သဘာဝဓာတ်ငွေ့အပါအဝင် စက်မှုကုန်ချောပစ္စည်းများ ပြည်ပတင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံကျော်ရရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာသန်း ၉၇၀ ကျော် ပိုမိုရရှိ

သဘာဝဓာတ်ငွေ့အပါအဝင် စက်မှုကုန်ချောပစ္စည်းများ ပြည်ပတင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံကျော်ရရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာသန်း ၉၇၀ ကျော် ပိုမိုရရှိ
Published 13 February 2015

သဘာဝဓာတ်ငွေ့တင်ပို့မှု အပါအဝင် စက်မှုကုန်ချောပစ္စည်းများ ပြည်ပတင်ပို့မှု ဒေါ်လာ ၄ ဒသမ ၈ ဘီလျံကျော်ရှိနေပြီး ယခင်ဘဏ္ဍာနှစ် တင်ပို့မှုရရှိငွေထက် ဒေါ်လာသန်း ၉၇ဝ ကျော် ပိုမိုရရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
လက်ရှိဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ သဘာဝဓာတ်ငွေ့ အပါအဝင် စက်မှုကုန်ချောပစ္စည်းအုပ်စု ပြည်ပတင်ပို့မှုမှ ဒေါ်လာ ၄၈၇ဝ ဒသမ ၅ဝ၅ သန်း (လေးဘီလျံကျော်) ရရှိခဲ့ဲခြင်းဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလတွင်မူ စက်မှုကုန်ချော ပစ္စည်းအုပ်စုပြည်ပတင်ပို့မှုမှ ဒေါ်လာ ၃၈၉၄ ဒသမ ၃၆၇ သန်းသာရရှိခဲ့သဖြင့် လက်ရှိ ဘဏ္ဍာနှစ် စက်မှုကုန်ချော ပြည်ပတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာသန်း ၉၇ဝ ကျော် ပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖွဲ့စည်းပုံ မှာ ပင်မထုတ်ကုန် အနည်းငယ်အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များ ဖြစ်ကြောင်း သိရသည်။
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် သဘာဝ ဓာတ်ငွေ့တစ်မျိုးတည်း တင်ပို့မှုမှ ဒေါ်လာ သုံးဘီလျံကျော်ရရှိခဲ့ပြီး မြန်မာနိုင်ငံမှ တင်ပို့ သည့် ပို့ကုန်ပစ္စည်းများတွင် သဘာဝဓာတ်ငွေ့မှ ဝင်ငွေအများဆုံး ရရှိခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရ သည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြည်တွင်းသုံးစွဲမှု ဖူလုံစေရန်နှင့် ပြည်ပတင်ပို့မှု တိုးတက်စေရန်အတွက် ကုန်းပိုင်းလုပ်ကွက်များတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို  ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးခဲ့ပြီး ကမ်းလွန်လုပ်ကွက် များတွင်လည်း ပြည်ပကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှုပြုနိုင်ရန် ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပို့ကုန်များတင်ပို့ရာတွင် ဆန်အပါအဝင် လယ်ယာထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ ကျောက်စိမ်းအပါအဝင် သတ္တုတွင်းထွက်များ၊ သစ်တောထွက်ပစ္စည်းများ၊ သဘာဝဓာတ်ငွေ့ အပါအဝင် စက်မှုကုန်ချော ပစ္စည်းများနှင့် အခြားပို့ကုန်များကို တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စက်မှုကုန်ချောအုပ်စုတွင် သဘာဝဓာတ်ငွေ့အပါအဝင် ချုပ်ပြီးအထည်များ တင်ပို့ခြင်းများ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို ရေးဆွဲနေပြီး ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များ၊ ယင်းဦးစားပေး အကောင်အထည်ဖော်မည့် ကဏ္ဍများနှင့် အထောက်အကူပြုမည့် ကဏ္ဍများကို သတ်မှတ်ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှထွက်သည့် ပို့ကုန်များကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှတင်ပို့နေသည့်အပြင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊  မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေ၊ မောင်တော၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး၊ ရိဒ်၊ ထန်တလန် အစရှိသည့် နယ်စပ်စခန်းများမှလည်း ဆောင်ရွက်နေကြောင်း သိရသည်။ နယ်စပ်ဒေသများတွင် တစ်နိုင်တစ်ပိုင် ကုန်သွယ်လိုသူများ ကုန်သွယ်မှုဆောင်ရွက်နိုင်ရန် အတွက်လည်း နယ်စပ်စခန်းများတွင် တစ်ဦးတည်းပိုင် ကုန်သွယ်မှုကတ်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
 

Most Read

Most Recent