ပင်မသပိတ်စစ်ကြောင်းကို တားဆီးပိတ်ဆို့ထားမှုကြောင့် ယနေ့စတင်မည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကြားနာသည့်ပွဲသို့ တက်ရောက်မည်မဟုတ်ဟု ကျောင်းသားကိုယ်စားလှယ် ပြောကြား

ပင်မသပိတ်စစ်ကြောင်းကို တားဆီးပိတ်ဆို့ထားမှုကြောင့် ယနေ့စတင်မည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကြားနာသည့်ပွဲသို့ တက်ရောက်မည်မဟုတ်ဟု ကျောင်းသားကိုယ်စားလှယ် ပြောကြား
Published 4 March 2015
စိုးမင်းထိုက်၊ မင်းသိန်းနိုင်၊ ကြည်နိုင်၊ ရှိုင်းလင်းအောင်

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ ယနေ့ မတ် ၅ ရက်တွင် စတင်ကြားနာမည် ဖြစ်သော်လည်း ပင်မသပိတ်စစ်ကြောင်းကို တားဆီးပိတ်ဆို့ထားမှုကြောင့် ကြားနာပွဲသို့ ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားကိုယ်စားလှယ် တစ်ဦးမျှ တက်ရောက်မည်မဟုတ်ကြောင်း ကျောင်းသားကိုယ်စားလှယ် မဖြိုးဖြိုးအောင်က မတ် ၄ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။အဆိုပါ ဥပဒေကြမ်းအပေါ် လေးပွင့်ဆိုင် သဘောတူညီချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့လာသော အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်တွင် အတည်ပြုနိုင်ရန်အတွက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အနေဖြင့် ဦးစာပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်မည်ဖြစ်သည့်အတွက် လာရောက်ဆွေးနွေးနိုင်ရန် ဖိတ်ကြားထားကြောင်း သိရသည်။ယင်းသို့ ကြားနာရန်အတွက် မတ် ၅ ရက်တွင် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၂ဝ ဦး၊ မတ် ၆ ရက်တွင် တက်ရောက်ဆွေးနွေးလိုသည့် နိုင်ငံရေးပါတီ ၂ဝ မှ ဥက္ကဌ၊ အတွင်းရေးမှူး (သို့မဟုတ်) မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးနိုင်သည့် ကိုယ်စားလှယ် ၂ဝ ဦး ဖိတ်ကြားထားသည်။ထို့ပြင် မတ် ၇ ရက်တွင် အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက်မှ ကိုယ်စားလှယ် ၂ဝ ဦး၊ မတ် ၈ ရက်တွင် နိုင်ငံရေးပါတီ ၂ဝ မှ ဥက္ကဌ၊ အတွင်းရေးမှူး (သို့မဟုတ်) မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးနိုင်သည့် ကိုယ်စားလှယ် ၂ဝ ဦး ဖိတ်ကြားထားကြောင်း၊ မတ် ၁၁ ရက်တွင် ဒီမိုကရေစီပညာရေး စစ်ကြောင်းများကို အားပေးထောက်ခံ ကူညီခဲ့သည့် ပြည်သူ့ကိုယ်စားလှယ် ၂ဝ ဦးအား ဖိတ်ကြားထားသည်။မတ် ၁၃ ရက်တွင်မူ နိုင်ငံရေးပါတီများမှ ဥက္ကဌ၊ အတွင်းရေးမှူး (သို့မဟုတ်) မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးနိုင်သည့် ကိုယ်စားလှယ်များ၊ မတ် ၁၄ ရက်တွင် မှတ်ပုံတင်ထားသော အရပ်ဘက် အဖွဲ့အစည်းများမှ အကြံပြု ဆွေးနွေးလိုသူ ကိုယ်စားလှယ် ၂ဝ ဦး၊ မတ် ၁၅ ရက်တွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် အကြံပြုစာ ပေးပို့လာသူများအနက် ကိုယ်စားလှယ် ၂ဝ ဦးကို ဖိတ်ကြားထားကြောင်း သိရသည်။အမျိုးသားပညာရေး ဥပဒေသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်နေပြီး ပြည့်စုံသည့် ဥပဒေဖြစ်ရန်အတွက် နယ်ပယ်အသီးသီးမှ အကြံပြုချက်များ ရယူရမည်ဖြစ်ကြောင်း၊ ထို့အတွက် ထိုက်သင့်သည့်အချိန် ယူရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားသည်။ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက အမျိုးသားပညာရေး ဥပဒေကြမ်းအတွက် အကြံပြုစာများ များစွာရရှိထားကြောင်း၊ အဖွဲ့အစည်းအသီးသီး၊ ပညာရှင်များ၊ တစ်ဦးချင်း အကြံပြုချက် ပေးပို့မှုများရှိကြောင်း၊ အကြံပြုသူ အားလုံးနီးပါးကို ဖိတ်ကြားနိုင်ရန် စီစဉ်ထားကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်မှုသည် လွှတ်တော်အနေဖြင့် အချိန်ဆွဲနေခြင်း မဟုတ်ကြောင်း၊ သေသေချာချာ ဆောင်ရွက်ရမည့် ဥပဒေဖြစ်ကြောင်း ပြောကြားသည်။ဒီမိုကရေစီ ပညာရေးအား တောင်းဆိုဆန္ဒပြနေသည့် ပင်မကျောင်းသား သပိတ်စစ်ကြောင်းသည် မတ် ၃ ရက် နံနက်ပိုင်းတွင် သပိတ်စစ်ကြောင်း ရပ်နားထားသည့် လက်ပံတန်းမြို့နယ်၊ ကျွန်းကလေး အနောက်ဘက်ကမ်း တန် ၂၅ဝ ဆန်စက်လမ်းရှိ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းမှ ထွက်ခွာရာ အဆိုပါ ဘုန်းကြီးကျောင်းမှ ပေ ၁ဝဝ ခန့်အကွာတွင် ရဲတပ်ဖွဲ့များက အင်အားသုံး တားဆီးမှုများ ပြုလုပ်ခဲ့သည်။ထို့အတူ မတ် ၄ ရက် နံနက်ပိုင်းတွင်လည်း ရဲတပ်ဖွဲ့အင်အား ၃ဝဝ ခန့်က သပိတ်စစ်ကြောင်းအား သံဆူးကြိုးများ ကာရံကာ ပိတ်ဆို့တားဆီးမှုများ ဆက်လက်ပြုလုပ်နေပြီး ကျောင်းသားများအနီးသို့ ပြည်သူများ လာရောက်ခြင်း မပြုနိုင်ရန် ကျောင်းသားများ တည်ရှိရာ ကျွန်းကလေး အနောက်ဘက်ကမ်း တန် ၂၅ဝ ဆန်စက်လမ်းအား ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ရဲကားများဖြင့် ပိတ်ဆို့တားဆီးထားသည်။ယင်းသို့ ကျောင်းသားသပိတ်စစ်ကြောင်းအား ပိတ်ဆို့တားဆီးထားမှုနှင့် ပတ်သက်၍ “မနေ့က ဆွေးနွေးတဲ့ ရလဒ်ကို သိရသလောက် သူတို့ရဲ့ သဘောထားက သပိတ်စစ်ကြောင်းကို ဒီကမထွက်ရေး ပုံစံမျိုး ဖြစ်နေတယ်။ ပြီးတော့ ကြားနာပွဲကိုတက်မယ့် ဗကသ ကိုယ်စားလှယ်တွေက ပင်မစစ်ကြောင်းကို ကိုယ်စားပြုတဲ့သူတွေ ဖြစ်တယ်။ အခု ပင်မစစ်ကြောင်းက ဒီမှာ တားဆီးခံထားရတယ်။ အဲဒါကြောင့် ကျွန်မတို့ ၅ ရက်မှာလုပ်မယ့် ကြားနာပွဲကို ဗကသဘက်ခြမ်းကတော့ တက်ဖြစ်ဖို့ မရှိတော့ပါဘူး” ဟု မဖြိုးဖြိုးအောင်က မတ် ၄ ရက်တွင် ပြောကြားသည်။ထို့အတူ NNER မှ ဒေါက်တာသိန်းလွင်တို့ သပိတ်ပိတ်ဆို့ တားဆီးခံထားရသည့် နေရာသို့ လာရောက်သည့်ကိစ္စအား မေးမြန်းရာတွင် “NNER က ကိုယ်စားလှယ်တွေက ကျွန်မတို့ ဆီလာတာက မနက်ဖြန်မှာပြုလုပ်မယ့် ကြားနာစစ်ဆေးမှုနဲ့ ပတ်သက်ပြီး လာဆွေးနွေးတာပါ။ ကျွန်မတို့ရဲ့ ထုတ်ပြန်ချက် ရှစ်ချက်ကိုလည်း ထောက်ခံကြောင်းပြောပြီး လာအားပေးတာပါ။ သပိတ်စစ်ကြောင်း ပိတ်ဆို့တားဆီး ခံထားရတဲ့အတွက် ကြားနာပွဲကို တက်ရောက်ဖို့ မရှိတဲ့အကြောင်းကိုလည်း ပြောပြလိုက်ပါတယ်” ဟု မဖြိုးဖြိုးအောင်က ဆက်လက်ပြောကြားသည်။ကျောင်းသားသပိတ်စစ်ကြောင်းအား ကိုင်တွယ်ဖြေရှင်းသွားမည့် အခြေအနေနှင့် ပတ်သက်၍ အမှတ် (၁၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး နန္ဒဝင်းအောင်အား မီဒီယာများက မေးမြန်းရာတွင် “ကျွန်တော်တို့ အနေနဲ့ အေးချမ်းတည်ငြိမ်စွာနဲ့ ဒီမိုကရေစီ စနစ်အရ ပြဿနာတစ်ရပ်ကို ညှိနှိုင်းပြီးတော့ အေးချမ်းတည်ငြိမ်စွာ ဖြေရှင်းမှာ ဖြစ်ပါတယ်။ အကြမ်းဖက်ဖို့ အစီအစဉ်လည်း မရှိပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့မှာ လက်နက်ခဲယမ်း တစ်စုံတစ်ရာ ကိုင်ဆောင်ထားတာ မရှိပါဘူး။ အကြမ်းမဖက်ဘဲ ကိစ္စတစ်ရပ်ကို ကျောင်းသားပြည်သူနဲ့ ညှိနှိုင်းပြီး အဖြေရှာမှာပါ။ အထက်က ညွှန်ကြားချက်အရကတော့ ကျောင်းသားတွေနဲ့ ကျွန်တော်တို့ ညှိနှိုင်းနေတာပဲ ဖြစ်ပါတယ်” ဟု ပြန်လည်ပြောကြားသည်။

Most Read

Most Recent