ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းအပေါ် စစ်ရေးအရလိုအပ်၍လုပ်သည်ဟု နားလည်ပြီး မည်သည့်အုပ်ချုပ်ရေးမဆို တရားဥပဒေစိုးမိုးရေးကိုဖယ်ရှား၍မရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းအပေါ် စစ်ရေးအရလိုအပ်၍လုပ်သည်ဟု နားလည်ပြီး မည်သည့်အုပ်ချုပ်ရေးမဆို တရားဥပဒေစိုးမိုးရေးကိုဖယ်ရှား၍မရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Published 18 February 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းအပေါ် စစ်ရေးအရလိုအပ်သည့်အတွက်လုပ်သည်ဟုနားလည်ပြီး မည်သည့်အုပ်ချုပ်ရေးမဆို တရားဥပဒေစိုးမိုးရေးကိုဖယ်ရှား၍မရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၌ ဖေဖော်ဝါရီ ၁၈ ရက်ကပြုလုပ်သည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီးတွင် မီဒီယာများ၏မေးမြန်းမှုအပေါ် အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။သတင်းထောက်တစ်ဦးက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် "စစ်ရေးအရလိုအပ်လို့လုပ်တယ်လို့ ဒီလိုပဲနားလည်ပါတယ်။ ဘာပဲပြောပြော ကာကွယ်စောင့်ရှောက်ဖို့ကတော့ တပ်မတော်ရဲ့တာဝန်ပေါ့။ ဒါကတော့ လုပ်ပုံလုပ်နည်းအပေါ်မှာမူတည်တာပေါ့။ ဘယ်လိုအုပ်ချုပ်ရေးမျိုးပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးကိုတော့ ဖယ်ရှားလို့မရဘူး။ သူ့စည်းမျဉ်းစည်းကမ်းဥပဒေဘောင်အတွင်းကပဲလုပ်ရမှာပေါ့" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။
ဆက်လက်၍ သတင်းထောက်တစ်ဦးက "တရုတ်ကြေးစားတပ်တွေပါနေတယ်လို့ပြောနေကြပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်လာနိုင်သလား" ဟုမေးမြန်းရာတွင် "အဲဒါပြောနေတာတွေက တကယ်ဘယ်လောက်အတိအကျမှန်ကန်လဲဆိုတာ။ ဘယ်လောက်အခြေအမြစ်ရှိလဲဆိုတာက သိအောင်လုပ်ဖို့ကအရေးကြီးတယ်လေ။ နို့မို့လို့ရှိရင် မလိုအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားသည်။အကြမ်းဖက်တိုက်ခိုက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ရုံဖြင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်စွမ်းမရှိတော့ကြောင်း တွေ့ရှိရပါသည်။ ဤကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုသည့်   အရေးပေါ်အခြေအနေပေါ်ပေါက်နေကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)အရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ယနေ့မှစ၍ အရေးပေါ်အခြေအနေကြေညာလိုက်သည်ဟု ဖေဖော်ဝါရီ ၁၇ရက် ညပိုင်းတွင် နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်ကြေညာခဲ့သည်။ဥပဒေကဲ့သို့အာဏာတည်သော အမိန့် (၁/၂၀၁၅)ဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေးအမိန့်ကိုလည်း ထုတ်ပြန်ခဲ့သည်။"ကျွန်တော်တို့ကတော့ လိုအပ်တယ်။ ထောက်ခံတယ်။ သမ္မတရဲ့ မနေ့ကကြေညာချက်ကိုထောက်ခံတယ်။ ဒီရက်ပေါင်း ၉၀ က ကျွန်တော်တို့ ကိုးကန့်တိုင်းရင်းသားများကို ပြန်လည်သုံးသပ်ဖို့အချိန်ရတာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ကိုးကန့်တိုင်းရင်းသားတွေက အားလုံးစုစုစည်းစည်းနဲ့ တပ်မတော်နဲ့ပူးပေါင်းပြီးတော့မှ လုပ်သွားမှသာလျှင် ကျွန်တော်တို့ဒေသ တည်ငြိမ်အေးချမ်းရေးမြန်မြန်ရမယ်လို့ထင်တယ်။စစ်အုပ်ချုပ်ရေးအပေါ်ကိုလည်းထောက်ခံတယ်" ဟု လောက်ကိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်ကပြောကြားသည်။"အဲဒီမှာ ချင်းရွှေဟော်နဲ့ လောက်ကိုင်ကြားမှာ ဝင်ပစ်သွားတာမျိုးပေါ့။ ကျွန်တော်တို့က ဒီဟာတွေ အစွန်းရောက်တာတွေကို လုံးဝလက်မခံဘူး။ ဒီလုပ်ခြင်းမျိုးကိုလည်း လုံးဝကန့်ကွက်ပါတယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်ကဆိုသည်။လောက်ကိုင်နှင့် ချင်ရွှေဟော်ကြားတွင် ကြက်ခြေနီအလံလွှင့်ထားသည့် စစ်ရှောင်ဒုက္ခသည်များတင်ဆောင်လာသည့်ယာဉ်တန်းကို ကိုးကန့်လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ နှစ်ဦးထိမှန်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent