ဒူဘိုင်းအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ်ကို အနိုင်ယူပြီး ဖက်ဒါရာ ခုနစ်ကြိမ်မြောက် ချန်ပီယံဖလား ဆွတ်ခူး

ဒူဘိုင်းအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ်ကို အနိုင်ယူပြီး ဖက်ဒါရာ ခုနစ်ကြိမ်မြောက် ချန်ပီယံဖလား ဆွတ်ခူး
Published 2 March 2015

၂၀၁၅ ဒူဘိုင်း တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ကမ္ဘာ့အဆင့် ၂ ဝါရင့် တင်းနစ်သမား ရော်ဂျာဖက်ဒါရာက လက်ရှိ ကမ္ဘာ့အဆင့် ၁ ကစားသမား ဂျိုကိုဗစ်ကို အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။အသက် ၃၃ နှစ်အရွယ်ရှိ ဖက်ဒါရာမှာ ပြိုင်ပွဲ၏ လက်ရှိချန်ပီယံဖြစ်ပြီး ဂျိုကိုဗစ်က ဆီဒင် ၁ နှင့် ဖက်ဒါရာက ဆီဒင် ၂ သတ်မှတ်ခံထားရသည်။ ဗိုလ်လုပွဲတွင် ဖက်ဒါရာက လက်စွမ်းပြ ကစားနိုင်ခဲ့ပြီး ၆-၃၊ ၇-၅ ဖြင့် နှစ်ပွဲပြတ် အနိုင်ယူကာ ချန်ပီယံဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဖက်ဒါရာသည် ဒူဘိုင်းတင်းနစ် ချန်ပီယံရှစ်ဆုကို ခုနစ်ကြိမ်မြောက် (၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၇၊ ၂၀၁၂၊ ၂၀၁၄၊ ၂၀၁၅) ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ကစားသမားအဖြစ် ရပ်တည်နေသည်။ ထို့ပြင် ဖက်ဒါရာသည် ဝင်ဘယ်လ်ဒန် ချန်ပီယံရှစ် ဂရင်းစလင်းပြိုင်ပွဲနှင့် ဟယ်လီပြိုင်ပွဲတို့တွင် ခုနစ်ကြိမ်စီ အနိုင်ရ ဗိုလ်စွဲထားသည့် စံချိန်ကို အမီလိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ကစားသမား ဘဝတစ်လျှောက် ၈၄ ကြိမ်မြောက် ဆုဖလား ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ “လူတွေက ကျွန်တော့်အသက် ဘယ်လောက်ရှိပြီလဲဆိုတာ မကြာခဏပြောလေ့ ရှိပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော် နှစ်ဘယ်လောက်ကြာကြာ ဖြတ်သန်းခဲ့ပြီးပြီလဲဆိုတာ မသိကြပါဘူး။ ကျွန်တော်ကတော့ လက်ရှိအချိန်အထိ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်တုန်းပါပဲ” ဟု ဖက်ဒါရာက ပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ယခုပြိုင်ပွဲတွင် လေးကြိမ်ဗိုလ်စွဲထားသည့် ဂျိုကိုဗစ်မှာမူ ကစားသမားဘ၀ အကြိမ် ၅၀ မြောက် ဆုဖလားရယူနိုင်မည့် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။ ယင်းပြိုင်တွင် အန်ဒီမာရေး(ဗြိတိန်)နှင့် ဘာဒစ်ချ်(ချက်)တို့လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရသည်။Ref:AFP

Most Read

Most Recent