၂၁ ရာစု မိုဘိုင်းဖုန်းယဉ်ကျေးမှု

၂၁ ရာစု မိုဘိုင်းဖုန်းယဉ်ကျေးမှု
Published 27 February 2015
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

၂ဝ ရာစုအကုန်နဲ့ ၂၁ ရာစု အစပိုင်းမှာ စာရေးသူတို့ နေထိုင်တဲ့ ကမ္ဘာကြီးက Abrupt Change လို့ခေါ်တဲ့ ရုတ်တရက် ချက်ချင်းဆိုသလို ပြောင်းလဲမှုက သိသာလွန်းအားကြီးစွာ ပြောင်းလဲလာခဲ့တယ်။ အဲဒီ ပြောင်းလဲမှုကို အဓိက ဖြစ်ပေါ်လာစေခဲ့တဲ့ အားသုံးခုက-    (၁)    လူဦးရေဖောင်းပွလာမှု (Population Inflation)    (၂)    နည်းပညာတိုးတက်လာမှု (Technological Advance)    (၃)    တစ်နေရာကနေ တစ်နေရာကို အလွယ်တကူ ဆက်သွယ်လာနိုင်မှု (Easy Access)တွေ ဖြစ်ပါတယ်။နည်းပညာ တိုးတက်မှုက အချိန်နဲ့အမျှ တိုးတက်လာရာမှာ ဆက်သွယ်မှုပုံစံတွေလည်း လိုက်ပြီး တိုးတက်ပြောင်းလဲလာခဲ့တယ်။ အခုလို ဆက်သွယ်မှုပုံစံ တိုးတက်လာမှုမှာ မိုဘိုင်းဖုန်း ယဉ်ကျေးမှု တိုးတက်လာတာလည်း တစ်ခုအပါအဝင် ဖြစ်လာခဲ့တယ်။ ဟိုယခင် အတိတ်ကာလမှာ ဖုန်းက ဂုဏ်ဒြပ်ထည်ဝါစေဖို့အတွက် အသုံးပြုခွင့်ရတဲ့ ပစ္စည်းအဖြစ်သာ ရှိခဲ့တယ်။ အဓိကကတော့ သက်ဆိုင်ရာ အစိုးရပိုင်းကနေ တယ်လီဖုန်းဈေးကွက်ကို ထိန်းချုပ်ခဲ့လို့ ဖြစ်တယ်။ တယ်လီဖုန်း တစ်မျိုးတည်းသာ မကဘဲ လူကြိုက်များတဲ့ ပစ္စည်းမှန်သမျှ ဈေးကွက်ထိန်းချုပ်ခဲ့တယ်။ ရောင်းလိုအား Supply နဲ့ ဝယ်လိုအား Demand၊ သဘောတရားအရ ရောင်းလိုအားကို ထိန်းချုပ်လိုက်ရင် အဲဒီကုန်ပစ္စည်းဈေးနှုန်းက မြင့်တက်မြောက်တက် လာစေခဲ့တယ်။သူများနိုင်ငံမှာ အခမဲ့ပေးတဲ့ Sim Card တွေကို စာရေးသူတို့နိုင်ငံမှာ Sim Card တစ်ခုကို ၁၅ သိန်းနဲ့ ရောင်းပြီး ဈေးကွက်ထိန်းချုပ်ခဲ့ရာမှာ Sim Card တစ်ခုကို သိန်း ၄ဝ၊ သိန်း ၅ဝ အထိ ဈေးမြောက်ခဲ့တယ်။ အဲဒီအချိန်က ငွေရွှင်တဲ့သူတွေကသာ မိုဘိုင်းဖုန်းတွေ ကိုင်နိုင်ပြီး အများစုက မိုဘိုင်းဖုန်းအနား မကပ်နိုင်ခဲ့ပါ။ ကြိုးဖုန်းတွေ ဆိုရင်လည်း နီးစပ်ရာလူတွေ၊ အပိုကြေး သီးသန့်ပေးနိုင်သူတွေကိုသာ ချပေးခဲ့ကြတယ်။ မူရင်းသွင်းရမယ့် ကြိုးဖုန်းအတွက် ငွေကြေးက ငါးသိန်း၊ အပိုကြေးပေးရတာက ၁ဝ သိန်း ပေးကြရတယ်။ လုပ်စားခဲ့ကြတာ ပြောပါတယ်။
မိမိနိုင်ငံ မိမိနိုင်ငံသားတွေကို ချစ်ရင်၊ သနားရင်စစ်မှန်တဲ့ ဒီမိုကရေစီလမ်းစဉ်နဲ့ စစ်မှန်တဲ့ ပုံဖော်ပေးဖို့ ဖြစ်ပါတယ်။ နည်းပညာ မြင့်မားလာတာကို မှန်ကန်စွာ အသုံးချပြီး မိုဘိုင်းဖုန်း ယဉ်ကျေးမှုကနေ . . . . .

