လစ်ဗျား၌ လေကြောင်းတိုက်ခိုက်မှု ပြုခဲ့သော အီဂျစ်က စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ခွင့်ပြုရန် ကုလသမဂ္ဂကို တောင်းဆို

လစ်ဗျား၌ လေကြောင်းတိုက်ခိုက်မှု ပြုခဲ့သော အီဂျစ်က စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ခွင့်ပြုရန် ကုလသမဂ္ဂကို တောင်းဆို
Published 17 February 2015

အကြမ်းဖက်သမားများ ကျက်စားရာ နေရာဖြစ်လာသော လစ်ဗျားတွင် အပြည်ပြည်ဆိုင်ရာက စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခွင့်ပြုရန် ဆုံးဖြတ်ချက် ပြဋ္ဌာန်းပေးစေလိုကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဖေဖော်ဝါရီ ၁၇ ရက်တွင် တောင်းဆိုခဲ့သည်။ ပြည်တွင်း၌ အစ္စလာမ္မစ် အတိုက်အခံများကို နှိပ်ကွပ်နေသော အီဂျစ်သမ္မတ အဗ္ဗဒယ်ဖာတာအယ်စီစီသည် လစ်ဗျားတွင် IS အဖွဲ့ကို ပစ်မှတ်ထားလျက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြင့် အနောက်တိုင်း၏ IS ဆန့်ကျင်ရေး အဓိကမဟာမိတ် ဖြစ်လာသည်။စီစီသည် လစ်ဗျားတွင် အပြည်ပြည်ဆိုင်ရာက စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်းကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ဖြစ်သည်။ဆွန်နီ အစွန်းရောက် IS အဖွဲ့သည် လစ်ဗျားကမ်းခြေတစ်ခု၌ အီဂျစ်နိုင်ငံသား ခရစ်ယာန် ၂၁ ဦးကို မျက်နှာဖုံးစွပ် ဂျီဟတ်ဝါဒီများက ခေါင်းဖြတ်သတ်သည့် ရက်စက်ကြမ်းကြုတ်သော ဗီဒီယိုကို ထုတ်ပြန်ခဲ့ပြီးနောက်အီဂျစ်စစ်လေယာဉ်များသည် လစ်ဗျားနိုင်ငံ ဒါမာမြို့ရှိ IS စခန်းများနှင့် လက်နက်ဂိုဒေါင်များကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။အီဂျစ်သည် ယခင်က ၎င်းတို့ ပစ်မှတ်ထားသည့် စစ်သွေးကြွများ လစ်ဗျား၌ မရှိဟု ငြင်းဆိုခဲ့သော်လည်း ယခုအခါ သူ၏ အနောက်ဘက် အိမ်နီးချင်းဖြစ်သော လစ်ဗျားရှိ အစ္စလာမ္မစ်များကို ပစ်မှတ်ထားလျက် စစ်ရေးအရ တိုက်ခိုက်မှုပြုလုပ်ကြောင်း ပထမဆုံးအကြိမ်အဖြစ် ကြေညာခဲ့သည်။“လစ်ဗျားမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းဟာ အရေးကြီးတဲ့ အချင်းအရာ အသစ်တစ်ရပ်ပါ။ အီဂျစ်နဲ့ သမ္မတ စီစီတို့ဟာ IS ကို ဆန့်ကျင်တိုက်ခိုက်ရာမှာ အနောက်တိုင်းရဲ့ အဓိကမဟာမိတ်အဖြစ် ပေါ်ထွက်လာပါတယ်” ဟု တဲလ်အဗစ်မြို့အခြေစိုက် အမျိုးသားလုံခြုံရေး လေ့လာမှုအဖွဲ့မှ ဇက်ဂိုးက ပြောကြားခဲ့သည်။အီဂျစ်အစိုးရသည် လစ်ဗျားရှိ အစ္စလာမ္မစ်များကို ဗုံးကြဲတိုက်ခိုက်ရန်အတွက် ယူအေအီးကို ၎င်းတို့နိုင်ငံအတွင်းရှိ လေတပ်အခြေစိုက်စခန်းများ အသုံးပြုခွင့်ပေးခဲ့သည်ဟု အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သော်လည်း အီဂျစ်သည် ၎င်းတို့နိုင်ငံ အပြင်ဘက်ရှိ IS များကို တိုက်ရိုက်တိုက်ခိုက်ရန် ပြတ်ပြတ်သားသား ရှောင်လွှဲခဲ့သည်။အီဂျစ်အာဏာပိုင်များသည် သူပုန်ထမှုများအတွက် ယခုအခါ မတရားအသင်း ကြေညာခံထားရသော သမ္မတဟောင်း မိုဟာမက်မော်စီ၏ မွတ်စလင်ဘရားသားဟုဒ်ကို အပြစ်တင်ခဲ့သည်။ မော်စီကို အီဂျစ်နိုင်ငံတွင် ဖြစ်ပွားသည့် လူသေဆုံးမှုများ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွက် တာဝန်ရှိသည်ဟုဆိုကာ ၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် အီဂျစ်စစ်ဦးစီးချုပ် စီစီက ဖြုတ်ချခဲ့သည်။ဆိုင်နိုင်းကျွန်းဆွယ်၌ တိုက်ခိုက်မှုများကို IS အဖွဲ့နှင့် ဆက်နွှယ်နေသော အန်ဆာဘိတ်အယ်မက်ဒီး အဖွဲ့ကဲ့သို့သော ဂျီဟတ်အုပ်စုများက လုပ်ဆောင်နေကြောင်း အီဂျစ်အစိုးရက စွပ်စွဲခဲ့သည်။              
Ref:AFP 

Most Read

Most Recent