ရန်ကုန်တစ်ဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ် ဘလုတ်ညွန့်ကျေးရွာ မီးဘေးသင့် ပြည်သူများအတွက် ယင်းမီးလောင်ခဲ့သည့် နေရာ၌ပင် မူလနေထိုင်ခဲ့သည့် အကျယ်အဝန်းအတိုင်း ပြန်လည် နေရာချထားပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ထိုသို့ ပြန်လည်နေရာချထားရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း သိရသည်။“မူလနေရာမှာပဲ ပြန်လည် နေရာချထားပေးမှာပါ။ မူလနေထိုင်တဲ့ အကျယ်အဝန်း အတိုင်းပဲ ပြန်ပေးမယ်လို့ သိထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ကြည့်မြင်တိုင်မြို့နယ် ဘလုတ်ညွန့်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၆ ရက် ည ၇ နာရီ အချိန်ခန့်က ကန်သာအေး ၁ လမ်းရှိ နေအိမ်တစ်လုံးမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ကာ အိမ်ထောင်စု ၂၀၀ နီးပါးမှ လူဦးရေ ၁၀၀၀ ခန့် မီးဘေးဒုက္ခ ရောက်ခဲ့ရကြောင်း သိရသည်။အဆိုပါ မီးဘေးဒုက္ခသည်များ အနေဖြင့် ကျေးရွာရှိ ကန်သာအေးဘုန်းကြီးကျောင်း ဓမ္မာရုံနှင့် ခါတော်မီဘုန်းကြီးကျောင်း ဓမ္မာရုံတို့တွင် ယာယီတည်းခိုနေကြောင်း သိရသည်။၎င်းတို့မှာ အကူအညီ အထောက်အပံ့များ လိုအပ်နေပြီး အလှူရှင်များကလည်း တတ်နိုင်သလောက် သွားရောက်လှူဒါန်းမှုများ ရှိနေကြောင်း သိရသည်။မူလနေရာ၌ပင် ပြန်လည်နေရာ ချထားပေးမည် ဖြစ်သောကြောင့် နေအိမ်ပြန်လည် ဆောက်လုပ်ရန်အတွက် လိုအပ်သည့် အကူအညီအချို့ ပေးအပ်သွားမည်ဟု သိရသည်။လက်ရှိ မီးလောင်သည့် အိမ်စာရင်း အတိအကျ ကောက်ခံရာတွင် အိမ်ထောင်စု ၂၀၄ စုတွင် အိမ်ပိုင်ဖြင့် နေထိုင်သူ ၁၃၁ ဦးရှိပြီး ကျန်ရှိသည့် အိမ်ထောင်စုများမှာ အိမ်ငှားများဖြစ်ကြောင်း မီးဘေးဒုက္ခသည်များအား အုပ်ချုပ်ရေး အဖွဲ့အစည်းနှင့် ပူးပေါင်းကူညီနေသူ ဦးခင်မောင်ကြည်က ပြောကြားသည်။“လက်ရှိတော့ အလှူငွေ ကျပ်သိန်း ၆၀၀ လောက် ရထားပါတယ်။ သူတို့ဆီမှာ လက်ရှိစားဖို့ အစားအစာတွေက ပူစရာ မလိုဘူး။ နေအိမ်ပြန်လည် ထူထောင်ဖို့အတွက်ပဲ အကူအညီတွေ လိုနေပါတယ်” ဟု ဦးခင်မောင်ကြည်က ပြောကြားသည်။
ရန်ကုန်တစ်ဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ် ဘလုတ်ညွန့်ကျေးရွာ မီးဘေးသင့် ပြည်သူများအား မူလနေရာ၌ပင် ပြန်လည် နေရာချထားမည်