ဒီမိုကရေစီခေတ်ကို ပြောင်းလဲလာတယ်ဆိုပြီး MPT အပြင် Ooredoo နဲ့ Telenor တွေပါ အပြိုင်အဆိုင် ပေါ်လာပေမယ့် ဈေးကွက်ကို ထိန်းထားဆဲဖြစ်လို့ မူရင်းတန်ဖိုး ၁၅ဝဝ သတ်မှတ်ထားပေမယ့် ပြင်ပမှောင်ခိုဈေးက မူရင်းဈေးထက် များနေသေးတယ်။ အမှန်က Sim Card ကို အခမဲ့ပေးပြီး ပြောခယူမယ်ဆိုရင်သော်မှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် များစွာရနိုင်တယ်။ စာရေးသူတို့ နိုင်ငံမှာက မိမိနိုင်ငံနဲ့ လူမျိုးအတွက် မကြည့်ကြ ကိုယ်ကျိုးရှာလိုစိတ်သာ မွေးနေကြတယ်။ ကိုယ်ကျိုးရှာလို့ ရရှိထားတဲ့ ဥစ္စာဓနတွေ နိုင်ငံတော်ဘဏ္ဍာ အသိမ်းခံရမှာ စိုးရိမ်နေကြတဲ့အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို မကျင့်သုံးသေးဘဲ Rule of Law မထွန်းကားသေးပါ။ တည်ဆဲဥပဒေအရဆိုပြီး အရေးယူတာတွေ ရှိနေသေးတယ်။ အခုလို တစ်သွေးတစ်သံတစ်မိန့် ပုံစံနဲ့ မိမိနိုင်ငံကို အုပ်ချုပ်နေဆဲ ဖြစ်တာက ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရကို မသိနားမလည်သေးလို့ ဖြစ်တယ်။ ဒီမိုကရေစီခေတ်မှာ ဆန္ဒပြတာတွေက အုပ်ချုပ်သူရဲ့ အမှားတွေကို ထောက်ပြတဲ့သဘော ဖြစ်တဲ့အတွက် ဒါတွေကို ပြုပြင်ယူကြရမှာ ဖြစ်တယ်။ အမှားကို အမှန်ပြင်နိုင် အမှန်ဖြစ်ပါမှ တိုးတက်မှု ရရှိစေမှာ ဖြစ်တယ်။၂ဝ၁၂ ခုနှစ်က စာရေးသူတို့နိုင်ငံမှာ မိုဘိုင်းဖုန်း အသုံးပြုနိုင်သူ ဦးရေက သန်း ၅ဝ ကျော် လူဦးရေ ၇၅ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ ၂ဝ၁၅ ခုနှစ် နှောင်းပိုင်းမှာ ကာတာအခြေစိုက် အူရီဒူးနဲ့ နော်ဝေနိုင်ငံက တယ်လီနောကုမ္ပဏီတွေက ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းကို ဝင်ရောက်လာခဲ့ပြီးတဲ့နောက်မှာ မိုဘိုင်းဖုန်း အသုံးပြုသူတွေက ၂၅ ရာခိုင်နှုန်း နီးပါးအထိ တိုးတက်လာခဲ့တယ်လို့ သိရတယ်။ တယ်လီဖုန်းတွေ သုံးစွဲမှု များလာရာမှာ တစ်နေရာကနေ တစ်နေရာ ဆက်သွယ်မှု မိုဘိုင်းဖုန်းမှာ ထည့်သွင်းပြီး ဂိမ်းတွေအသုံးပြုမှုနဲ့ အကျိုးရှိရှိ အသုံးပြုသူတွေအဖြစ် မိုဘိုင်းဖုန်း အသုံးပြုသူတွေ ကွဲပြားလာတယ်။မကြာသေးမီကပဲ စာရေးသူရဲ့ မိတ်ဆွေတစ်ဦးက သူ့ရဲ့သားက မိုဘိုင်းဖုန်းနဲ့ ဂိမ်းတွေ ကစားနေပြီး စာဘက်မှာ လစ်ဟင်းမှုတွေ ဖြစ်လာလို့ ဆောင်းပါးတစ်ပုဒ် ရေးပေးပါဆိုလို့ ဒီကနေ့ခေတ် လူငယ်တွေ မိမိတို့ရဲ့ ကိုယ်ပိုင်အချိန်တွေ တန်ဖိုးရှိရှိ အသုံးချနိုင်ပြီး လူဘဝ ရှေ့တန်းနေရာ ရောက်နိုင်စေဖို့တွေ ရေးလိုက်တယ်။ စေတနာကို အဝေရာနဲ့ တုံ့ပြန်တာတွေ ရှိပေမယ့် စာရေးသူကတော့ သူတို့ကို နားလည်ခွင့်လွှတ်ပေးလိုက်ပါတယ်။ သူတို့ကို အချိန်ကို တန်ဖိုးရှိစွာ အသုံးချနိုင်စေဖို့ ရေးပေးတာပါ၊ နစ်နာစေလိုတဲ့ စိတ်နဲ့ ရေးတာမဟုတ်ဘဲ စေတနာနဲ့ ရေးတာဖြစ်လို့ ဘယ်သူ့ကိုမှ ပြန်လည်မတုံ့ပြန်ဘဲ မေတ္တာနဲ့သာ လျစ်လျူရှုလိုက်ပါတယ်။အတိတ်ကို သင်ခန်းစာယူပြီး လက်ရှိ ပစ္စက္ခမှာ အကောင်းဆုံး လုပ်ဆောင်မှုတွေကနေ အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် ပုံဖော်နိုင်ကြစေဖို့သာ လိုအပ်ပါတယ်။ မှားတာကို မှားမှန်းသိလို့ ပြုပြင်လိုက်တဲ့ အချိန်ကနေ စတင်ပြီး တန်ဖိုးရှိတဲ့ အချိန်တွေ ဖြစ်လာစေမှာ ဖြစ်တယ်။ အမှားကို မသိမမြင်ဘဲ အမှားသံသရာမှာသာ ဆက်ပြီး နစ်မျောနေမယ် ဆိုရင်တော့ အနာဂတ်အတွက် ရင်လေးဖွယ်ရာသာ ဖြစ်စေမှာပါ။လတ်တလော အခြေအနေကိုပဲ ချိန်ထိုးကြည့်လိုက်ပါ၊ စာရေးသူတို့နိုင်ငံက အာဆီယံ(၁ဝ)နိုင်ငံမှာသော်မှ အောက်ဆုံးနိုင်ငံ ဖြစ်သွားတာကို လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေသော်မှ စာရေးသူတို့နိုင်ငံအထက်ကို ရောက်သွားနေပြီ ဖြစ်တယ်။ ဒါတွေကို သိကြမြင်ကြဖို့ လိုအပ်တယ်။ မိမိနိုင်ငံ မိမိနိုင်ငံသားတွေကို ချစ်ရင်၊ သနားရင်စစ်မှန်တဲ့ ဒီမိုကရေစီလမ်းစဉ်နဲ့ စစ်မှန်တဲ့ ပုံဖော်ပေးဖို့ ဖြစ်ပါတယ်။ နည်းပညာ မြင့်မားလာတာကို မှန်ကန်စွာ အသုံးချပြီး မိုဘိုင်းဖုန်း ယဉ်ကျေးမှုကနေ မြန်မာနိုင်ငံ တိုးတက်အောင် လုပ်ဆောင်ကြဖို့ပါ။ အဓိကကတော့ နိုင်ငံသားတွေကို မိုဘိုင်းဖုန်းယဉ်ကျေးမှုရဲ့ မှန်ကန်တဲ့ သဘောတရားတွေကို အမှန်တကယ် သိအောင်နဲ့ အကျိုးရှိစွာ အသုံးချနိုင်တတ်စေဖို့ လုပ်ဆောင်ပေးဖို့ လိုအပ်မှာ ဖြစ်ကြောင်းပါ။