ငွေကြေးဖောင်းပွမှုနှုန်း မြင့်လာနိုင်သဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ အချိန်တိုအတွင်း အကျဘက်သို့ ဦးတည်လာနိုင်သည့် အလားအလာများ မြင့်တက်နေကြောင်း IMF ထုတ်ပြန်

ငွေကြေးဖောင်းပွမှုနှုန်း မြင့်လာနိုင်သဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ အချိန်တိုအတွင်း အကျဘက်သို့ ဦးတည်လာနိုင်သည့် အလားအလာများ မြင့်တက်နေကြောင်း IMF ထုတ်ပြန်
Published 15 February 2015
အငယ်ထွေး

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ကာလလတ်အတွင်း ကောင်းမွန်နေဦးမည်ဟု ရှုမြင်နိုင်သော်လည်း အချိန်တိုတွင်းမှာမူ အကျဘက်သို့ ဦးတည်လာနိုင်သည့် အလားအလာများ မြင့်တက်နေကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သော မြန်မာနိုင်ငံဆိုင်ရာ ခရီးစဉ်အပြီး ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ယင်းကဲ့သို့ မြန်မာ့စီးပွားရေး အကျဘက်သို့ ရောက်ရှိလာနိုင်သည့် အကြောင်းရင်းတစ်ခုမှာ အစိုးရကဏ္ဍ လုပ်ခလစာများ တိုးမြှင့်ပေးမှုကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်လာနိုင်သည့် အတွက်ဖြစ်ကြောင်းနှင့် အစိုးရ၏ အသုံးစရိတ်မြင့်တက်မှုကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အတူ ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများ တွေ့နိုင်ကြောင်း၊ ပြည်ပငွေပေးငွေယူရှင်းတမ်း၏ သာမန်စာရင်းလိုငွေပြမှု ပိုမိုမြင့်မားလာနိုင် သည့်အပြင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ် နှံမှုများနှင့် အခြားအရင်း အနှီးစီးဝင်မှုများ လည်း ကျဆင်းလာနိုင်ခြေရှိကြောင်း၊ ထို့အတွက် သီးသန့်အရန်ငွေ စုဆောင်းမှုကိုလည်း နှေးကွေးစေနိုင်ကြောင်း ဖော်ပြထားသည်။
အလားတူ ၂ဝ၁၅-၂ဝ၁၆ ၏ ဘတ် ဂျက်လိုငွေကို ရည်မှန်းထားသည့်အတိုင်း GDP ၏ ငါးရာခိုင်နှုန်းအတွင်း ရှိနေစေရန် အသုံးစရိတ်လျှော့ချခြင်းနှင့် အခွန်ငွေတိုး မြှင့်ကောက်ခံခြင်းတို့ကို မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်နေကြောင်း အဆိုပါ  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစိုးရ ကဏ္ဍလုပ်ခလစာများ သိသိသာသာတိုးမြှင့် ပေးရေးအဆိုပြုချက်သည် ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံ အဆောက်အအုံတို့အတွက် တိုးမြှင့်ဖြည့်ဆည်းပေးနိုင်စွမ်းကို လျော့ကျစေနိုင်ကြောင်း၊ အဆိုပါအန္တရာယ်ရှိမှု အခြေအနေကို လျှော့ချနိုင်ရန် အစိုးရအနေ ဖြင့် အခွန်ကောက်ခံနိုင်မှုကို ချဲ့ထွင်နိုင်ခြင်း၊ အခွန်ဆိုင်ရာ စည်းမျဉ်းဥပဒေများကို လိုက် နာရန် လုပ်ဆောင်ခြင်း၊ အခွန်ကင်းလွတ် ခွင့်ပေးခြင်းများကို လျှော့ချခြင်းတို့ကို လုပ် ဆောင်ရန် လိုအပ်နေကြောင်း၊ အစိုးရ၏လုပ်ခလစာ တိုးမြှင့်မှုသည် အခွန်ဝင်ငွေ ထုတ်လုပ်မှုစွမ်းအားတိုးတက်မှု၊ စသည်တို့နှင့် လိုက်လျောညီထွေ ဖြစ်သင့်ကြောင်းလည်း ဖော်ပြထားသည်။
သို့သော် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်က စတင်လုပ်ဆောင်ခဲ့သည့် အစိုးရငွေ တိုက်စာချုပ်များ လေလံတင်ရောင်းချခြင်း သည်လည်း ငွေကြေးဖောင်းပွမှုကို ရှောင် ရှားနိုင်သည့် လိုငွေဖြည့်ဆည်းမှု နည်းလမ်း တစ်ခုဖြစ်သည့်အပြင် ဘဏ္ဍာရေးဈေးကွက် ဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူဖြစ် စေကြောင်း ဖြည့်စွက်ဖော်ပြထားသည်။
“မြန်မာပြည် စီးပွားရေးကျမယ်ဆိုတာ လက်ခံတယ်။ ဒါပေမဲ့ IMF က ထုတ်ပြန်တဲ့ အချက်အလက်တွေ တစ်ခုတည်းတော့ မဟုတ်ဘူး။ သီအိုရီအရ ပြောမယ်ဆိုရင် အခုက အသုံးစရိတ်တွေက များတယ်။ လစာတွေ တိုးလာတယ်။ အဲဒါကြောင့်မိုလို့ ငွေကြေးဖောင်းပွလာတယ်။ တကယ်လို့ ငွေကြေးဖောင်းပွရင် စီးပွားရေးက တိုးရမယ်။ သူပြောတဲ့အချက်တွေ ကြောင့်လို့တော့ ကျွန်တော်မယူဆဘူး။ အခုက ဘာလဲဆိုရင် ဒီတိုင်းပြည်အခြေအနေအရ ငွေကလည်း ဖောင်းပွတယ်။ အလုပ်လက်မဲ့နှုန်းကလည်း မြင့်တယ်။ ထုတ်လုပ်မှုက တက်မလာဘူး။ ဆိုရင် တိုင်းပြည်က လိုငွေပြဘတ်ဂျက်ကို သုံးပေါ့။ စီးပွားရေးတက်ရမယ့်နေရာမှာ တက်မလာတာ ဘာကြောင့်လဲဆိုရင် ပို့ ကုန်ကို တိုးမြှင့်ပြီးတော့ မပို့နိုင်တာလည်း ပါတယ်”ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ အသုံးချဘောဂဗေဒဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးက ဆိုသည်။
မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုကို  လာမည့်မတ်တွင် ကုန်ဆုံးမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် ၇ ဒသမ ၈ ရာ ခိုင်နှုန်းသို့ လျှော့ချခန့်မှန်းထားကြောင်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွက် ခန့်မှန်းထားခဲ့သည့် ၈ ဒသမ ၃ ရာခိုင်နှုန်းထက် လျော့ကျသွားခြင်းမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ တိုးတက်မှုနှုန်း နှေးကွေးသွားခြင်း ကြောင့်လည်းဖြစ်ကြောင်း၊ လက်ရှိကျပ်ငွေ တန်ဖိုးကျဆင်းနေခြင်းသည် အခြေခံအား ဖြင့် နိုင်ငံတကာတွင် အမေရိကန်ဒေါ်လာတန်ဖိုး ခိုင်မာလာခြင်းနှင့် ပြည်ပ သာမန်ငွေပေးငွေယူ စာရင်းတွင် လိုငွေကြီးမားစွာ ပြနေခြင်းတို့ကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။                   
 

Most Read

Most Recent