ယူကရိန်းတွင် လက်နက်ကြီးများကို စတင်ဆုတ်ခွာရန် အစိုးရတပ်နှင့် သူပုန်တို့ သဘောတူညီမှု ရရှိ

ယူကရိန်းတွင် လက်နက်ကြီးများကို စတင်ဆုတ်ခွာရန် အစိုးရတပ်နှင့် သူပုန်တို့ သဘောတူညီမှု ရရှိ
Published 22 February 2015

ယူကရိန်းပဋိပက္ခတွင် ပါဝင်သည့် နှစ်ဖက်စလုံးသည် ကုလသမဂ္ဂက ကြီးမှူးသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့်အညီ လက်နက်ကြီးများအား ရှေ့တန်းမှ ပြန်လည်ဆုတ်ခွာပေးရန် သဘောတူညီမှုရရှိခဲ့ကြောင်း ယူကရိန်းစစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၂ ရက်တွင် အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
“ရှေ့တန်းတစ်လျှောက်လုံးမှာရှိတဲ့ လက်နက်ကြီးတွေကို စတင်ဆုတ်ခွာဖို့ လက်မှတ်ရေးထိုးလိုက်ပါပြီ” ဟု ဗိုလ်ချုပ်ကြီး အိုလက်ဇန္ဒြားရော့မာနင်က ပြောကြားခဲ့သည်။
ရုရှားလိုလားသော သူပုန်များကလည်း သူတို့သည် သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း ၎င်းတို့၏ ကိုယ်ပိုင်သတင်းဌာနမှနေ၍ သီးခြားကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရော့မာနင်က လက်နက်များကို စတင်ဆုတ်ခွာမည့်အချိန်ကို ထုတ်ပြောရန် စောလွန်းနေသေးကြောင်း ပြောကြားခဲ့သည်။ သို့သော်ယူကရိန်း မီဒီယာအချို့က လက်နက်များ စတင်ဆုတ်ခွာမည့် အချိန်သည် ဖေဖော်ဝါရီ ၂၂ ရက်အနှောင်းပိုင်း ဖြစ်နိုင်သည်ဟု ထောက်ပြခဲ့ကြသည်။

မြို့တော်ကိဗ်၌ ပြသထားသော သူပုန်တို့ထံမှ သိမ်းဆည်းမိခဲ့သည့် ရုရှားလက်နက်ကြီးများပေါ်၌ ကလေးများကို ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ်
ဂျာမနီနှင့် ပြင်သစ်တို့က ကြီးမှူးခဲ့ပြီး လွန်ခဲ့သည့် သီတင်းတစ်ပတ် အကြာကတည်းက စတင်သက်ဝင်ခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုင်ရာ သတ်မှတ်ချက်များအရ လက်နက်ကြီးများ စတင်ဆုတ်ခွာရမည့် အချိန်သည် ဖေဖော်ဝါရီ ၂၄ ရက်ဖြစ်ပြီး မတ် ၃ ရက်အပြီး ဆုတ်ခွာရမည်ဖြစ်သည်။
သို့သော် ယခုအထိ အပစ်အခတ်ရပ်စဲရေးကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြသည်။ သူပုန်များသည် ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာကျသော ဒီဘော့ဆီဗေးရှိ ယူကရိန်းတပ်များကို တိုက်ထုတ်ခဲ့ခြင်းဖြင့် အပစ်အခတ်ရပ်စဲရေးကို သိသိသာသာ လျစ်လျူပြုခဲ့သည်။
သို့သော် ညဘက်တွင် ယူကရိန်းစစ်တပ်နှင့် သူပုန်တို့ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်ပြုလုပ်ကာ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးကို ပြန်လည်လိုက်နာရန် လိုလားကြောင်း ပြသခဲ့ကြသည်။ အဆိုပါ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်တွင် ယူကရိန်းစစ်သား ၁၃၉ ဦးနှင့် သူပုန်တိုက်ခိုက်ရေးသမား ၅၂ ဦးတို့ကို လဲလှယ်ခဲ့ကြသည်။
Ref:AFP
 
 

Most Read

Most Recent