ပြောင်းပြန်နိယာမ

ပြောင်းပြန်နိယာမ
Published 1 March 2015
မောင်ဆွေဝင်း (ပဲခူး)

(၁)
 
မြန်မာပြည်တွင် ယနေ့အထိပင် ပြောင်းပြန်နိယာမကို ရေရေလည်လည် သုံးစွဲနေကြဆဲ ဖြစ်သည်။ ဒီလိုပုံစံနဲ့သာဆိုရင်တော့ မိုးကြီးချုပ်တောင် အိမ်ပြန်မရောက်တဲ့ကိန်း ဆိုက်နေဦးမှာ သေချာသည်။ ပြောင်းပြန်နိယာမဆိုလို့ ကြီးကြီးကျယ်ကျယ် ရှည်ရှည်ဝေးဝေးတော့ မတွေးကြစေချင်ပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ကဏ္ဍအတော်များများမှာ တကယ်မှန်မှန်ကန်ကန် လုပ်ရမည့်ကိစ္စကို ပြောင်းပြန်ကြီး လုပ်နေတာတွေ ကမောက်ကမ အမြင်မတော်တာတွေကို ရည်ရွယ်ပြောဆိုခြင်း ဖြစ်ပါသည်။
 
(၂)
 
ဘတ်စ်ကားတွေအတွင်းမှာ စာတန်းတွေ အများကြီးကပ်ထားတာ ခရီးသည်တိုင်း သိကြပါသည်။ မတ်တတ်ရပ်စီး ခရီးသည်မတင်ပါ။ ထိုင်ခုံအပြည့်သာ တင်ပါသည်။ စာတန်းကြီးက ကားအပြင်နံရံမှာ အခန့်သား ကပ်ထားတာ တွေ့ရပါလိမ့်မည်။ ဒါပေမဲ့ ကားထဲမှာတော့ ထိုင်ခုံတွေလည်း အပြည့်၊ မတ်တပ်ရပ်စီး ခရီးသည်တွေလည်း ပြည့်ကျပ်လို့နေပါသည်။ “ဆေးလိပ်မသောက်ရ” ဆိုတဲ့ တားမြစ်စာတန်းကိုလည်း ဘတ်စ်ကားအတွင်း ဖတ်နိုင်ပါသည်။ ဒရိုင်ဗာ၊ စပယ်ယာတွေရဲ့လက်ထဲမှာတော့ စီးကရက် မီးခိုးငွေ့တွေက တလူလူ ရှိနေသည်။ အကြည့်ရအဆိုးဆုံးစာတန်းကတော့ “ခရီးသည်များသည် ထမင်းရှင်ဖြစ်သည်” ဆိုတာပဲဖြစ်သည်။ သို့ပေမယ့် ပြောင်းပြန်နိယာမ သဘောအရ စပယ်ယာများသည် သူတို့ကိုယ်သူတို့ ကျေးဇူးရှင်ဟု မှတ်ယူကာ ပိုက်ဆံပေးစီးနေသော ခရီးသည်များကို သူတို့အိမ်က အိမ်ဖော်တွေအလား ဟိန်းကြဟောက်ကြ စော်ကားနေကြပါသည်။
 
(၃)
 
မြန်မာလူမျိုးအများစု ရောင်းချနေသည့် ဈေးဆိုင်တွေနှင့် စားသောက်ဆိုင်များတွင်လည်း ပြောင်းပြန်နိယာမကို တွင်တွင်ကျင့်သုံးနေကြတာ အများစုတွေ့မြင်နေရပါသည်။ စားသုံးသူများသည် ဆိုင်အတွင်း ဝင်လိုက်လျှင် ဘာကိုအရင်ရှာရသလဲဆိုတော့ စားပွဲထိုးများ ဖြစ်သည်။ ဆိုင်အတွင်း ဖွင့်ထားသော တီဗွီအစီအစဉ်တွေကို ထိုင်ကြည့်နေသော အနှီစားပွဲထိုးများကို အော်ခေါ်ရ၊ ပိုက်ဆံရှင်းမယ်ဆိုတော့လည်း အော်ခေါ်ရနှင့် စားသုံးသူခမျာ ပျာယာခတ်လို့နေရသည်။ စိတ်ညစ်ရတာကို ပိုက်ဆံပေးနေရသလို ဖြစ်သည်။
 
