ပြည်ထောင်စုနေ့ကတိပြုချက်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းကိစ္စ KNU ခေါင်းဆောင်များအကြား သဘောထားကွဲလွဲ

ပြည်ထောင်စုနေ့ကတိပြုချက်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းကိစ္စ KNU ခေါင်းဆောင်များအကြား သဘောထားကွဲလွဲ
Published 18 February 2015
အောင်ဇော်ထွန်း

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်ကျရောက်သည့် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့တွင် အစိုးရခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့မှ ကိုယ်စားလှယ်များသည် "ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ" ကတိပြုချက်ကို လက်မှတ်ရေးထိုးခဲ့ကြရာ ယင်းသို့ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍ KNU အဖွဲ့ခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုဖြစ်နေကြောင်း သတင်းရရှိသည်။    ပြည်ထောင်စုနေ့ကတိပြုချက်တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။    ဖေဖော်ဝါရီ ၁၂ ရက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အကြီးအကဲများနှင့်တွေ့ဆုံကြပြီး KNU နှင့် RCSS နှစ်ဖွဲ့တည်းသာ ကတိကဝတ်လက်မှတ်ရေးထိုးခဲ့ခြင်းသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ ၇ရက်ထိကျင်းပပြုလုပ်ခဲ့သည့် KNU ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့်မကိုက်ညီကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စနှင့်ပတ်သက်၍ KNU အဖွဲ့အစည်းအတွင်း ပြန်လည်ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သည်ဟု ဖေဖော်ဝါရီ ၁၆ ရက်နေ့စွဲဖြင့် KNU ဗဟိုဌာနချုပ်က သဘောထားထုတ်ပြန်ခဲ့သည်။    ပြည်ထောင်စုနေ့ကတိပြုချက်တွင် KNU ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းသည် တိုင်းရင်းသားအဖွဲ့အစည်းများအကြား ပူးပေါင်းလုပ်ဆောင်ရာတွင် အခက်အခဲရှိနိုင်ကြောင်း၊ အခြားအဖွဲ့အစည်းများနှင့်အတူ ပါဝင်ရမည်ဖြစ်သော်လည်း နှစ်ဖွဲ့တည်းပါဝင်မှုသည် သင့်တင့်မျှတမှုမရှိဟု KNU ဒုတိယဥက္ကဋ္ဌနော်စီဖိုးရာစိန်က ကရင်သတင်းဌာန ကေအိုင်စီသို့ပြောကြားခဲ့ကြောင်း သိရသည်။    ရှေ့မဆက်နိုင်သည့် လက်ရှိမြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျော်လွှားနိုင်ရန်အတွက် "ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ" ကတိပြုချက်ကို ပြည်ထောင်စုနေ့တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြစ်သည်ဟု KNU ဥက္ကဋ္ဌဦးဆောင်သည့်အဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်၌ ရန်ကုန်မြို့ရှိ ကရင်တိုင်းရင်းသားများနှင့်တွေ့ဆုံပွဲတွင် ရှင်းလင်းပြောကြားသည်။    "ဘယ်လိုစိန်ခေါ်မှုနဲ့ပဲ ရင်ဆိုင်ရရင်ဆိုင်ရ ဘယ်လိုတစ်ဖက်သက်အတွေးအခေါ်တွေနဲ့ စဉ်းစားစဉ်းစား ကျွန်တော်တို့အခုဆိုရင် အစိုးရနဲ့ ကျွန်တော်တို့လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေဟာ ဒီငြိမ်းချမ်းရေးကို ဆက်ပြီးတော့ ရောက်အောင်ချီတက်သွားမယ်ဆိုတဲ့ကတိကိုပေးလိုက်ရခြင်းဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကပြောကြားသည်။    ၂၀၁၄ ခုနှစ် သြဂုတ်လက ထိုင်းနိုင်ငံ ချင်းမိုင်တွင်ပြုလုပ်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ပထမအကြိမ်ညီလာခံသို့ UNFC တွင် အဖွဲ့ဝင်အဖြစ် ပါဝင်မှုရပ်ဆိုင်းကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက လက်မှတ်ရေးထိုးထားသည့် စာပေးပို့စဉ်ကလည်း KNU အဖွဲ့ဝင်အချင်းချင်း သဘောထားကွဲလွဲမှုဖြစ်ပေါ်ခဲ့ပြီး KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က UNFC ဖွဲ့စည်းပုံနှင့်ပတ်သက်၍ KNU ကိုယ်စားလှယ်များမှ သဘောထားမတူညီခြင်းနှင့် ဖက်ဒရယ်ကောင်စီဝင်ကိုယ်စားလှယ် ရွေးချယ်ပေးပို့နိုင်ခြင်းမရှိခဲ့မှုအပေါ် မိမိတို့ KNU အဖွဲ့အတွင်း ပြည်လည်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ညီလာခံနှောင့်နှေးကြန့်ကြာမှုဖြစ်သွားရသည်ကိုလည်း KNU ကိုယ်စား အနူးအညွတ်တောင်းပန်ကြောင်းစာကိုပေးပို့ခဲ့သည်။