ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တင်သွင်းသည့် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဥပဒေကြမ်းအား လွှတ်တော်မှ ၇၅ ချက်ပြင်

ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တင်သွင်းသည့် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဥပဒေကြမ်းအား လွှတ်တော်မှ ၇၅ ချက်ပြင်
Published 24 February 2015

ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တင်သွင်းသည့် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ၇၅ ချက်ကို ပြင်ဆင်ရန် လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ၎င်းဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ချက် အစီရင်ခံစာကို တင်သွင်းခဲ့ခြင်းဖြစ်သည်။မူလ ပြဋ္ဌာန်းချက် ဖြစ်သည့် “ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦးနှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျားတစ်ဦးတို့ ထိမ်းမြားရန် ရည်ရွယ်သည့်အခါ ၎င်းတို့ တစ်ဦးဦး နေထိုင်လျက်ရှိသည့် ဒေသရှိ မှတ်ပုံတင်အရာရှိထံ သတ်မှတ်ထားသည့် ပုံစံဖြင့် ၎င်းတို့ တစ်ဦးဦးက လျှောက်ထားနိုင်သည်” ဆိုသည့် အချက်အစား “ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦးနှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျားတစ်ဦးတို့ ထိမ်းမြားရန် ရည်ရွယ်သည့်အခါ ယင်းတို့ တစ်ဦးဦး နေထိုင်လျက်ရှိသည့် ဒေသရှိ မှတ်ပုံတင်အရာရှိထံ သတ်မှတ်ထားသည့် ပုံစံဖြင့် ယင်းတို့ တစ်ဦးဦးက လျှောက်ထားနိုင်သည်” ဟု လည်းကောင်း ပြင်ဆင်ခဲ့သည်။ထို့ပြင် “ပုဒ်မ ၁၉ အရ ထိမ်းမြားသည့်အခါ မှတ်ပုံတင် အရာရှိသည် သက်ဆိုင်သော အရာများကို ထိမ်းမြားမှု သက်သေခံစာအုပ်၌ ရေးသွင်းရမည်။ ထိုမှတ်ပုံတင်စာအုပ်တွင် ထိမ်းမြားသူများ၊ သက်သေများနှင့် မှတ်ပုံတင် အရာရှိတို့က လက်မှတ်ရေးထိုးရမည်” ဆိုသည့် နေရာတွင် “ပုဒ်မ ၁၄ အရ ထိမ်းမြားသည့်အခါ မှတ်ပုံတင် အရာရှိသည် သက်ဆိုင်သော အရာများကို ထိမ်းမြားမှု သက်သေခံ စာအုပ်၌ ရေးသွင်းရမည်။ ထိုမှတ်ပုံတင် စာအုပ်တွင် ထိမ်းမြားသူများ၊ သက်သေများနှင့် မှတ်ပုံတင် အရာရှိတို့က လက်မှတ်ရေးထိုးရမည်” ဟု လည်းကောင်း အသီးသီး ပြင်ဆင်ထားသည်။ထိမ်းမြားခဲ့သည့် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောကျ်ားသည် ဗုဒ္ဓဘာသာဝင် မိန်းမ၏ ယုံကြည်ကိုးကွယ်မှုနှင့် စပ်လျဉ်း၍ ဗုဒ္ဓဘာသာဝင် မိန်းမအား ယင်းသက်ဝင်ယုံကြည်သည့် ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့် ပြုရမည်ဆိုသည့် အချက်လည်း ဥပဒေကြမ်းကော်မတီက ဖော်ပြထားသည်။ထို့ပြင် ဗုဒ္ဓဘာသာဝင် မိန်းမနှင့် ရရှိသည့် သားသမီးများအား ယင်းတို့ သဘောဆန္ဒအတိုင်း သက်ဝင်ယုံကြည်ရာ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုရမည်ဟုလည်း ဥပဒေကြမ်းကော်မတီက တင်ပြထားသည်။၎င်းဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ရန် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း လွှတ်တော်မှ ဖိတ်ခေါ်ထားပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် အချို့လည်း ရှိနေကြောင်း သိရသည်။

Most Read

Most Recent