အမျိုးသား အားကစားပွဲတော်၏ အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု ပထမနေ့ ပွဲစဉ်များကို ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းမှစ၍ ဝဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်းများတွင် စတင်ယှဉ်ပြိုင်ကစားရာ မကွေးနှင့် ပဲခူးအသင်းတို့ နိုင်ပွဲရရှိခဲ့ပြီး ဧရာဝတီနှင့် စစ်ကိုင်း၊ မန္တလေးနှင့် တနင်္သာရီအသင်းတို့ သရေကျခဲ့ကြောင်း သိရသည်။နံနက်ပိုင်း ပွဲစဉ်တွင် မကွေးအသင်းက ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ရခိုင်အသင်းကို (၇-၂)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ဧရာဝတီနှင့် စစ်ကိုင်းအသင်းတို့ပွဲမှာ အရှုံးအနိုင် မပေါ်ဘဲ တစ်ဂိုးစီ သရေကျခဲ့သည်။ ညနေပိုင်း ပွဲစဉ်များတွင် ပဲခူးအသင်းက ချင်းအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မန္တလေးနှင့် တနင်္သာရီအသင်းတို့ ဂိုးမရှိ သရေကျခဲ့သည်။ အမျိုးသား ဘောလုံးပြိုင်ပွဲကို အသင်း ၁၅ သင်းစလုံး ဝင်ရောက်ယှဉ်ပြိုင်နေပြီး အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် ရခိုင်၊ ရန်ကုန်၊ ရှမ်း၊ မကွေး၊ အုပ်စု (ခ)တွင် ဧရာဝတီ၊ နေပြည်တော်၊ ကချင်၊ စစ်ကိုင်း၊ အုပ်စု(ဂ)တွင် မွန်၊ တနင်္သာရီ၊ ကရင်၊ မန္တလေး၊ အုပ်စု(ဃ)တွင် ကယား၊ ပဲခူးနှင့်ချင်းတို့ ပါဝင်နေသည်။ အုပ်စုပွဲစဉ်များကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဝဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်းများတွင် ကစားမည်ဖြစ်သည်။အုပ်စုဒုတိယနေ့ ပွဲစဉ်များကို ယနေ့ ဆက်လက်ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး နံနက် ၇ နာရီတွင် ကွင်း-၃ ၌ ရန်ကုန်နှင့် ရှမ်း၊ ကွင်း-၄ ၌ ကချင်နှင့် နေပြည်တော်၊ ညနေ ၃ နာရီခွဲတွင် ကွင်း-၃ ၌ မွန်နှင့် ကရင်တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အမျိုးသား အားကစားပွဲတော် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု ပထမနေ့ ပွဲစဉ်များ ဖေဖော်ဝါရီ ၁၅ ရက်က စတင်ကျင်းပ