(၄)
 
ပါတီစုံ ဒီမိုကရေစီစနစ်အရ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်၍ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားသူအချို့ကလည်း ပြောင်းပြန်နိယာမကို လက်မလွှတ်ကြပါ။  ရွေးကောက်ပွဲအကြို ကာလများအတွင်းက အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုသူအချို့သည် မဲဆန္ဒရှင်များကို မျက်နှာချိုသွေးကာ မက်လုံးပေး စည်းရုံးကြပါသည်။ ရွေးကောက်ပွဲပြီး၍ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားသောအခါ၊ သူတို့ကိုယ်သူတို့ ရာထူးအရှိန်အဝါတွေ ရထားသည့်အလား၊ မဲဆန္ဒရှင်ပြည်သူများကို လှည့်မကြည့်ကြတော့ပါ။
 
(၅)
 
 အစိုးရဝန်ထမ်းအချို့ကတော့ ဒီနိယာမကြီးကို၊ ခုချိန်အထိ အသေအလဲ ဖက်တွယ်ထားကြဆဲ ဖြစ်သည်။ သူတို့သည် ပြည်သူ့ဘဏ္ဍာငွေမှ လစာစားနေရသည်ကို အလျင်းဂရုမစိုက်ဘဲ၊ မိမိရုံး၊ ဌာနသို့ ကိစ္စရှိ၍ ရောက်လာသောပြည်သူများကို မှန်မှန်ကန်ကန် ဝန်ဆောင်မှု မပေးကြသေး။ ပညာပြကြသည်။ လာဘ်ပေးလာဘ်ယူ လုပ်ကြသည်။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အစီအစဉ်ကို ယနေ့အထိ သူတို့ မမှုကြသေးသည်မှာ ယုံတမ်းစကား မဟုတ်ပါ။ 
 
(၆)
 
ယနေ့ မြန်မာနိုင်ငံတော်ကြီးတွင် ယခုလို ပြောင်းပြန်နိယာမ ကျင့်သုံးမှုတွေ များနေပါသေးသည်။ ပြည်သူဗဟိုပြုစနစ်ဟု ကျယ်ကျယ်လောင်လောင်ပြောနေကြသော်လည်း ဤနိယာမအရ အောင်မြင်ဖို့ဆိုတာ အတော်အလှမ်းဝေးနေတာ သေချာသလောက်ရှိသည်။
 
(၇)
 
နောက်တစ်ခု ရှိပါသေးသည်။ ဒီနေ့ မြန်မာနိုင်ငံမှာ အပိုဆာဒါးလုပ်တာတွေ များနေတာဖြစ်သည်။ သာဓကတစ်ခု ဆောင်ပြပါမည်။ မြန်မာလူမျိုးများသည် အလုပ်တစ်ခု လုပ်မယ်မကြံသေး၊ ဖွင့်ပွဲတွေ၊ အခမ်းအနားတွေကို ပိုပိုကဲကဲ လုပ်တတ်ကြသည်။ အဲဒီအတွက် ကုန်ကျစရိတ်များသည် တကယ်လုပ်ဖို့ ခွင့်ပြုထားသည့် ငွေတွေထဲက ယူသုံးနေကြတာ ဖြစ်ပါသည်။ ဖဲကြိုးတက်ဖြတ်သူကလည်း ကုန်ကျစရိတ် စိုက်ထုတ်တာ မဟုတ်ပါ။
 
(၈)
 
မြန်မာနိုင်ငံရှိ ကဏ္ဍအသီးသီးက တာဝန်ရှိသူတိုင်း ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်ကြပါစေ။ အရိုးစွဲနေပြီး ကြည့်မကောင်း၊ ကြားမကောင်းသည့် ပြောင်းပြန်နိယာမကို တည့်မတ်အောင် အမြန်ဆုံးပြုပြင်နိုင်ကြပါစေ။