ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်
Published 17 February 2015

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၌ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းကို ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းတွင် နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၅)နှင့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၂/၂၀၁၅) တို့ဖြင့် ပြုလုပ်ခဲ့သည်။အရေးပေါ်အခြေအနေ ကြေညာခြင်းတွင်၁။ ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ ကိုးကန့်သောင်းကျန်းသူ အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားလာသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ တားမြစ်မိန့် ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်။၂။ သို့သော်လည်း အကြမ်းဖက် တိုက်ခိုက်မှုများမှာ ပိုမိုများပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ရုံဖြင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိရပါသည်။ ဤကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုသည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်နေကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)အရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာလိုက်သည်။၃။ ဤအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း (၉၀)အထိ အတည်ဖြစ်သည်ဟု ဖော်ပြပါရှိသည်။စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းတွင်၁။ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် (၁/၂၀၁၅) ဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်သည်။၂။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အပ်နှင်းလိုက်သည်။၃။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်ဟု ပါရှိသည်။