ချင်းပြည်နယ်အတွင်း ဖွံ့ဖြိုးရေးနှင့် လူထုလိုအပ်ချက်များအတွက် ဦးစားပေး လုပ်ဆောင်သင့်သည့် အချက်များ CNACC က ပြည်နယ်အစိုးရထံ ပေးပို့ အကြံပြုမည်

ချင်းပြည်နယ်အတွင်း ဖွံ့ဖြိုးရေးနှင့် လူထုလိုအပ်ချက်များအတွက် ဦးစားပေး လုပ်ဆောင်သင့်သည့် အချက်များ CNACC က ပြည်နယ်အစိုးရထံ ပေးပို့ အကြံပြုမည်
Published 22 February 2015
ဇာလီမြင့်ဦး

ချင်းပြည်နယ်အတွင်း ဖွံ့ဖြိုးရေးနှင့် လူထုလိုအပ်ချက်များအတွက် ဦးစားပေး လုပ်ဆောင်သင့်သည့် အချက်များကို ချင်းအမျိုးသား ညီလာခံ ဘုံသဘောတူညီချက်များ အကောင်အထည်ဖော်ရေး ကော်မတီ (CNACC) က ယခုလကုန်ပိုင်းတွင် ပြည်နယ်အစိုးရထံ ပေးပို့ အကြံပြုသွားမည်ဖြစ်ကြောင်း သိရသည်။CNACC အနေဖြင့် ၂၀၁၃ နိုဝင်ဘာက ချင်းပြည်နယ် ဟားခါးမြို့တွင် ပြုလုပ်ခဲ့သည့် ဒုတိယ ညီလာခံ၏ ဘုံသဘောတူညီချက်များမှ ပြည်နယ်အစိုးရ အနေဖြင့် လုပ်ဆောင်ပေးသင့်သည့် အချက်များကို စုစည်းပေးပို့ အကြံပြုသွားမည်ဖြစ်ကြောင်း သိရသည်။ပြည်နယ်အစိုးရသို့ အကြံပြု ပေးပို့မည့် အချက်များတွင် ပြည်နယ်အစိုးရ အနေဖြင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖွံ့ဖြိုးမှု ပိုမိုနောက်ကျသော ဒေသများသို့ ဦးစားပေး ဆောင်ရွက်ရန် တိုက်တွန်းသင့်ကြောင်း ချင်းပြည်နယ် လွှတ်တော်အနေဖြင့် လယ်ယာမြေများဆိုင်ရာ ဥပဒေကို သီးသန့်ရေးဆွဲ ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း မြို့နယ်နှင့် ကျေးရွာတိုင်းတွင် အခြေခံကျန်းမာရေး အဆောက်အအုံများ တည်ဆောက်ပေးရန်နှင့် အနိမ့်ဆုံး လိုအပ်သော ဝန်ထမ်းအင်အားနှင့် ဆေးဝါး၊ အထောက်အကူပြု ကိရိယာများ တပ်ဆင်ထားရှိပေးရန်နှင့် ဒေသခံများနှင့် ဆွေးနွေးညှိနှိုင်းပြီး ပွင့်လင်းမြင်သာမှု ရှိရှိဖြင့် သင့်တော်သော နေရာများတွင် စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်များ တည်ဆောက်ရန်တို့ ပါဝင်အကြံပြုမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ပြည်နယ်အတွင်း ဒေသအရပ်ဘက် လူမှုအဖွဲ့အစည်းများ အနေဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်မည့် အခြေအနေကောင်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း၊ ပြည်နယ်တရားလွှတ်တော်သည် ပြည်နယ်အတွင်းရှိ လက်အောက်ခံ တရားရုံး အဆင့်ဆင့်က ဆုံးဖြတ်သော အမှုများ အားလုံးအတွက် အပြီးပြတ် အတည်ဖြစ်သည့် ဆုံးဖြတ်ပိုင်ခွင့် ရှိစေရန် လိုအပ်ကြောင်းနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ သက်ဆိုင်ရာ ပြည်နယ်အတွင်းမှ ဥပဒေပညာရှင်များကို ပြည်နယ်လွှတ်တော်က ရွေးချယ်ခန့်အပ်ရန် (တရားသူကြီးများ၏ အရည်အချင်းကို လိုအပ်သလို ပြည်နယ်လွှတ်တော်က သတ်မှတ်ရန်) လိုအပ်ကြောင်း တို့ကိုလည်း ထည့်သွင်းအကြံပြု သွားမည်ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ ၂၀၁၃ ချင်းအမျိုးသား ညီလာခံတုန်းက တက်ရောက်လာတဲ့ ချင်းနိုင်ငံရေး ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အဖွဲ့ရယ် နောက် ပြည်သူလူထုတွေရယ်ဆီကနေ ဘုံသဘောတူညီချက် ၁၅၁ ချက် ရရှိခဲ့တယ်။ အဲဒီ အချက်တွေထဲကမှ ချင်းပြည်နယ်အတွင်း အမှန်တကယ် လိုအပ်နေတဲ့ အရာတွေ ရှိတယ်။ ဒါတွေကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် နောက် တကယ်လိုအပ်နေတယ် ဆိုတာလေးကို အသိပေးအကြံပြုတဲ့ အနေနဲ့ပါ” ဟု ချင်းအမျိုးသားညီလာခံ ဘုံသဘောတူညီချက်များ အကောင်အထည်ဖော်ရေး ကော်မတီ (CNACC) မှ ညှိနှိုင်းရေးမှူး ဦးဆလိုင်းအိုက်ဇင်ခင်က ဖေဖော်ဝါရီ ၂၁ ရက်က ပြောကြားသည်။CNACC ကို ချင်းအမျိုးသား ညီလာခံ ၂၀၁၃ ၏ ဘုံသဘောတူညီချက်များကို ချင်းပြည်နယ် အစိုးရ အပါအဝင် ချင်းနိုင်ငံရေး ပါတီများ၊ ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသမီး၊ လူငယ်နှင့် အရပ်ဘက် အဖွဲ့အစည်းများ စုပေါင်းကာ အကောင်အထည် ဖော်ရာတွင် ပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်းများကို ဆောင်ရွက်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။၂၀၁၃ ချင်းအမျိုးသား ညီလာခံတွင် ရရှိခဲ့သည့် ဘုံသဘောတူချက်များထဲတွင် နိုင်ငံရေး တွေ့ဆုံမှုဆိုင်ရာ မူဘောင်ကိစ္စရပ်များ၊ မြေယာနှင့် သဘာဝသယံဇာတ ကိစ္စရပ်များ၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘာသာရေးနှင့် ယုံကြည်မှုတို့နှင့် ပတ်သက်၍ လွတ်လပ်ခွင့် ဆိုင်ရာများလည်း ပါဝင်သည်။

Most Read

Most Recent