ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်
Published 18 February 2015
အောင်ဇော်ထွန်း

ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၌ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းကို ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းတွင် နိုင်ငံတော် သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၅)နှင့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၂/၂၀၁၅) တို့ဖြင့် ပြုလုပ်ခဲ့သည်။အရေးပေါ်အခြေအနေ ကြေညာခြင်းတွင် ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစတင်၍ ကိုးကန့် သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားလာသဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ တားမြစ်မိန့် ထုတ်ပြန်ခဲ့ကြောင်း၊ သို့သော်လည်း အကြမ်းဖက် တိုက်ခိုက်မှုများမှာ ပိုမိုများပြား ကျယ်ပြန့်လာပြီး အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိရသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က) အရ အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်းနှင့် အမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ကြောင်း စသည်တို့ ဖော်ပြပါရှိသည်။စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခြင်းတွင် အရေးပေါ်အခြေအနေ ကြေညာထားသည့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်ကြောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အပ်နှင်းလိုက်ကြောင်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်ကြောင်း ပါရှိသည်။ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကလည်း ဖေဖော်ဝါရီ ၁၇ ရက်၌ပင် စစ်အုပ်ချုပ်ရေး ကြေညာချက် အမှတ် (၁) ထုတ်ပြန်ခဲ့ပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦးအား စစ်အုပ်ချုပ်ရေးအာဏာ လွှဲအပ်ခြင်း ပြုလုပ်ခဲ့သည်။

Most Read

Most Recent