် ဖြစ်ခဲ့ပါလေ၏။(၂)ဘုရင်တစ်ပါး၏ အဆောင်အယောင်များကို သာမက ဆံတော်ကိုပါ ပယ်စွန့်၍ မြတ်သောရဟန်းအသွင်ကို ခံယူပြီးနောက် (၇) ရက်တိုင်တိုင် သီတင်းသုံးနေတော်မူခဲ့ရာ အရပ်သည် အနုပိယမည်သော သရက်တောအုပ်ကြီးတစ်ခု ဖြစ်သည်။ထို့နောက် အာလာရ, ဥဒကမည်သော တောပျော်သူတော်စင်ကြီးတို့ထံ၌ နည်းခံခဲ့သည်။ သို့သော် ထိုလမ်းစဉ်သည် လောကီနယ်မှ မလွန်မြောက်နိုင်သေးသော ကျင့်စဉ်လမ်းပေတကားဟု သိပြီးသည့်နောက် ဥရုဝေဠတောအုပ်သို့ ချဉ်းကပ်၍ လူသာမန်တို့ ကျင့်နိုင်ခဲစွာသော ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင် ကျင့်ကြံအားထုတ်တော် မူခဲ့သည်။ နေရဉ္ဇရာမြစ်ကမ်းအနီး၌ ပေါက်ရောက်သော ညောင်ပင်ကြီးတစ်ပင်အောက်၌ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီးနောက် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။“ကဲ၊ ငါလည်း ဘုရားဖြစ်ပြီ၊ ငါ့နန်းတော်ကိုပဲ ပြန်ကြွတော့မည်” ဟု ထင်လျှင် မှားပါလိမ့်မည်။ ဘုရားအဖြစ်ကို ဆုပန်ခဲ့ခြင်းသည် သတ္တဝါတို့အား ကယ်တင်ရန်ဖြစ်သည်။ ကိုယ်တော်မြတ်ဟောကြားမည့် သစ္စာဓမ္မကို လက်ခံနိုင်စွမ်းရှိသည့် ဦးဦးဖျားဖျား လူသားငါးဦးကို ဘုရားမြတ်စွာက မြင်တွေ့လိုက်သည်။ သို့ဖြင့် ဗာရာဏသီမြို့အနီးရှိ၊ သားကောင်တို့ကို ဘေးမဲ့ပေးရာဖြစ်သော မိဂဒါဝုန်တောအုပ်သို့ဝင်၍ ထိုယောဂီလူသားတို့အား အဦးအစ ဒေသနာဖြစ်သော ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူခဲ့သည်။မြတ်စွာဘုရား၏ ဖြစ်တော်စဉ်၌ ဘုရားနှင့် သစ်ပင်တို့ အဆက်အစပ် ရှိခဲ့လွန်းပုံ တစ်စိတ်တစ်ဒေသ ဖြစ်ပါ၏။(၃)မြတ်စွာဘုရား မရှိတော့သည့်နောက် ဘုရားမြတ်စွာကိုယ်စား သံဃာပရိသတ်ကို ဦးဆောင်၍ သင်္ဂါယနာတင်ခြင်းကိစ္စကို ဦးဆောင်ဦးရွက်ပြုခဲ့သူကား အရှင်မဟာကဿ မထေရ် ဖြစ်သည်။ “ငါဘုရား မရှိတော့သည့်နောက် ငါဘုရား၏ သာသနာ့ဝန်တာကို ပခုံးပြောင်း တာဝန်ယူမည့် ရဟန်းတော်ပေတကား” ဟု သိမြင်တော်မူလတ်ရကား (ဗုဒ္ဓဝင်ရှေးထုံး