တပ်မတော်နှင့် KNU တို့အကြား တပ်ရွှေ့ပြောင်းရေး ကိစ္စများ ဆောင်ရွက်ရန် ယခုလကုန်ပိုင်း ဆွေးနွေးမည်

တပ်မတော်နှင့် KNU တို့အကြား တပ်ရွှေ့ပြောင်းရေး ကိစ္စများ ဆောင်ရွက်ရန် ယခုလကုန်ပိုင်း ဆွေးနွေးမည်
Published 17 February 2015

အစိုးရတပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တို့အကြား တပ်ရွှေ့ပြောင်းရေးကိစ္စများ ဆောင်ရွက်ရန် ယခု ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌရုံးမှ ပဒိုစောတာမူလာက ပြောကြားသည်။ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့ အင်းစိန်မြို့နယ်၌ ရန်ကုန်ရှိ ကရင်တိုင်းရင်းသားများနှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သည့် အဖွဲ့တို့ တွေ့ဆုံစဉ် ကရင်တိုင်းရင်းသား တစ်ဦးက လက်ရှိကရင်ပြည်နယ်တွင် တပ်နေရာချထားရေး အခြေအနေနှင့် ပတ်သက်၍ မေးမြန်းစဉ် ပဒိုစောတာမူလာက ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။အစိုးရနှင့် KNU တို့အကြား ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ အတွင်းက အပစ်ရပ်စဲရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ တပ်ပြောင်းရွှေ့မှု အနည်းငယ်သာ လုပ်ဆောင်နိုင်သေးကြောင်း သိရသည်။တပ်မတော်နှင့် KNU တို့အကြား အပစ်ရပ်ဆွေးနွေးပြီးနောက်ပိုင်း တပ်ရွှေ့ပြောင်းမှု မည်မျှလုပ်ဆောင်ထား၍ ဖြစ်သလဲဟု မေးမြန်းမှုနှင့် ပတ်သက်ပြီး ပဒိုစောတာမူလာက “လက်ငါးချောင်း မပြည့်ဘူး ထင်ပါတယ်။ အဲဒါက ဆုတ်ထားတာ ရှိပါတယ်။ ပြောင်းပေးတာပါ။ ဒီကိစ္စက လုံခြုံရေးတစ်ခု အတိုင်းအတာမှာ စစ်တိုက်ဖူးတဲ့သူတွေ သိကြပါတယ်။ စစ်တပ်စခန်းတစ်ခု တစ်ခုဟာ အတိုက်ခံရလို့ရှိရင် အချိန်မီ အကူအညီပေးနိုင်အောင် ဆင်ထားတဲ့အကွက်တွေ အကုန်လုံးက လုံခြုံရေး တစ်ခုလုံးရဲ့ အချိတ်အဆက်တွေ ဖြစ်နေပါတယ်။ ဒီလုပ်ငန်းက ကျယ်ပြန့်တယ်” ဟု ပြောကြားသည်။ဆက်လက်၍ ၎င်းက “ကျွန်တော်တို့ KNU က ကျွန်တော်တို့ ဒေသထဲက ပြည်သူတွေ လွတ်လွတ်လပ်လပ် စားနိုင်အောင် လုပ်ကိုင်နိုင်အောင်ဆိုပြီးတော့ နောက်ပြီးတော့ ဘုန်းကြီးကျောင်းဝင်းတွေ၊ သာသနာကျောင်းဝင်းတွေ၊ ဘာသာရေး အထွတ်အမြတ်တွေ နေရာမှာ ဝင်ရောက်နေရာယူထားတဲ့ တပ်စခန်းတွေကိုတော့ ဒါက လုံခြုံရေးရှုထောင့်က မဟုတ်ဘဲနဲ့ ပြည်သူပြည်သားကို ယုံကြည်မှု ပေးနိုင်အောင်ဆိုတဲ့ စိတ်ကူးနဲ့ ရွှေ့ပြောင်းပေးဖို့ကို ကျွန်တော်တို့ ပြောထားတာ ရှိပါတယ်။ ခုနကပြောသလို လက်ငါးချောင်း မပြည့်သေးတဲ့ ရွှေ့ပြောင်းမှုတွေ ရှိခဲ့ပေမယ့်လည်း ကျွန်တော်တို့ အခု ဒီလကုန်ပိုင်းလောက်မှာ ကျွန်တော်တို့နဲ့ ဗမာ့တပ်မတော်က အထက်အဆင့် အလယ်အဆင့် အပါအဝင် ဗိုလ်ချုပ်ကြီးများက နေပြီးတော့ ကျွန်တော်တို့ အဖွဲ့နဲ့ စပြီးတော့ တွေ့ဆုံဆွေးနွေးကြတော့မှာ ဖြစ်တဲ့အပေါ်မှာ ဒီကိစ္စတွေက ပြန်လည်ပြီးတော့ ပေါ်ပေါက်လာတဲ့ကိစ္စ ဖြစ်မယ်ဆိုတာ ကြိုပြီးတော့ အသိပေးလိုပါတယ်” ဟု ဆိုသည်။သဘောတူညီချက်များအား အကောင်အထည်ဖော်သည့် အပိုင်း၌ မည်မည်ရရ မရှိသေးသည့် ငြိမ်းချမ်းရေးသည်ပင်လျှင် လက်ရှိတွင် ပြည်သူများအတွက် များစွာအဓိပ္ပာယ်ရှိပြီး လေးနက်သည့် လွတ်လပ်မှုကို ရရှိစေသည်ဟု ပဒိုစောတာမူလာက ပြောကြားသည်။