မရှိခဲ့ပါပဲလျက်) ကိုယ်တော်တိုင်ထွက်၍ ကြိုဆိုတော်မူသည်။ မြတ်စွာဘုရား သစ်ပင်တစ်ပင်အောက်၌ ထိုင်နေသည်။ ရာဇဂြိုဟ်နှင့် နာလန္ဒအကြားရှိ ဗဟုပုတ္တကမည်သော ပညောင်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသည်။ မည်သူတစ်ဦး တစ်ယောက်ကိုမျှ နောက်ပါအဖြစ် မခေါ်ဘဲ အရှင်မဟာကဿပလောင်းလျာ ပိပ္ပလိလုလင်ကို ကြိုဆိုရန် ဤသစ်ပင်ကြီးအောက်သို့ ဘုရားမြတ်စွာ ရောက်နေခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒေသကြီးအချို့၌ သစ်ကြီးဝါးကြီးတို့ကို စိတ်ရှိလက်ရှိ ခုတ်ထစ်နေကြသည်။ မဆိုင်သူတို့ ခိုးခုတ်နေသည်ကိုလည်း ထိထိရောက်ရောက် မတားမြစ်နိုင်။ ခိုးထုတ်သွားသော သစ်လုံးကားကြီးများ ဖမ်းဆီးရမိသော သတင်းကို သတင်းမီဒီယာများ၌ ဓာတ်ပုံနှင့်တကွ မကြာမကြာ တွေ့နေမြင်နေရ . . . . .
သို့ဖြင့် သက်တော် ၈၀ အရွယ်သို့ ရောက်ခဲ့ပြီ။ ဘဝ၏ နေဝင်ချိန်၌ ရုပ်ခန္ဓာ သက်သာရေးအတွက် ရွှေနန်းတော်သို့ ပြန်ကြွပြီး သက်သက်သာသာနေထိုင်တော် မူခဲ့ပါသလား။ ဤသို့ကား မဟုတ်ချေ။ သံသရာတစ်လျှောက်လုံး ထမ်းခဲ့ရသော ခန္ဓာဝန်ကို အပြီးအပိုင်ပစ်ချ၍ အနုပါဒိသေသနိဗ္ဗာန်ဝင် စံခဲ့ရာ အရပ်သည်လည်း သစ်ပင်များကြီးစိုးရာ တောအုပ်ကြီးတစ်ခုပင် ဖြစ်ခဲ့ပါလေ၏။“အာနန္ဒာ၊ အင်ကြင်းပင်အစုံတို့၏ အကြား၌ မြောက်အရပ်သို့ ခေါင်းပြုကာ ညောင်စောင်းကို ခင်းလော့၊ ငါဘုရား ပင်ပန်းလှ၏၊ လျောင်းစက်ဦးအံ့” ဟူသော ဘုရားမြတ်စွာ၏ စကားတော်ကို စိတ်နားဖြင့် ပြန်လည်ကြားယောင်လိုက်ပါ၊ မည်မျှကြည်ညိုဖွယ် ကောင်းလိုက်ပါသနည်း။ မည်မျှ နှလုံးရင်စို့ မျက်ရည်စို့ဖွယ် ကောင်းလိုက်ပါသနည်း။ မြတ်စွာသော ဘုရားရှင်၏ ဖြစ်တော်စဉ်၌ သစ်ပင်သည် စ-လယ်-အဆုံး သုံးပါးစလုံး၌ အရေးပါခဲ့သည်ဟု မိမိတို့ သိနားလည်လိုက်ရပါ၏။(၄)ဘုရားမြတ်စွာ လက်ထက်တော်က ဖြစ်ရပ်တစ်ခု ဖြစ်သည်။ အာဠဝီမြို့ သားရဟန်းအချို့သည် ကျောင်းတစ်ဆောင် ဆောက်ရန်အတွက် သူတို့ကိုယ်တိုင် သစ်တစ်ပင်ကို ခုတ်ကြဖြတ်ကြကုန်၏။ ကျောင်းသား ကိုရင်တို့ကိုလည်း တာဝန်ပေးကုန်၏။ တစ်နေရာ၌ ဦးပဉ္ဇင်းတစ်ပါးသည် ခပ်ကြီးကြီး သစ်တစ်ပင်ကို ခုတ်ဖြတ်နေစဉ် ထိုအပင်၌နေသော ရုက္ခစိုးနတ်မက တောင်းပန်တားမြစ်၏။“အရှင်ဘုရား၊ အရှင်ဘုရား၏ ကျောင်းဗိမာန် ဆောက်ရန်အတွက် တပည့်တော်၏ ဗိမာန်ဖြစ်သော သစ်ပင်ကို မခုတ်ပါနှင့်၊ မဖြတ်ပါနှင့်” ဆိုသည်။ သို့သော် ရဟန်းက နောက်မဆုတ်။ ရုက္ခစိုးနတ်မလည်း “ကလေးကိုမြင်လျှင် သနားစိတ်ဝင်ပြီး ရပ်တန်ကောင်းပါရဲ့” အတွေးဖြင့် သစ်ကိုင်းကိုဖြတ်နေသော ရဟန်း၏ရှေ့မှောက်သို့ ကလေးကို ထိုး၍ပြလိုက်သည်။ ရဟန်းလည်း ရွယ်ပြီးသောဓားကို ပြန်၍မရုပ်သိမ်းနိုင်၊ ဓားကိုင်လက်က အရှိန်လွန်ပြီး နတ်ကလေး၏ လက်မောင်းကို ဖြတ်မိသွားလေသည်။အပြင်းအထန် ကြေကွဲဝမ်းနည်းသွားသူ ရုက္ခစိုးနတ်မသည် “ထိုရဟန်းကို အသေသတ်ပြီး လက်စားချေမည်” ဟု စိတ်အကြံ ဖြစ်လေ၏။ ထို့နောက် ဘုရားမြတ်စွာ မျက်နှာတော်ကို ထောက်၍ ဘုရားထံ အရောက်သွားကာ ဖြစ်စဉ်အကျဉ်းကို လျှောက်ထားသည်။ မြတ်စွာဘုရားသည် နတ်တစ်ပါး စုတေပြီးစဖြစ်၍ ပိုင်ရှင်မဲ့ဖြစ်နေသော ဇေတဝန်ကျောင်းအနီးရှိ သစ်ပင်တစ်ပင်၌ ထိုရုက္ခစိုးနတ်မ မိသားစုကို နေရာချထားပေးခဲ့သည်။ထိုဖြစ်စဉ်ကို အကြောင်းပြု၍ မြတ်စွာဘုရားက “ရဟန်းတို့၊ ကြီးပွားပြီး, ကြီးပွားဆဲ သစ်ပင်ကို မခုတ်ဖြတ်ရ၊ ခုတ်ဖြတ်လျှင် ပါစိတ်အာပတ်သင့်စေ” ဟု ပညတ်ချက်ထုတ်ပြန်ကာ ရဟန်းတော်များ သစ်ပင်ခုတ်ခွင့်ကို တားမြစ်ခဲ့ပါသည်။ဤကား သစ်ပင်နှင့်ပတ်သက်၍ မြတ်စွာဘုရား ထုတ်ပြန်ခဲ့သော ဥပဒေသတစ်ရပ် ဖြစ်ပါ၏။ ထိုမှတစ်ပါး (နာမကျန်းဖြစ်နေချိန်မှအပ) “စိမ်းစိုသော ကောက်ပဲသီးနှံခင်း၌ပင် ကျင်ကြီး၊ ကျင်ငယ် မစွန့်ရ၊ နှပ်တံထွေးစသော အညစ်အကြေးများ မစွန့်ရ” ဟူသော အသေးစား သိက္ခာပုဒ်မျိုးကိုလည်း ထုတ်ပြန်တော်မူခဲ့ပါသေးသည်။ဆိုခဲ့ပြီး ဥပဒေသတို့အရ “သစ်ပင်တစ်ပင်ကို ခုတ်ဖြတ်ခြင်းကို မဆိုထားဘိ၊ တံထွေးထွေးခြင်းမျိုးကိုပင် ခွင့်မပြုခဲ့ပါတကား” ဟု သစ်ပင်တို့အပေါ်၌ ထားရှိသော မြတ်စွာဘုရား၏ လေးနက်မှုကို မိမိတို့ သိနားလည်ရပါ၏။(၅)ဘုရားစကားတော်ကို နာခံသူများကို ‘ဗုဒ္ဓသာဝက’ ဟုဆိုသည်။ ဒါန၊ သီလ၊ ဘာဝနာမှုတို့ကို စနစ်တကျပြုလုပ်နေခြင်းသည် ဘုရားစကားတော်ကို နာခံကျင့်သုံးနေခြင်း မည်ပါ၏။ ထိုကိစ္စသည် မြင်သာထင်သာ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါ၏။ ထိုကိစ္စနှင့် စပ်လျဉ်း၍ အကျယ်အကျယ် မပြောလိုပါ။ ‘ကောင်းပါသည်’ ဟုသာ ပြောလိုပါသည်။ သို့သော် မိမိတို့ နိုင်ငံသားများ အနေဖြင့် ထို့ထက်သာလွန်သော အသိစိတ်ဓာတ်မျိုး ထားရှိဖို့ ဘုရားအလိုတော်ကျ ကျင့်သုံးနေထိုင်တတ်ဖို့ အများကြီး လိုနေပါသေးသည်။မိမိအနေဖြင့် တစ်ခွန်းပဲ သတိပေးစကား ဆိုပါမည်။ သစ်ပင်ခုတ်ခြင်းကို ဦးပဉ္ဇင်းတို့ မြတ်စွာဘုရားက မကြိုက်ပါ။ အားလုံး သတိရှိကြပါ။ ခုတော့ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ကြပါသည်ဆိုသော မြန်မာနိုင်ငံ၏ ဒေသကြီးအချို့၌ သစ်ကြီးဝါးကြီးတို့ကို စိတ်ရှိလက်ရှိ ခုတ်ထစ်နေကြသည်။ မဆိုင်သူတို့ ခိုးခုတ်နေသည်ကိုလည်း ထိထိရောက်ရောက် မတားမြစ်နိုင်။ ခိုးထုတ်သွားသော သစ်လုံးကားကြီးများ ဖမ်းဆီးရမိသော သတင်းကို သတင်းမီဒီယာများ၌ ဓာတ်ပုံနှင့်တကွ မကြာမကြာ တွေ့နေမြင်နေရသည်။(၆)လတာကာလအတွင်း၌ အလုံးလိုက် ခိုးထုတ်သွားသော ကျွန်းတန်ချိန်ချည်းသက်သက် ၆၇၀၀ ကျော်ရှိသည်ဟု သတင်းစာတစ်စောင်၌ ဖတ်လိုက်ရသည်။ ထိုစာရင်း၌ သစ်မာစသော အခြားသစ်အမျိုးအစားတို့ မပါသေး။ ထိုကိစ္စသည် အသေးအမွှားကိစ္စရပ် မဟုတ်ပါ။ အလေးအနက်ထားရမည့် ကိစ္စဖြစ်ကြောင်း နိုင်ငံ့ခေါင်းဆောင်များသို့ အလေးအနက် သတိပေးလိုပါသည်။တစ်ကြိမ်ထပ်၍ ဆိုပါမည်။ သစ်ပင်ခုတ်ခြင်းကို ဘုရားက မကြိုက်ပါ။ သစ်ပင်ကို ခိုးခုတ်ခြင်းကို ပို၍မကြိုက်ပါ။ မြန်မာ့သစ်တော မပြုန်းတီးရေးအတွက် နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် နိုင်ငံသားအားလုံး၌ တာဝန်ရှိကြောင်း တလေးတစား ပြောကြားလိုပါသည်။










